ဝေလမင်းသား အာရှခရီး မြန်မာမပါတော့

ဗြိတိသျှ အိမ်ရှေ့စံ ချားလ်စ် မင်းသားက လာမယ့် နိုဝင်ဘာလမှာ မြန်မာနိုင်ငံကို သွားဖို့ အစီအစဉ် ရှိတယ်လို့ သတင်းမီဒီယာ တွေမှာ ဖော်ပြခဲ့ကြပေမယ့် အောက်တိုဘာ ၃ ရက်က သူ့အိမ်တော်က တရားဝင် ထုတ်ပြန်တဲ့ အရှေ့တောင် အာရှ ခရီးစဉ်မှာ မြန်မာ နိုင်ငံ ပါဝင်ခြင်း မရှိပါဘူး။

အောက်တိုဘာ ၃၁ ရက်မှာ ခရီးစဉ် အစ အဖြစ် စင်္ကာပူ နိုင်ငံကို ရောက်ရှိမှာ ဖြစ်ပြီး မလေးရှားနဲ့ အိန္ဒိယ နိုင်ငံ တို့ကိုလည်း ချားလ်စ်မင်းသားနဲ့ သူ့ကြင်ယာတော် ကမီလာတို့ ဆက်လက် သွားရောက်မယ်လို့ ထုတ်ပြန် ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ရဲကင်း စခန်းတွေ တိုက်ခိုက်ခံရမှု နောက်ပိုင်း ARSA တိုက်ခိုက်ရေး သမားတွေကို မြန်မာ့ တပ်မတော်က လိုက်လံ ရှင်းလင်းမှုတွေ အတွင်း ရိုဟင်ဂျာ မွတ်ဆလင် ၅ သိန်း လောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေး ခဲ့ကြတဲ့ ဖြစ်ရပ်တွေကြောင့် မူလ ရည်ရွယ် ထားတဲ့ ခရီးစဉ်ကို ဖျက်လိုက်တာ ဖြစ်နိုင်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်း ပြောဆိုမှုတွေ ရှိနေပါတယ်။

ဓန သဟာယ နိုင်ငံများ ထိပ်သီး ညီလာခံ မတိုင်ခင် ဗြိတိန်နဲ့ ဓန သဟာယ နိုင်ငံများ ဆက်ဆံရေး အထိမ်းအမှတ်အနေနဲ့ အာရှ ခရီးစဉ် သွားရောက် မှာလို့ ဆိုပါတယ်။