ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစိုးရထိပ်တန်း ကိုယ်စားလှယ်အဖွဲ့ ပန်ဆန်းကို ရောက်နေပြီ
ဝပြည် သွေးစည်းညီညွတ်ရေးတပ် UWSA နဲ့၊ မိုင်းလား NDAA တို့နဲ့ သီးခြားစီ တွေ့ဆုံဖို့ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့ နိုဝင်ဘာလ ၁၁ ရက် ၊ စနေ့နေ့မှာ လားရှိုးကနေ တဆင့် ဝတပ်ဖွဲ့ ဌာနချုပ် ရှိရာ ပန်ဆန်းကို ရောက်လာတယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ် တွေ အရ သိရပါတယ်။
ပန်ဆန်းမှာ ညအိပ်ပြီးတဲ့ အခါ မိုင်းလားကို ခရီးဆက် လာမှာ ဖြစ်တဲ့ အတွက် ကြိုဆိုဖို့ ပြင်ဆင် နေကြတယ်လို့ မိုင်းလားအဖွဲ့က ပြောခွင့်ရ တစ်ယောက် ဖြစ်တဲ့ ဦးကြည်မြင့်က ဘီဘီစီကို ပြောပါတယ်။
ဒါဟာ အရပ်သား ဦးဆောင်တဲ့ အစိုးရသစ် လက်ထက် အစိုးရ အဆင့်မြင့် အရာရှိတွေ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ အဲဒီ ဒေသတွေဆီ ပထမဆုံး အကြိမ် သွားရောက်တာ ဖြစ်ပါတယ်။
လက်နက်ကိုင် ၇ ဖွဲ့ စုစည်းထားတဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ ရဲ့ ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးမှု ကော်မတီ FPNCC အနေနဲ့ပဲ အစိုးရနဲ့ကြား နိုင်ငံရေး ဆွေးနွေးမယ် ဆိုတဲ့ မူဝါဒ ချမှတ် ထားပေမယ့်၊ အခုလို တစ်ဖွဲ့ချင်း အလိုက် လက်ခံ တွေ့ဆုံ လာတာ ဖြစ်ပါတယ်။
ပညာရေးနဲ့ ကျန်းမာရေး အပါအဝင် ဒေသဖွံ့ဖြိုးရေး ကိစ္စတွေ အပြင် ငြိမ်းချမ်းရေး ကိစ္စချင်းရာတွေလည်း ဆွေးနွေးကြမယ့် အထဲ ပါဝင်လာမှာလား ဆိုတဲ့ ဘီဘီစီရဲ့ အမေးကို ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စက အတူ ယှဉ်တွဲ နေတယ်လို့ ဦးကြည်မြင့်က တုံ့ပြန်ပါတယ်။
အခုလို တစ်ဖွဲ့ချင်းစီ လက်ခံ တွေ့ဆုံမယ့် အကြောင်း မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် တခြား အဖွဲ့ တွေလည်း သိရှိ ထားပါတယ်လို့လည်း ဦးကြည်မြင့်က ဆိုပါတယ်။
အခုလို အစိုးရ ကိုယ်စားလှယ် အဖွဲ့ ဝနဲ့ မိုင်းလား ဒေသ ခရီးစဉ် မစတင် ခင်လေးမှာတင် ၊ တရုတ် နိုင်ငံ ယူနန် ပြည်နယ် ထဲမှာ FPNCC အဖွဲ့ကို တရုတ် အထူး အရာရှိက တွေ့ဆုံပြီး NCA ထဲ ပါဝင် လက်မှတ် ရေးထိုးဖို့ တိုက်တွန်း ခဲ့ပါတယ်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူး သံအမတ် မစ္စတာ ဆွန်းကော်ရှန်ဟာ FPNCC အဖွဲ့နဲ့ မတွေ့ခင် အစိုးရ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။
အဲဒီ တွေ့ဆုံပွဲမှာတော့ FPNCC ကို တပ်မတော်က အသိအမှတ် မပြုတဲ့ အကြောင်း၊ တစ်ဖွဲ့ချင်းစီ အနေနဲ့သာ တွေ့ဆုံ မယ်ဆိုတဲ့ သဘောထားကို တရုတ် အရာရှိကို ပြောခဲ့ပါတယ်။
UWSA က ကမကထလုပ်ပြီး မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေဟာ အစိုးရရဲ့ NCA နဲ့ အပြိုင် ကိုယ်ပိုင် NCA မူတစ်ခု ဆွဲကိုင် ထားပေမယ့်၊ NCA ၂ ခု ကို ကြည့်ရင် မူဝါဒ သဘောတရား အများစု တူညီကြတယ် ဆိုပြီး ဦးကြည်မြင့်က ဆိုပါတယ်။