ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ARSA အပစ်ရပ်ကမ်းလှမ်းချက် မြန်မာအစိုးရ ပယ်ချ
ARSA အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်ရဲ့ အပစ်ရပ်စဲရေး ကမ်းလှမ်းချက်ကို မြန်မာ အစိုးရ ဘက်က လက်မခံဘဲ ပယ်ချလိုက်ပါတယ်။
အစိုးရ ပြောခွင့်ရ ဦးဇော်ဌေးရဲ့ တွစ်တာ ဝက်ဆိုက်ကနေပြီး အစိုးရ အနေနဲ့ အကြမ်းဖက်သမားတွေနဲ့ စေ့စပ်ဖို့ မူဝါဒ မရှိဘူးလို့ ရေးသား ခဲ့ပါတယ်။
လူသားချင်း စာနာတဲ့ အကူအညီတွေ ဝင်ဖို့ အတွက် တလ စစ်ဆင်ရေးတွေ ရပ်ဆိုင်းမယ်လို့ ARSA ဘက်က မနေ့က ကြေညာခဲ့ပါတယ်။
ရခိုင်မြောက်ပိုင်းမှာ ပဋိပက္ခတွေ ပြန်ဖြစ်လာပြီး ၂ ပတ်ကျော်အတွင်း ပျက်စီး ထိခိုက် သေဆုံးတာတွေ ရှိခဲ့ရာမှာ မောင်တောမြို့နယ်က ကြိမ်ချောင်းရွာမှာ မနေ့ကအထိ မီးရှို့ ရန်မူတာတွေ ရှိတယ်လို့ အဲဒီကို လူမှုကူညီရေးတွေ လုပ်ဖို့ သွားနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ပြောပါတယ်။
အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) အစည်းအဝေးမှာတော့ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် စနစ်တကျ ရက်စက်နှိပ်ကွပ်မှု တွေ အတွက် မြန်မာ အစိုးရကို ရှုတ်ချကြောင်းနဲ့ နိုင်ငံတကာ စောင့်ကြည့် လေ့လာသူတွေ ဝင်ခွင့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။