ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမ်းမှာ ဥပဒေနဲ့ မညီတဲ့ မဲဆွယ်မှုတွေ ရှိနေကြောင်း ANP စွပ်စွဲ
ကြားဖြတ် ရွေးကောက်ပွဲ နီးလာချိန်မှာ ရခိုင်ပြည်နယ် အမ်းမြို့နယ် လစ်လပ်နေတဲ့ ပြည်သူ့ လွှတ်တော် နေရာ အတွက် မဲဆွယ်စည်းရုံးရေး က ပြင်းထန်လာနေပြီး၊ ပြည်နယ် အစိုးရ အဖွဲ့ အကြီးအကဲ ဝန်ကြီးချုပ် ကိုယ်တိုင် ပိုက်ဆံတွေ ပေးပြီး မဲဆွယ်မှု တွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲမှုတွေ ဖြစ်ပေါ် နေပါတယ်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အတွင်း လစ်လပ်နေတဲ့ ပြည်သူ့ လွှတ်တော်နေရာကို မဲဆွယ် စည်းရုံးတဲ့ နေရာမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကနေ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် NLD ကိုယ်စားလှယ်အတွက် ရွာတွေမှာ ငွေတွေပေးပြီ စည်းရုံး နေတဲ့ အနေထားတွေရှိနေတယ် ဆိုတဲ့ စွပ်စွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျေးရွာတွေမှာ အာဏာရ ပါတီ ဘက် က ကျေးရွာ အချို့မှာ သိန်း ၂၀ မျိုး၊ သိန်း ၃၀ မျိုး လာရောက် ပေးနေတဲ့ အတွက် ရွေးကောက်ပွဲ နီးမှ တိုက်တိုက် ဆိုင်ဆိုင် ဖြစ်နေပြီး မပြေးသော် ကန်ရာရှိ ဆိုသလို ဖြစ်နေကြောင်း ရခိုင် အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြော ပါတယ်။
မတ်လ ၂၇ ရက်နေ့ က ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဟာ အမ်းမြို့နယ်ကို လာရောက် ပြီး မဲဆွယ်သလို တစ်ခြား ပြည်နယ်တွေက ဝန်ကြီးချုပ်တွေပါ လာရောက် မဲဆွယ် တာတွေ ရှိနေကြောင်း ရခိုင် အမျိုးသား ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်း အောင်ကျော် က ဆက်လက် ပြောကြားပါတယ်။
ဒီလို ဥပဒေနဲ့ မညီဘဲ မဲဆွယ် စည်းရုံးမှုတွေ လုပ်နေတယ်လို့ စွပ်စွဲမှုတွေ ရှိနေပေမယ့် ရခိုင် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံမှာ လာရောက် တိုင်ကြား တာမျိုးတော့ မရှိသေးဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးသူရိန်ထွဋ်က ပြောပါတယ်။
အမ်းမြို့နယ် အတွင်း လစ်လပ် နေရာ အတွက် ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဇော်ဝင်းမြင့်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ဦးသောင်းငြိမ်းနဲ့တသီး ပုဂ္ဂလ ကိုယ်စားလှယ် ဦးဇော်လင်းခိုင်တို့ ဟာ အခုအခါ မဲဆွယ် စည်းရုံးရေးကို အကြိတ်အနယ် ပြုလုပ်နေကြတာ ဖြစ်ပါတယ်။