ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
NCA လက်မှတ်ထိုးဖို့ မြစ်ကြီးနား ခရီးစဉ်မှာ ဒေါ်စုတိုက်တွန်း
ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် ကချင် ပြည်နယ် မြစ်ကြီးနား မြို့ကို မတ်လ ၂၈ ရက်နေ့က ရောက်လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဒေသခံ ကချင် ပြည်သူတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ ကချင် ငြိမ်းချမ်ရေး အကျိုးဆောင် တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒါဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အနိုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ကချင်ပြည်နယ် ခရီးစဉ်လည်း ဖြစ်ပါတယ်။
ကချင်လူထုက အရင်ရွေးကောက်ပွဲ မဲဆွယ်လာတုန်းက အတိုင်း ကြိုဆိုကြတာ တွေ့ရတယ်လို့ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ ရဲ့ အမျိုးသား လွှတ်တော်အမတ် ဦးခင်မောင်မြင့်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနက ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းနဲ့ အဖွဲ့လည်း ပါဝင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး အကျိုးဆောင် တွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ လုပ်ဆောင်ခဲ့တာ တွေနဲ့ သွားမယ့် လမ်းကြောင်းတွေကို ရှင်းပြခဲ့တယ် လို့လည်းသိရပါတယ်။
NCA အပစ်ရပ်စာချုပ်ကို လက်မှတ် ရေးထိုးပြီး နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်ဖို့ ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းတယ်လို့ သူနဲ့ တွေ့ဆုံခွင့်ရတဲ့ လူ ၃၀ ကျော် ထဲမှာ ပါတဲ့ ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ဝင် ဦးအင်ရှန် ဆန်းအောင်က ပြောပါတယ်။
တစ်ရက်တာ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်း စုကြည်က KIO ကချင် လွတ်လပ်ရေး အဖွဲ့ ခေါင်းဆောင်တွေနဲ့တော့ တွေ့ဆုံခြင်း မရှိခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်က ဝိုင်းမော်မြို့နယ် အတွင်းက စစ်ဘေးရှောင် စခန်းတွေကို လည်း သွားရောက်ခဲ့ ပါတယ်။
အဲဒီစခန်းတွေက စစ်ရှောင် ပြည်သူတွေက ဒေါ်အောင်ဆန်း စုကြည်ကို သူတို့ အခက်ခဲတွေ တင်ပြကြပြီး ဒေါ်အောင်ဆန်း စုကြည်ကလည်း ထောက်ပံ့ပစ္စည်းတွေ ပေးအပ် ခဲ့ပြီး အားပေး စကားတွေ ပြောခဲ့ ပါတယ်။