ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထရမ့်ရဲ့ ပထမဆုံး နိုင်ငံခြား ခရီးစဉ် ဆော်ဒီကို သွား
အမေရိကန် သမ္မတ အနေနဲ့ ဒေါ်နယ်ထရမ့် သွားတဲ့ ပထမဆုံး နိုင်ငံခြား ခရီးစဉ်မှာ ဆော်ဒီအာရေဗျ နိုင်ငံနဲ့ကြား ဒေါ်လာ ဘီလီယံပေါင်း ၃၅ဝ ကျော် တန်တဲ့ သဘောတူမှုတွေ လက်မှတ် ရေးထိုး လိုက်ပါတယ်။
အဲဒီအထဲ ဆော်ဒီ စစ်တပ်အတွက် အမေရိကန်က ဒေါ်လာ ဘီလီယံ ၁၁ဝ ဖိုး လက်နက်ရောင်းမယ် ဆိုတဲ့ သဘောတူမှု အပါအဝင် ဖြစ်ပါတယ်။
ဆော်ဒီကို လက်နက်ရောင်းတာဟာ ဒေသတွင်း အီရန်ရဲ့ လွှမ်းမိုးမှု ကနေ တွန်းလှန် နိုင်အောင် ရည်ရွယ်တယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တီလာဆင်က ပြောပါတယ်။
ဒေါ်နယ်ထရမ့် ရဲ့ အခု ခရီးစဉ်ဟာ အမေရိကန်နဲ့ အာရပ် ကမ္ဘာအကြား ဆက်ဆံရေး အလှည့်အပြောင်း ဖြစ်ဖို့ အစပျိုး လာတာပဲ ဆိုပြီး ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီး အဒဲလ် အယ်လ်- ဂျူဘီယာက ပြောပါတယ်။
ဒီကနေ့ တနင်္ဂနွေ (မေလ ၂၁ ရက် ) နေ့မှာတော့ ဆော်ဒီနိုင်ငံ ရီယာ့ဒ် မြို့တော်မှာ သမ္မတ ထရမ့်က မွတ်ဆလင် နိုင်ငံပေါင်း ၄ဝ က ခေါင်းဆောင်တွေနဲ့ တစုတဝေးတည်း တွေ့ဆုံဖို့ ရှိနေပါတယ်။