ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တဖွဲ့စီခွဲဖိတ်ရင် အပစ်ရပ်စာချုပ် ၂ နှစ်ပြည့်ပွဲ မတက်
အောက်တိုဘာလ ၁၅ ရက်နေ့မှာ အစိုးရက ဦးဆောင်ကျင်းပမယ့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ထိုးမှု ၂ နှစ် ပြည့် အခမ်းအနားမှာ တဖွဲ့စီခွဲပြီး ဖိတ်ကြားရင် တက်ရောက်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားကြောင်း NCA လက်မှတ်ထိုးမထားတဲ့ အဖွဲ့တွေနဲ့ ဖွဲ့ထားတဲ့ ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှု ကော်မတီ FPNCC ရဲ့ အတွင်းရေးမှူး ဖြစ်ပြီး ပလောင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် ဗိုလ်မှူးချုပ်လည်း ဖြစ်သူ ဦးတာဘုန်းကျော်က ဘီဘီစီကို ပြောပါတယ်။
FPNCC ထဲမှာပါတဲ့ အဖွဲ့တွေနဲ့ အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်တာတွေ ဆက်ရှိနေပြီး ဒီကော်မတီ အနေနဲ့ ဖိတ်မယ်ဆိုရင်တော့ တက်ရောက်နိုင်ချေ ရှိပေမယ့် ကော်မတီအနေနဲ့ ဖိတ်ကြားခြင်း မရှိသေးဘူးလို့လည်း သူကပြောပါတယ်။
FPNCC အဖွဲ့ထဲမှာ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရက်တစ်တပ်မတော် မိုင်းလားအဖွဲ့(NDAA)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ တအာင်း ပလောင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် ကိုးကန့်အဖွဲ့(MNDAA) နဲ့ ရက္ခိုင့်တပ်မတော်(AA) တို့ ပါဝင်ပါတယ်။
NCA စာချုပ်ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသားရေး လွတ်မြောက်ရေးအဖွဲ့ PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ တခြား လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကိုလည်း တဖွဲ့ချင်း ဖိတ်တာသာ ဖြစ်ပြီး NCA ၂ နှစ်ပြည့် အခမ်းအနားဟာ ငြိမ်းချမ်းရေးအတွက် အရေးပါတယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။
၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ NCA စာချုပ်ကို လက်မှတ်ထိုးထားခဲ့တဲ့ အဖွဲ့တွေကတော့ PNLO အပြင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီအဖွဲ့(KNLA-PC)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီနဲ့ ရှမ်းပြည်တပ်မတော်(RCSS/SSA)၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP) နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) စုစုပေါင်း ၈ ဖွဲ့ဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ရခိုင်အမျိုးသားကောင်စီ(ANC) တို့ပါဝင်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကလည်း ဖိတ်ကြားတဲ့ အချိန်နီးကပ်လွန်းတဲ့အတွက် NCA ၂ နှစ်ပြည့် အခမ်းအနားကို တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး အလားအလာအတွက် NCA စာချုပ်အပြင် တခြားနည်းလမ်းနဲ့ သွားမယ်လို့ ပြောတဲ့ အဖွဲ့တွေ ရှိနေပေမယ့် လာမယ့် NCA ၂ နှစ်ပြည့် အခမ်းအနားမှာ တက်ရောက်လာမယ့် တပ်မတော် ခေါင်းဆောင်တွေ၊ အစိုးရအကြီးအကဲတွေ၊ အပစ်ရပ်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ NCA လက်မှတ်ထိုးရာမှာ သက်သေအဖြစ် ပါဝင်ခဲ့ကြတဲ့ နိုင်ငံတကာ သက်သေတွေနဲ့ သံတမန်တွေ ပြန်လည် တွေ့ဆုံပြီး NCA ခရီးကို သုံးသပ်မှုကနေ ငြိမ်းချမ်းရေးအောင်မြင်မှုရဖို့ မျှော်လင့်ကြောင်း ပြောဆိုထားပါတယ်။