ဒေါ်အောင်ဆန်းစုကြည်ကို ပေးထားတဲ့ ဂုဏ်ထူးဆောင်ဆု ရုပ်သိမ်း

အောက်စဖို့ဒ်မြို့က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု ချီးမြှင့်ခဲ့တဲ့ 'Freedom of Oxford' ဆုကို မြို့အုပ်ချုပ်ရေး ကောင်စီက ပြန်လည် ရုပ်သိမ်း လိုက်ပါတယ်။
ရိုဟင်ဂျာ အရေး နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန် ကိုင်တွယ်ပုံ အပေါ် မူတည်ပြီး အခုလို ဂုဏ်ထူးဆောင် ဆုကို ပြန်ရုပ်သိမ်း လိုက်တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီမိုကရေစီ အရေး နှစ်ကာလ တာရှည် လှုပ်ရှား ရုန်းကန် ခဲ့တဲ့ အတွက်လို့ ဆိုပြီး ၁၉၉၇ ခုနှစ်က 'Freedom of Oxford' ဆုကို ပေးခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီဆုကို ဆက်ပြီး ထိန်းသိမ်းထားနိုင်ဖို့ မထိုက်တန်တော့ဘူး ဆိုပြီး အောက်စဖို့ဒ်မြို့ အုပ်ချုပ်ရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ထဲ ဖော်ပြ ထားပါတယ်။
ရခိုင်မြောက်ပိုင်း နောက်ဆုံး ဖြစ်ပေါ် လာပြန်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာ မွတ်ဆလင် ၅ သိန်း ဝန်းကျင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး ခဲ့ရသလို၊ ရခိုင် တိုင်းရင်းသားတွေလည်း နေရပ် စွန့်ခွာ ထွက်ပြေး ခဲ့ကြရပါတယ်။
ဩဂုတ်လ ၂၅ ရက် နေ့မှာ မြန်မာ အစိုးရရဲ့ နယ်ခြားစောင့် ရဲကင်း စခန်းတွေကို ရိုဟင်ဂျာ လက်နက်ကိုင်တွေ တိုက်ခိုက် လာခဲ့ပြီးတဲ့နောက် အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက စစ်ရေး ဆောင်ရွက်ချက်တွေ ပြုလုပ် ခဲ့ပါတယ်။
အဲဒီ စစ်ရေး ဆောင်ရွက်ချက်တွေမှာ ရိုဟင်ဂျာ အရပ်သားတွေပါ ပစ်မှတ် ထားခံရတယ် ဆိုတဲ့ ဝေဖန်သံတွေ နဲ့အတူ၊ ရိုဟင်ဂျာ မွတ်ဆလင် တွေအပေါ် ကျူးလွန်မှုတွေဟာ လူမျိုးရေးအရ ရှင်းလင်းမှု အထိ ဖြစ်နိုင်တယ် ဆိုတဲ့ ကုလသမဂ္ဂက ပြောဆို ခဲ့ပါတယ်။
ဒီ အကြပ်အတည်း ပြဿနာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စစ်တပ်ရဲ့ ကိုင်တွယ်ပုံကို ရှုတ်ချ ဟန့်တားဖို့ ပျက်ကွက် နေတယ် ဆိုတဲ့ စွပ်စွဲ ဝေဖန်မှုတွေ ကြောင့် အောက်စဖို့ဒ်မြို့ အုပ်ချုပ်ရေး ကောင်စီက ပါ သူတို့ ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင် ဆုကို ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
အခုလို Freedom of Oxford ဆုကို ဒေါ်အောင်ဆန်းစုကြည် ဆီက ရုပ်သိမ်းလိုက်တယ် ဆိုတာကို မြို့ အုပ်ချုပ်ရေး ကောင်စီရဲ့ အကြီးအကဲ ဘော့ပရိုက်စ်က အတည်ပြု ရင်းမှာပဲ ဒီလို ရုပ်သိမ်းတာမျိုး အရင်က မရှိခဲ့ဖူးဘူး လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း အော့စဖို့ဒ် တက္ကသိုလ် စိန့်ဟျူး ကောလိပ်က သူတို့ ကျောင်းမှာ ချိတ်ဆွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူ ပန်းချီကားကို ဖယ်ရှား ခဲ့ပါတယ်။









