ရခိုင်အရေး ကုလ လုံခြုံရေး ကောင်စီမှာ တံခါးပိတ်ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, Reuters
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ဦးဆောင်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန်ဟာ ရခိုင်ဒေသအရေးနဲ့ ပတ်သက်လို့ သောကြာနေ့တုန်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီနဲ့အတူ အရေးပါတဲ့ တခြား နိုင်ငံတွေနဲ့ အလွတ်သဘော တံခါးပိတ် ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ပါတယ်။
ရခိုင်ဒေသမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ ကယ်ဆယ်ရေး အကူအညီတွေ အပြည့်အဝ ထောက်ပံ့နိုင်ရေး၊ ဒုက္ခသည်တွေ လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေး၊ မစ္စတာကိုဖီ အာနန် ကော်မရှင်အဖွဲ့ရဲ့ အကြံပေးချက်တွေကို အကောင်အထည်ဖေါ်နိုင်ဖို့ အတွက် အဲဒီကို ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင် အဖွဲ့တဖွဲ့ သွားရောက်ခွင့် ရရေးတွေ တောင်းဆိုဖို့ အဖွဲ့ဝင် ၁၅နိုင်ငံပါ လုံခြုံရေး ကောင်စီအနေနဲ့ တရားဝင် ကြေညာချက် ဒါမှမဟုတ် ဆုံးဖြတ် ပြဌာန်းချက်တခု ထုတ်ပြန်ဖို့ သဘောတူမလား ဆိုတာကို အဖွဲ့ဝင် နိုင်ငံတချို့က တင်ပြထားပါတယ်။
မစ္စတာ ကိုဖီ အာနန်က ဒုက္ခသည်တွေ ဂုဏ်သိက္ခာ ရှိရှိနဲ့ လုံခြုံစိတ်ချစွာ ကိုယ့်နေရပ် ပြန်လာခွင့် ရမယ့် အခြေအနေမျိုး ဖန်တီးပေးဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ် ပြဌာန်းချက်ထဲမှာ ဖိအားပေး တိုက်တွန်းမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ဒုက္ခသည်တွေကို ဒုက္ခသည် စခန်းတွေမှာ မထားပဲ ပြန်လည် နေရာချထားဖို့ လိုတယ်လို့ သူက ပြောပါတယ်။




