အိန္ဒိယက ဂျန်ဇီတွေကြား ရေပန်းစားနေတဲ့ မင်္ဂလာဆောင်အတု ဆင်နွှဲမှုတွေ

ဓာတ်ပုံ ရင်းမြစ်, Third Place
အိန္ဒိယမင်္ဂလာဆောင်ကြီးတစ်ခုလို့ စဉ်းစားလိုက်တဲ့အခါ ဘာတွေမြင်မိကြပါသလဲ။
တောက်ပတဲ့မီးလုံးတွေ၊ စွဲမက်ဖွယ်ဝတ်စားဆင်ယင်မှုတွေ၊ ဘောလီးဝုဒ် သီချင်းတွေ၊ စျေးကြီးပေါကြွယ်ဝတဲ့အစားအစာတွေ၊ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတဲ့ ပတ်ဝန်းကျင် စသဖြင့် အားလုံးဟာ ခမ်းနားထည်ဝါပြီး စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့အပြင် လက်တွေ့ထက်ပိုကြီးမားတဲ့အရာတွေလို့ ခံစားရပါတယ်။
အခု အဲဒါတွေအားလုံးကို သတို့သားနဲ့ သတို့သမီးမပါဘဲ စဉ်းစားကြည့်ပါ။
"ဖေရာ" လို့ခေါ်တဲ့ အိန္ဒိယဓလေ့ထုံးတမ်းအရ မီးပုံပွဲကို ၇ ကြိမ်ပတ်ခြင်းလည်း မရှိ၊ ဆွေမျိုးတွေမရှိ၊ မျက်ရည်စက်လက်နဲ့ ခွဲခွာရတာတွေလည်း မရှိဘဲ ပါတီပွဲ သက်သက်အဖြစ် ကျင်းပတာ ဖြစ်ပါတယ်။
မင်္ဂလာဆောင်အစစ် မဟုတ်တဲ့ လက်ထပ်ပွဲအတုဖြစ်ပါတယ်။ ဒီ "မင်္ဂလာဆောင်အတု" တွေက အိန္ဒိယ က မြို့ကြီးတွေမှာ ခေတ်စားလာနေပြီး ဧည့်သည်သစ်တွေကို ဖိတ်ခေါ် ကြိုဆိုနေပါတယ်။
ဟိုတယ်တွေ၊ ကလပ်တွေ၊ ကုမ္ပဏီတွေက စီစဉ်တဲ့ ဒီပါတီတွေဟာ လူတွေကို စိတ်ဖိစီးမှု၊ ဓလေ့ထုံးတမ်းတွေ၊ တာဝန်ယူစရာတွေမပါဘဲ မင်္ဂလာဆောင်ပါတီရဲ့ အတွေ့အကြုံ အပြည့်အဝကို ခံစားရစေဖို့အတွက် သီးသန့်ပျော်ရွှင်ဖို့ ရည်ရွယ် ကျင်းပကြတာပါ။ အရိုးရှင်းဆုံး ပြောရရင် ဒါဟာ "မင်္ဂလာဆောင် ပါတီ" တခု ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း ဒီလို မင်္ဂလာဆောင်တုတွေဟာ ဒေလီ၊ မွန်ဘိုင်း၊ ဘန်ဂါလုရု မြို့ကြီးတွေမှာ အရမ်း ရေပန်းစားလာခဲ့ပါတယ်။
ဒီပါတီတွေကို လာရောက်သူတွေဟာ အများအားဖြင့် အိန္ဒိယရိုးရာမင်္ဂလာဆောင်ရဲ့ စိတ်လှုပ်ရှားဖွယ်နဲ့ ပျော်စရာတွေကို စိတ်ဖိစီးမှု မရှိဘဲ မိတ်ဆွေတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ခံစားလိုတဲ့ လူငယ်တွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဒေလီမှာကျင်းပတဲ့ "ဂီတပွဲ" (လက်ထပ်ရက် မတိုင်ခင် သီချင်းတွေနဲ့ ကခုန်တဲ့ည) ပါတီတစ်ခုကို တက်ရောက်ခဲ့ပါတယ်။
ဆန်းကြယ်လှတဲ့ ကလပ်တစ်ခုမှာ ကျင်းပတဲ့ဒီပါတီပွဲမှာ လူတွေက စိတ်အားတက်ကြွနေပါတယ်။ အမျိုးသမီးတွေဟာ စိန်တွေ စီခြယ်ထားတဲ့ ဆာရီနဲ့ ဂါဝန်ရှည်တွေဝတ်ဆင်ပြီး လှည့်ပတ်ကနေကြပါတယ်။
အမျိုးသားတွေကလည်း ကူရ်တာနဲ့ ရိုးရာဂျာကင်တွေနဲ့ လာရောက်ကြပါတယ်။ ရိုးရာ ဒရမ် တီးသမားက လူတွေကို ကကြိုးနေရာဆီခေါ်သွားပြီး တက်ကီလာ ဖြည့်ထားတဲ့ "ဂေါ်ဂပါ" ( လူကြိုက်များတဲ့ မုန့်) တွေကို လူတွေက ဝိုင်းစားသောက်ကြပါတယ်။
ဒီလို ပါတီမျိုးကို ပထမဆုံးအကြိမ်တက်ရောက်ခဲ့တဲ့ ရှီဗန်ဂီ ဆာရင်းကတော့ ဒါကို "အံ့သြစရာကောင်းတယ်" လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Third Place
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"မိသားစုမင်္ဂလာဆောင်တွေမှာ စိတ်ဖိစီးမှုတွေအများကြီးရှိတယ်။ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေ၊ ဆွေမျိုးတွေရဲ့ ဝေဖန်မှုတွေ ရှိတယ်။ ဒါပေမယ့် ဒီမှာကျတော့ ပျော်စရာကောင်းတယ်" လို့ သူက ပြောပါတယ်။
"အထူးသဖြင့် ကျွန်မတို့သူငယ်ချင်းတွေနဲ့အတူ ဒါတွေအားလုံး လုပ်ရတာကိုး။ ကျွန်မတို့ ဝတ်စုံတွေကို မနေ့ကမှ ဆုံးဖြတ်ပြီး အတူတူပြင်ဆင်ခဲ့တာလို့ ဆိုပါတယ်။"
ပါတီပွဲအတွက် ကုန်ကျငွေဟာ ယေဘုယျအားဖြင့် ရူပီး ၁,၅၀၀ (အမေရိကန်ဒေါ်လာ ၁၇၊ ဗြိတိသျှပေါင် ၁၃) ကနေစပြီး နေရာနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းသုံးစွဲမှုတွေ အပေါ် မူတည်ကာ ရူပီး ၁၅,၀၀၀ အထိ ကုန်ကျနိုင်ပါတယ်။
ရှီဗန်ဂီနဲ့သူရဲ့သူငယ်ချင်းတွေဟာ စုံတွဲတတွဲကို ရူပီး ၁၀,၀၀၀ ပေးပြီး တက်ရောက်ခဲ့ကြတယ်။
"တစ်လတစ်ခါ ဒီလောက်ပေးရတာကို ကျွန်မ ကုန်ကျတယ်လို့ မထင်မိဘူး။ ဒီကရတဲ့အတွေ့အကြုံက သုံးရတဲ့ငွေနဲ့ယှဉ်ရင် တန်ပါတယ်" လို့ ဆိုပါတယ်။
ဒီပါတီပွဲကို စီစဉ်ကျင်းပတဲ့ စားသောက်ဆိုင်ပိုင်ရှင် ရှာရတ်မဒန်ကတော့ ဒီအလေ့အထဟာ သူတို့ရဲ့ ဝန်ဆောင်မှုလုပ်ငန်းလောကမှာ ဆန်းသစ် တီထွင်နိုင်မှုက အဓိကဖြစ်တယ်ဆိုတာ ထောက်ပြနေတယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ရဲ့ဧည့်သည်တွေအတွက် အသစ်အဆန်းတစ်ခုခုကို အမြဲလုပ်နေဖို့လိုတယ်" လို့ သူကပြောပါတယ်။
ဒီပါတီကို စီစဉ်ဖို့ ရူပီး ၁ သန်းလောက်ကုန်ကျခဲ့ပြီး လက်မှတ်ရောင်းချခြင်းကနေ ဒီပမာဏနှစ်ဆအထိ ရနိုင်မယ်လို့ မဒန်က မျှော်လင့်ထားပါတယ်။ ဒါပေမယ့် အကျိုးအမြတ်တစ်ခုတည်းအတွက်မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
"ဒါက ဧည့်သည်တွေနဲ့ထိတွေ့ဆက်ဆံရေးမှာ အရေးပါလှပါတယ်၊ ထိုက်တန်တဲ့ အမြတ်အစွန်းမရရင်တောင် ဧည့်သည်တွေက တခြား ဆန်းသစ်တီထွင်မှု တစ်ခုခုကိုလိုချင်နေတာကြောင့် ကျွန်တော်ဆက်လုပ်သွားဦးမယ်" လို့ သူက ရှင်းပြပါတယ်။
ပြီးခဲ့တဲ့လက ဘန်ဂလောမြို့မှာ လူ ၂,၀၀၀ တက်ရောက်ခဲ့တဲ့ မင်္ဂလာဆောင်တု ပါတီကို ကျင်းပခဲ့တဲ့ 8Club events ရဲ့ပူးတွဲတည်ထောင်သူ ကောရှာလ်ချနန်ကတော့ မင်္ဂလာဆောင်တုရဲ့ ကနဦးအစဟာ နိုင်ငံခြားမှာနေထိုင်တဲ့ အိန္ဒိယလူငယ်တွေဆီက လာတယ်လို့ ဆိုပါတယ်။
"နိုင်ငံခြားမှာနေတဲ့အိန္ဒိယလူမျိုးတွေဟာ ဘောလီဝုဒ် သီချင်းတွေနားထောင်ပြီး ရိုးရာဝတ်စုံတွေဝတ်ကာ ညနေခင်းကိုပျော်ရွှင်စွာ ကုန်ဆုံးကြတယ်။ ဒါကို ကျွန်တော်တို့လည်း အတုယူခဲ့တာ" လို့ သူကရှင်းပြပါတယ်။
ကြယ်ငါးပွင့်ဟိုတယ်တစ်ခုမှာကျင်းပခဲ့တဲ့ ဘန်ဂလောပါတီအတွက် တုံ့ပြန်မှုဟာ "မျှော်လင့်ထားတာထက် ပိုကောင်းခဲ့တယ်" လို့ သူကဆိုပါတယ်။ ဒီအောင်မြင်မှုကြောင့် ဒေလီမှာလည်း အလားတူပါတီပွဲတစ်ခုစီစဉ်ခဲ့ရာ လက်မှတ်အားလုံးရောင်းချပြီးသွားခဲ့ပြီး ဂျိုက်ပါ၊ ကိုလ်ကတ္တား၊ လက္ခနော မြို့တွေကနေ စီစဉ်သူတွေရဲ့မေးမြန်း စိတ်ဝင်စားမှု တွေပါ စရလာပြီလို့ ဆိုပါတယ်။
"အခုဆိုရင် စိတ်ဝင်စားသူတွေကို ကျွန်တော်တို့ရဲ့ စံလုပ်ငန်းစဉ် (SOP) တွေကို ဝေမျှပေးနေပါပြီ။ ဒါဟာ ဒီအတွေ့အကြုံကိုဖန်တီးဖို့၊ စျေးကွက်ဖော်ဖို့နဲ့ အမြတ်ရစေဖို့ လမ်းညွှန်တစ်ခုပါ" လို့ သူကဆက်ပြောပါတယ်။
ဒါပေမယ့် မင်္ဂလာဆောင်တုပါတီပွဲ အားလုံးဟာ ကျင်းပတဲ့ပုံစံ တစ်ထပ်တည်းတော့မဟုတ်ကြပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Trippy Tequila
"Third Place" ဆိုတဲ့ ပါတီပွဲတွေ ကျင်းပတဲ့ အတွေ့အကြုံရှိ ကုမ္ပဏီက မကြာသေးခင်ကလည်း ဘန်ဂလူရူမြို့မှာ အဖျော်ယမကာ မပါတဲ့ မင်္ဂလာပွဲတု တစ်ခုကို လက်ထပ်ပွဲ အစဉ်အလာပုံစံအတိုင်း ကျင်းပခဲ့ပါတယ်။
"ပါတီပွဲ လာတက်သူတွေကို သတို့သားအဖွဲ့နဲ့ သတို့သမီးအဖွဲ့ခွဲပြီး ဆွေမျိုးတွေရဲ့ သမားရိုးကျပုံစံတွေကို မှန်းဆတဲ့ဂိမ်းတွေ ၊ စကားဝှက်တွေကို ဖော်ထုတ်ခိုင်းတဲ့ ကစားနည်းတွေနဲ့ ပါတီပွဲကို စီစဉ်ခဲ့တယ်" လို့ CEO အာနုရာဂပန်ဒေးက ရှင်းပြပါတယ်။
ဒရမ်တီးတဲ့ "ဒိုး" သံတွေ၊ ဧည့်သည်တွေကို ခမ်းခမ်းနားနားကြိုဆိုမှုတွေ၊ နက္ခတ်ဗေဒင်အခြေပြုဂိမ်းတွေတောင် ပါဝင်ပါတယ်။ အဖျော်ယမကာကို တမင်ထည့်သွင်းခြင်းမရှိဘဲ ဖယ်ထားခဲ့တာလို့ ဆိုပါတယ်။
"တခါတလေ အရက်သောက်တာက ပျော်စရာထက် စိတ်အနှောက်အယှက်တွေ ဖြစ်စေတတ်တယ်" လို့ ပန်ဒေးကဆိုပါတယ်။ "ပုံမှန် အဖျော်ယမကာ ဘားတွေ၊ အခြားပါတီပွဲတွေထက် ပိုပြီး တစ်ခုခုပေးချင်တဲ့ သဘောနဲ့ လုပ်ခဲ့တာ ၊ အိန္ဒိယမင်္ဂလာဆောင်တွေရဲ့ စိတ်ဓာတ်ကို ပြချင်ခဲ့တာပါ"လို့ သူက ပြောပါတယ်။
ဒီပါတီတွေရဲ့အရောင်းရဆုံးဖြစ်မှုဟာ လူငယ်တွေရဲ့ ပျော်ရွှင်ဖို့အကြောင်းရှာချင်စိတ် တိုးပွားလာနေတာကို ရောင်ပြန်ဟပ်နေတယ်လို့ ဝေဖန်သူတွေကဆိုပါတယ်။
"လူတွေမှာ ပျော်စရာအကြောင်းတစ်ခုခု လိုအပ်နေတယ်။ မင်္ဂလာဆောင်လို အရာအားလုံးပါဝင်တဲ့ ပျော်စရာအခမ်းအနားထက် ပိုကောင်းတဲ့အရာမရှိဘူး" လို့ စာရေးဆရာနဲ့ လူမှုဝေဖန်ရေးသမား သန်နောဓသီ က ပြောပါတယ်။
"ဒါဟာ ပျော်ရွှင်မှုရဲ့ ထိပ်ဆုံးအမှတ်ပါပဲ။ အထူးသဖြင့် တကယ့်မင်္ဂလာဆောင်တွေမှာလိုဖိအားတွေမရှိဘဲနဲ့ပေါ့။"
ဒီပါတီတွေဟာ လူတွေကို အရင်ကဝယ်ထားတဲ့ စျေးကြီးမင်္ဂလာဆောင်ဝတ်စုံတွေကို ပြန်ဝတ်ဖို့ အကြောင်းဖန်တီးပေးတယ်လို့လည်း သူကထောက်ပြပါတယ်။
ဒီတော့ ဒီလိုပါတီတွေက တည်တံ့နိုင်မလား။
ဒေလီအခြေစိုက် "Touchwood Events" ရဲ့တည်ထောင်သူ ပါတီစီစဉ်သူ ဗီဂျေးအာရိုရာကတော့ မင်္ဂလာဆောင်တုတွေဟာ အခုခဏတာဖြစ်နိုင်ပေမယ့် အလားအလာရှိတဲ့အလေ့အထတစ်ခုလို့ ယုံကြည်နေပါတယ်။
"ဂျန်ဇီ တွေက ဒီလိုပျော်ပါတီတွေမှာ ပါဝင်ချင်ကြတာ အသေအချာပါပဲ" လို့ သူကဆိုပါတယ်။
"ဒါဟာ စျေးကွက်အမျိုးအစားအသစ်တစ်ခုဖြစ်လာရင် လုပ်ငန်းအခွင့်အလမ်းတွေကို မြှင့်တင်ပေးနိုင်ပြီး လုပ်ငန်းတစ်ခုလုံးအတွက် ကြီးမားတဲ့ပြောင်းလဲမှုဖြစ်စေနိုင်တယ်။"
Wright Research ရင်းနှီးမြှုပ်နှံမှုအကြံပေးကုမ္ပဏီရဲ့အဆိုအရ အိန္ဒိယရဲ့မင်္ဂလာဆောင်လုပ်ငန်းဟာ အမေရိကန်ဒေါ်လာ ၁၃၀ ဘီလီယံကျော် တန်ဖိုးရှိနေပါတယ်။
ဒီလုပ်ငန်းကကြီးထွားနေပေမယ့် အကန့်အသတ်တွေလည်းရှိပါတယ်။ မင်္ဂလာဆောင်အများစုက နိုဝင်ဘာကနေ မတ်လအတွင်း အေးတဲ့ရာသီမှာ ကျင်းပလေ့ရှိပြီး မိုးရာသီ (ဇွန်ကနေ ဩဂုတ်) ကိုတော့ Off-season အဖြစ်သတ်မှတ်ထားပါတယ်။
ဒီအလေ့အထဆက်ရှိနေမယ်ဆိုရင် မင်္ဂလာဆောင်တုတွေဟာ ဒီကြားကာလအချိန်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
အာရိုရာက မင်္ဂလာဆောင်တုတွေရဲ့ တိုးတက်မှုကို အံ့သြမိခဲ့တယ်လို့ဆိုပေမယ့် "ဒါဟာ ကျွန်တော်တို့ပျော်ပျော်ရွှင်ရွှင်ပါဝင်ချင်တဲ့အရာတွေကို နားလည်ဖို့ကူညီပေးတယ်။ မိတ်ဆွေ၊ မိသားစုတွေရဲ့ တကယ့်မင်္ဂလာဆောင်ကိုတက်ဖို့မဖြစ်နိုင်ရင်တောင် ဒီအတုမင်္ဂလာဆောင်တွေကနေ အတွေ့အကြုံရချင်တာပါ" လို့ ရှင်းပြပါတယ်။
ဒါပေမယ့် ဧည့်သည်တိုင်းကတော့ ဒီပါတီတွေကို ကြိုက်နှစ်သက်ကြတာမဟုတ်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, THIRD PLACE
ဘန်ဂလူရူ မြို့မှာနေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် စျေးကွက်ရှာဖွေရေးပညာရှင် သရှေ့သီရှားမားကတော့ သူတက်ရောက်ခဲ့တဲ့ တစ်ခုတည်းသော မင်္ဂလာဆောင်တုအကြောင်းကို "စိတ်ဝင်စားစရာ မကောင်းဘူး" လို့ ဝေဖန်ပါတယ်။
"ကျွန်မ အိမ်နဲ့ နှစ်အတန်ကြာဝေးကွာနေတော့ တကယ့်မင်္ဂလာဆောင်တစ်ခုကို တက်ချင်စိတ်အရမ်းဖြစ်နေခဲ့တာ" လို့ သူကပြောပါတယ်။
အကောင်းဆုံးအချက်တခုကတော့ 'လက်ထပ်ဖို့ အချိန်ကျလာသူ နောက်တစ်ယောက်ကတော့မင်းပဲ' ဆိုပြီး အော်နေတဲ့ ဆွေမျိုးတွေမရှိတာပါပဲ"။
သရှေ့သီနဲ့ သူရဲ့ သူငယ်ချင်းတွေဟာ ဝတ်စုံတွေရွေးဖို့ နာရီပေါင်းများစွာကုန်ဆုံးခဲ့ပေမယ့် ပါတီကတော့ မျှော်လင့်ချက်နဲ့မကိုက်ညီခဲ့ပါဘူး။
"သူတို့က EDM သီချင်းတွေနဲ့ စပြီး နှစ်နာရီကြာမှပဲ ဘောလီးဝုဒ် သီချင်းတွေပြောင်းတီးတယ်" လို့ သူကဆိုပါတယ်။
"မင်္ဂလာဆောင်အစားအစာတွေမျှော်နေပေမယ့် ပီဇာနဲ့ အာလူးကြော်တွေပဲစားရတယ်။ အချိုပွဲတွေလည်းမပါ။ အရက်ပဲရှိတယ်။ အလှဆင်ပုံတွေကလည်း သာမန်ပဲ၊ အားမစိုက်ထားသလိုခံစားရတယ်"
ဒီပါတီတွေဟာ အိန္ဒိယရိုးရာအစဉ်အလာနဲ့တန်ဖိုးတွေကို အရေးမပါသလိုဖြစ်စေတယ်ဆိုပြီး ဝေဖန်သူတွေလည်းရှိပါတယ်။
ဒါပေမယ့် ဒေလီမှာကျင်းပတဲ့ မင်္ဂလာပွဲတု ပါတီကိုတက်ခဲ့တဲ့ ဝိဓိကပူရ်ကတော့ အဲဒီပြောဆိုချက်တွေကို သဘောမတူပါဘူး။
"လူတွေကို သတို့သား၊ သတို့သမီးလို ဝတ်ခိုင်းမယ်ဆိုရင်တော့ မတရားဖြစ်မှာပေါ့။ ဒါပေမယ့် ဒါကပါတီသက်သက်ပါ၊ ပျော်ပျော်ရွှင်ရွှင်သဘောထားသင့်တယ်" လို့ သူကရှင်းပြပါတယ်။












