ရခိုင်ဒေသက မွတ်ဆလင်တွေကို တရားဝင် နေထိုင်ခွင့် စီစဉ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ပြော

guterres, rakhine

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပြဿနာ အရင်းဇစ်မြစ်ကို ဖြေရှင်းဖို့ အစီအစဉ်ကို အချိန်ဆွဲနေလို့ မဖြစ်တော့ဘူးလို့ မစ္စတာ ဂူတာရက်စ်က ပြော

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ အခြေမဲ့ မွတ်ဆလင်တွေကို နိုင်ငံတွင်း တရားဝင် နေထိုင်နိုင်ခွင့် တမျိုးမျိုး ပေးဖို့ အစီအစဉ် တခု လုပ်သင့်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က ပြောပါတယ်။

ရခိုင်ပြည်နယ်က မွတ်ဆလင်တွေကို နိုင်ငံသား ဖြစ်ခွင့် ဒါမှမဟုတ် လောလောဆယ် သူတို့ကို တခြားလူတွေလို လွတ်လွတ်လပ်လပ် ပုံမှန် သွားလာခွင့်၊ အလုပ်သမား စျေးကွက်ထဲ ဝင်နိုင်ခွင့်၊ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်ခွင့်တွေ ပေးရေး အပါအဝင် ဒီပြဿနာရဲ့ အရင်းဇစ်မြစ်ကို ဖြေရှင်းဖို့ ထိရောက်တဲ့ စီမံကိန်းတခု မရေးဆွဲဘဲ အချိန်ဆွဲနေဖို့ မဖြစ်နိုင်တော့ဘူးလို့ မစ္စတာ ဂူတာရက်စ်က ပြောပါတယ်။

အစောပိုင်းတုန်းက ဘင်္ဂလားဒက်ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာက အခုရက်ပိုင်းအတွင်း ဘင်္ဂလားဒက်ရှ်နိုင်ငံကို ရောက်လာကြတဲ့ ထောင်သောင်းချီတဲ့ မွတ်ဆလင် ဒုက္ခသည် တွေကို မြန်မာနိုင်ငံဘက်က ပြန်ခေါ်အောင် ဖိအားပေး ပြောဆိုဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။

ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေး အထောက်အပံ့တွေကို တူရကီနိုင်ငံက ဒီကနေ့ စတင် ပို့ပေးမယ်လို့ သိရပါတယ်။

စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ ဆေးဝါး တန်ချိန် တထောင်လောက်ကို စစ်ရဟတ်ယာဉ်တွေနဲ့ ဖြန့်ဖြူးပေးမယ်လို့ တူရကီ သမ္မတ တေယစ်ပ် အယ်ဒိုဝန်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြောင်း ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။

အင်္ဂါနေ့တုန်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ အယ်ဒိုဝန်တို့ ဖုန်းဆက်စကားပြောခဲ့အပြီးမှာ အခုလို ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ဆောင်ဖို့ ခွင့်ပြုချက်ရခဲ့တာလို့ ပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ညှိနှိုင်းပြီး တူရကီ အစိုးရရဲ့ ကယ်ဆယ်ရေး အေဂျင်စီ ဖြစ်တဲ့ TIKA အဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ ရခိုင်ပြည်နယ်ထဲမှာ ကယ်ဆယ်ရေး အကူအညီတွေ လာရောက်ပေးဖို့ မြန်မာအစိုးရက ခွင့်ပြုလိုက်တယ်လို့ သမ္မတ အယ်ဒိုဝန်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ကို ကိုးကားပြီး Reuters သတင်းမှာ ဖေါ်ပြထားပါတယ်။