တောင်ပြို က လူ တစ်ထောင်ကျော် ကို ကယ်ထုတ်

ရခိုင်ပြည်နယ် မောင်တော မြို့နယ် မြောက်ဘက် အစွန်း၊ ဘင်္ဂလားဒေ့ရှ် နဲ့ နီးတဲ့ တောင်ပြို ဒေသက လူပေါင်း တစ်ထောင် ကျော် ကို လုံခြုံရေး အခြေအနေ စိုးရိမ်ရတဲ့ အတွက် စစ်တပ် က ပြောင်းရွှေ့ ပေးခဲ့ ရပါတယ်။

အခု ပြောင်းရွှေ့လာတဲ့သူတွေထဲမှာ လူပေါင်းတစ်ထောင့် နှစ်ရာကျော် ပါဝင်ပြီး စစ်တပ် က ကားတွေနဲ့ သယ်ယူလာရာမှာ စက်တင်ဘာ ၁၀ ရက်နေ့ ညနေ ၆ နာရီခန့်မှာ မောင်တောမြို့ကို ရောက်ရှိလာပါတယ်။

တောင်ပြို ဒေသမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်လာ နိုင်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာတာကြောင့် ပြောင်းရွှေ့ လာရတာ ဖြစ်ကြောင်း နံသာတောင်ဆရာတော် ဦးစရဏ က ဘီဘီစီ ကို မိန့်ကြားပါတယ်။

ပြောင်းရွှေ့လာသူတွေအထဲက တောင်ပြိုမြို့မှာ ရက်ပေါင်း တစ်ဆယ်ကျော် နေထိုင်ခဲ့ရတဲ့ နံသာတောင်ပရဟိတ ကျောင်းက ကျောင်းသား ကျောင်းသူ ၃၀၀ ကျော် အပါအဝင် အရပ်သား ၅၀၀ ကျော်ကိုတော့ မောင်တော မြို့မကျောင်းမှာ နေရာချထားပေးပြီး ကျန်တဲ့လူတွေကိုတော့ တခြား ဘုန်းတော်ကြီးကျောင်းတွေမှာ ခွဲပြီးနေရာချပေးထားပါတယ်။

တောင်ပြိုမြို့မှာ ကျန်ရစ် ခဲ့သူတွေ ရှိပြီး အောင်သပြေနဲ့ ဗန္ဒုလ ကျေးရွာတွေမှာလည်း ရခိုင်တိုင်းရင်းသားတွေ ပိတ်မိနေသူတွေ ထောင်နဲ့ချီပြီး ရှိနေပါတယ်။

သူတို့ကိုလည်း နယ်စပ်မှာ အခြေအနေ စိုးရိမ်ရတဲ့ အတွက် လုံခြုံတဲ့ မောင်တောမြို့ပေါ်ကို ဆက်လက် ပြောင်းရွှေ့မယ်လို့ သိရပါတယ်။