'သူတို့တွေ အမေ့ခံပုံရိပ် မဖြစ်ဖို့လိုပါတယ်' - ဆယ်ကျော်သက်တွေရိုက်တဲ့ အိန္ဒိယလုပ်သားတွေရဲ့ဓာတ်ပုံတွေ

အပြာရောင်မှာ အစိမ်းရောင်ဖောက်ထားတဲ့ ဆာရီဝတ်အမျိုးသမီးတစ်ဦး မတ်တပ်ရပ်နေပြီး သူ့နောက်မှာတော့ နနွင်းပုံကြီး ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sheik Hasan K

ဓာတ်ပုံ ပုံစာ, ကျောင်းသားတွေ ရိုက်ကူးတဲ့ဓာတ်ပုံ တွေထဲမှာ နနွင်းစက်ရုံမှာ အလုပ်လုပ်တဲ့ အမျိုးသမီးတစ်ဦးရဲ့ ဓာတ်ပုံလည်း ပါဝင်
    • ရေးသားသူ, နန်ဟီနီ ဗီလာဆာမိ
    • ရာထူးတာဝန်, ဘီဘီစီ တမီလ်ဘာသာစကားဌာန

အမျိုးသမီးကြီးတစ်ဦး ခပ်လှမ်းလှမ်းကို ငေးကြည့်နေပါတယ်။ သူ့လက်ထဲမှာတော့ လိပ်ထားတဲ့ ဆေးရွက်ကြီး ဆေးပေါ့လိပ် ဗန်း ရှိနေပါတယ်။ ဘေးမှာလည်း ဆေးလိပ် အလိပ်ရေ ရာချီထည့်ထားတဲ့ ဆေးပေါ့လိပ်ဗန်း ရှိနေပါတယ်။ သူ နာရီပေါင်းများစွာ လိပ်ပြီးမှ ရလာတဲ့ ဆေးလိပ်တွေဖြစ်ပါတယ်။

ဒီဓာတ်ပုံဟာ ကျောင်းသူလေး ရာရှ်မီသာတီတစ်ယောက် တမီလ် နာဒူပြည်နယ်မှာရှိတဲ့သူ့ရဲ့ရွာထဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေ ထဲက တစ်ပုံပါ။ ဘီဒစ်လို့ခေါ်တဲ့ အိန္ဒိယရိုးရာ ဆေးပေါ့လိပ် လိပ်ကြတဲ့ သူ့ အိမ်နီးချင်းတွေကို ဇာတ်ကောင်အဖြစ် ရိုက်ထားတာပါ။

''သူတို့ ဒီလိုအလုပ်လုပ်ကြရတယ်ဆိုတာကို ဘယ်သူကမှ သတိမထားမိကြဘူး။ အမေ့ပျောက်ခံဖြစ်နေတဲ့ သူတို့အကြောင်း မမေ့ပျောက်ကြအောင် ပြောဖို့ လိုတယ်လေ'' လို့ ရာရှမီသာက ဘီဘီစီကို ပြောပါတယ်။

သူ့ဓာတ်ပုံတွေကို မကြာသေးခင်တုန်းက ချန်နိုင်းမြို့မှာပြုလုပ်ခဲ့တဲ့ ဓာတ်ပုံပြပွဲမှာ ပါဝင်ပြသခဲ့ပါတယ်။ အက်ဂ်မောပြတိုက်မှာလုပ်တဲ့ဒီပွဲကို ''မမြင်ဖူးတဲ့မြင်ကွင်း'' ဆိုတဲ့ ခေါင်းစဥ်နဲ့ ပြသခဲ့တာပါ။

အဲဒီမှာပြတဲ့ဓာတ်ပုံတွေဟာ ပြည်နယ်ထဲက အစိုးရကျောင်းတွေက ကျောင်းသူ ကျောင်းသား ၄၀ ရဲ့ လက်ရာတွေဖြစ်ပါတယ်။ သူတို့ အဓိကမှတ်တမ်းယူ ရိုက်ကူးတာကတော့ သူတို့ မိဘတွေနဲ့ နောက်ထပ် သူတို့ပတ်ဝန်းကျင်က လူတွေကို အဓိက ဇာတ်ကောင်ထားတာဖြစ်ပါတယ်။

တွင်းလုပ်သားအစ ယက်ကန်းသည်အဆုံး၊ ပန်းထိမ်သမားအစ အပ်ချုပ်သမအဆုံး၊ ဇာတ်ကောင် အမျိုးမျိုးရဲ့ဓာတ်ပုံတွေကို ရိုက်ကူးထားတာဖြစ်ပြီး နောက်ခံအကြောင်းအရာလည်း စုံလင်တာကြောင့် အိန္ဒိယက အလုပ်ကြမ်းလုပ်ရသူ လူ သန်း ၄၀၀ နီးပါးကိုလည်း ထင်ဟပ်နေပါတယ်။

ရွှေရောင်အနားသတ် အနီရောင်ဆာရီဝတ်အမျိုးသမီးကြီး တစ်ဦးက လက်လိပ်ဆေးပေါ့လိပ်ခြင်းတွေ ဘေးနားမှာ ထိုင်နေတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Rashmitha T

ဓာတ်ပုံ ပုံစာ, ဆေးပေါ့လိပ် လိပ်နေတဲ့ သူ့အိမ်နီးချင်းကို ရာရှ်မီသာက ဇာတ်ကောင်ထား ရိုက်ကူးခဲ့ပါတယ်

ဆေးပေါ့လိပ် လိပ်ကြသူအများစုဟာ သူတို့လုပ်တဲ့အလုပ်ကြောင့် ဥပမာအားဖြင့် အဆုတ်ပျက်စီးမှုနဲ့ တီဘီရောဂါဖြစ်ဖို့လမ်းစ ပိုများကြတယ် လို့ ရာရှ်မီသာက ပြောပါတယ်။

''သူတို့ တစ်အိမ်လုံး ဆေးရွက်ကြီးနံ့ကို လှိုင်နေတာပဲ။ ကိုယ်က အပြင်ကနေ ခဏသွားတဲ့သူဆို ကြာကြာမနေနိုင်ဘူး'' သူက ပြောပါတယ်။ သူ့ အိမ်နီးချင်းတွေဟာ ဒီလို ဆေးနံ့လှိုင်နေတဲ့အိမ်ထဲမှာ နာရီနဲ့ချီကြာအောင် ဆေးပေါ့လိပ် လိပ်ကြရတာလို့လည်း သူက ဖြည့်ပြောပါတယ်။

ဆေးပေါ့လိပ် အလိပ် ၁,၀၀၀ လိပ်မှ အိန္ဒိယ ယူပီး ၂၅၀( မြန်မာကျပ်ငွေ တစ်သောင်းနီးပါး)ရတယ်လို့ လည်း သူက ဘီဘီစီကို ပြောပြပါတယ်။

အနီရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသမီးတစ်ယောက် အညိုအောင် အုတ်ခဲတွေကို ပုံသွင်းနေပါတယ်။ သူ့ရှေ့နဲ့ဘေးမှာတော့ သူပုံသွင်းထားတဲ့ ရွှံ့အုပ်တွေ တန်းစီ ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Jayaraj S

ဓာတ်ပုံ ပုံစာ, အုတ်ဖုတ်မယ့် ရွှံ့ကို ပုံသွင်းတာကို နာရီနဲ့ချီကြာအောင် လုပ်ပြီးတဲ့အခါမှာတော့ ပါဇာနီယာမယ် တစ်ယောက် တစ်ကိုယ်လုံး ညောင်းညာ ကိုက်ခဲလာပါတယ်

တမီလ် နာဒူ ပြည်နယ်ထဲက အီရုတ် ခရိုင်ထဲမှာတော့ ဂျာယာရာ့ချ် အက်စ်ဟာ အုတ်လုပ်သူအဖြစ် အလုပ်လုပ်ကိုင်တဲ့ သူ့မိခင် ပါဇာနီယာမယ်ရဲ့ ဓာတ်ပုံကို ရိုက်ကူးပါတယ်။ သူ့ မိခင် လုပ်တာက ရွှံ့စေးနဲ့ သဲကိုရောပြီး အုတ်ပုံစံခွက်ထဲထည့်၊ အဲဒီနောက် လက်နဲ့ အုတ်ချပ်ပုံပေါ်အောင် ပုံဖော်ရတာဖြစ်ပါတယ်။

ဂျာယာရာ့ချ်ကတော့ ဒီဓာတ်ပုံ ရအောင် သူ မနက် ၂ နာရီလောက် အိပ်ယာက ထခဲ့ရတယ်လို့ဆိုပါတယ်။ အကြောင်းရင်းကတော့ သူ့မိခင်ဟာ ညသန်းခေါင် ထပြီး အလုပ်လုပ်တာကြောင့်လို့ ဆိုပါတယ်။

''နေ့လယ်နေ့ခင်း နေပြင်းချိန်ကို ရှောင်ဖို့ အမေက မနက်အစောကြီး ထပြီး အလုပ် စလုပ်တာ'' လို့ သူက ပြောပါတယ်။

သူ့ရဲ့ ဓာတ်ပုံ ပရောဂျက် ရှိမှပဲ အမေဖြစ်သူ ခါးစည်းခံနေတဲ့ခက်ခဲကျပ်တည်းမှုကို သူ အမှန်တကယ် သဘောပေါက်ခဲ့တာလို့လည်း သူက ပြောပါတယ်။

''ကျွန်တော့် အမေက အရင်တုန်းက ခေါင်းကိုက်လိုက်တာ၊ ခြေထောက်တွေ နာလိုက်တာ၊ တင်ပါးတွေ တဆစ်ဆစ်နဲ့ နာလိုက်တာဆိုပြီး ပြောပြောလေ့ရှိတယ်။ တစ်ခါတလေဆိုရင် သတိလစ်သွားတာမျိုးတောင် ရှိတယ်'' လို့ သူက ပြောပါတယ်။

ဂိုပီယာ လက်ရှ်မီးရဲ့ အဖေဟာ ကျောက်ကပ်မှာ ရေအိတ်တည်တဲ့ရောဂါဖြစ်နေပေမဲ့ ကားနဲ့လှည့်ပြီး ကုန်စိမ်းရောင်းနေတုန်းပါ

ဓာတ်ပုံ ရင်းမြစ်, Gopika Lakshmi M

ဓာတ်ပုံ ပုံစာ, ဂိုပီယာ လက်ရှ်မီးရဲ့ အဖေဟာ ကျောက်ကပ် ဆေးနေရပေမဲ့ ကားနဲ့လှည့်ပြီး ကုန်စိမ်းရောင်းနေတုန်းပါ

ပြည်နယ်ထဲက မာဒူရိုင်ခရိုင်ထဲမှာတော့ ဂိုပီယာ လက်ရှ်မီး အမ် ဟာ ကားဟောင်းလေးနဲ့ ကုန်လိုက်ရောင်းတဲ့ အဖေဖြစ်သူ မူသူခရစ်ရှန်ရဲ့ ပုံကို ရိုက်ကူးပါတယ်။

သူ့ ဖခင်ဟာ ပြီးခဲ့တဲ့ ၂ နှစ်တုန်းက ကျောက်ကပ် တစ်လုံးပျက်စီးလို့ တစ်ပတ်ကို ၂ ကြိမ် ကျောက်ကပ် သွားသွား ဆေးရပါတယ်။

''ကျောက်ကပ်ဆေးနေရပေမဲ့ အဖေက ပတ်ဝန်းကျင်ရွာတွေကို ကားနဲ့ ကုန် ထွက်ရောင်းနေတုန်းပဲ'' လို့ လက်ရှ်မီးက ပြောပါတယ်။

''အိမ်မှာ နားနားနေနေ နေရလို့ရတဲ့ဘဝမှ မဟုတ်တာကိုး''

အဖေဖြစ်သူ ဒီလိုရောဂါခံစားနေရချိန်မှာ နေ့ဘက်လည်း မနား အလုပ်တွေလုပ်နေတာကိုကြည့်ပြီး ''တကယ့်ဘဝ သူရဲကောင်းတစ်ဦး'' လို့ မှတ်ယူတဲ့အကြောင်းလည်း သူက ပြောပါတယ်။

အိမ်ရဲ့ ထမင်းအိုးလို့ မှတ်ယူနိုင်တဲ့ မိခင်ဖြစ်သူရဲ့ နေ့စဥ် ရုန်းကန်ရမှုကို ကီယာသီ တစ်ယောက် ဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Keerthi S

ဓာတ်ပုံ ပုံစာ, အိမ်ရဲ့ ထမင်းအိုးလို့ မှတ်ယူနိုင်တဲ့ မိခင်ဖြစ်သူရဲ့ နေ့စဥ် ရုန်းကန်ရမှုကို ကီယာသီ တစ်ယောက် ဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပရော်ဖက်ရှင်နယ် ကင်မရာနဲ့ ဓာတ်ပုံ ရိုက်ကူးရတာ အစောပိုင်းမှာ မလွယ်ကူခဲ့ပါဘူး။ ဒါပေမဲ့ ပညာရှင်တွေရဲ့ သင်ကြားပြသမှုကြောင့် လပိုင်းအတွင်းမှာပဲ ဓာတ်ပုံရိုက်ကူးရတာ ပိုလွယ်ကူခဲ့တယ်လို့ ကျောင်းသားတွေက ပြောကြပါတယ်။

''ရှက်တာ မြန်နှုန်းနဲ့ အလင်းပေါက်ကို ချိန်ဆပြီး ညဘက်မှာ ဓာတ်ပုံ ဘယ်လိုကောင်းကောင်းရိုက်မလဲ ဆိုတာကို သင်ခဲ့ရတယ်'' လို့ တန်ကာဆီခရိုင်မှာနေထိုင်တဲ့ ကီရာသီက ပြောပါတယ်။

သူ့ရဲ့ ဓာတ်ပုံပရောဂျက်အတွက် ကီရာသီဟာ သူ့မိခင် မူသူလက်ရှ်မီးရဲ့ နေ့စဥ်ဘဝ ဖြတ်သန်း လှုပ်ရှားမှုကို မှတ်တမ်းတင်ပါတယ်။ သူတို့က အိမ်ရှေ့မှာ အိမ်ဆိုင်လေး ဖွင့်ထားပါတယ်။

''အဖေက ကျန်းမာရေးမကောင်းဘူး။ အဲဒါကြောင့် အမေက အိမ်အတွက်ရော၊ အိမ်အတွက်ရော ထမင်းအိုးဖြစ်နေတယ်လေ''၊ "မနက်ဆို ၄ နာရီကတည်းက ထပြီး နေ့ခင်း ၁၁ လောက်အထိ အလုပ်လုပ်ရတယ်''

သူ့ရဲ့ ဓာတ်ပုံတွေမှာတော့ အိမ်ဆိုင်အတွက်လိုအပ်တာတွေဝယ်ဖို့ အများသုံး ဘက်စ်ကားနဲ့ ခပ်ဝေးဝေး ခရီးနှင်ရတဲ့ မိခင်ဖြစ်သူရဲ့ ရုန်းရုန်းကန်ကန် အခြေအနေကို ထင်ဟပ်ပါတယ်။

''ကိုယ့်သားသမီး ဝမ်းဝ ခါးလှဖို့ မိခင်တစ်ယောက် ဘယ်လောက်အထိ အလုပ်လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို ကျွန်မ ဓာတ်ပုံတွေကနေ တဆင့် ပြသချင်ခဲ့တာ'' လို့ သူက ပြောပါတယ်။

ကျောက်မိုင်းမှာ အလုပ်လုပ်တဲ့ အဖေဖြစ်သူရဲ့ အလုပ်ကို မှတ်တမ်းတင်ဖို့ မူကတ်ရှ် တစ်ယောက် ၄ ရက် အချိန်ယူခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Mukesh K

ဓာတ်ပုံ ပုံစာ, ကျောက်မိုင်းမှာ အလုပ်လုပ်တဲ့ အဖေဖြစ်သူရဲ့ အလုပ်ကို မှတ်တမ်းတင်ဖို့ မူကတ်ရှ် တစ်ယောက် ၄ ရက် အချိန်ယူခဲ့ပါတယ်
လုပ်သားတွေဟာ တစ်ပတ်လုံးနီးပါး ကျောက်မိုင်းမှာပဲ အချိန်ကုန်ဆုံးရပါတယ်

ဓာတ်ပုံ ရင်းမြစ်, Mukesh K

ဓာတ်ပုံ ပုံစာ, လုပ်သားတွေဟာ တစ်ပတ်လုံးနီးပါး ကျောက်မိုင်းမှာပဲ အချိန်ကုန်ဆုံးရပါတယ်

မူကတ်ရှ် ကေဟာ အဖေဖြစ်သူရဲ့ ကျောက်မိုင်းတွင်းက အလုပ်အခြေအနေကို မှတ်တမ်းယူဖို့ အဖေနဲ့အတူ ကျောက်မိုင်းမှာ ၄ ရက်တိတိနေခဲ့ပါတယ်။

''အဖေက ကျောက်မိုင်းမှာပဲ နေတာ။ တစ်ပတ်ကို တစ်ရက်ပဲ အိမ်ကို ပြန်လာတယ်'' လို့ သူက ပြောပါတယ်။

မူကတ်ရှ်ရဲ့ အဖေဟာ ကျောက်မိုင်းတွင်းမှာ မနက် ၃ နာရီကနေ မွန်းလွဲပိုင်းအထိလုပ်၊ အဲဒီနောက် ခဏနားပြီး ညနေ ၃ နာရီကနေ ည ၇ နာရီအထိ လုပ်လုပ်ရပါတယ်။ အဲဒီလိုလုပ်ပေမဲ့ သူ့အတွက် တစ်နေ့ လုပ်ခ ရူပီးငွေ ၅၀၀ (မြန်မာငွေ ၂,၀၀၀ နီးပါး)ပဲ ရပါတယ်။

''အဖေတို့ အိပ်တဲ့အခန်းမှာ ကုတင် မွေ့ယာဆိုတာ ဝေလာဝေးပဲ။ ကျောက်မိုင်းထဲမှာ ကတ္ထူသားတွေကို ခင်းပြီး ဒီအတိုင်းပဲအိပ်တာ''၊ ''နေပူထဲမှာ အလုပ်လုပ်ရလို့ ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် အပူရှပ်တာဖြစ်ခဲ့သေးတယ်''

အလုပ်လုပ်နေတဲ့ စားဖိုမှူးတစ်ယောက်ကို လည်း ဓာတ်ပုံရိုက်ဖို့ ကျောင်းသားတွေ မမေ့ခဲ့ပါဘူး

ဓာတ်ပုံ ရင်းမြစ်, Govarthanan L S

ဓာတ်ပုံ ပုံစာ, အလုပ်လုပ်နေတဲ့ စားဖိုမှူးတစ်ယောက်ကို လည်း ဓာတ်ပုံရိုက်ဖို့ ကျောင်းသားတွေ မမေ့ခဲ့ပါဘူး
ဖိနပ်ချုပ်တဲ့ ဦးလေးကြီး လက်ရာကိုလည်း သူတို့ မှတ်တမ်းတင်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Saran R

ဓာတ်ပုံ ပုံစာ, ဖိနပ်ချုပ်တဲ့ ဦးလေးကြီး လက်ရာကိုလည်း သူတို့ မှတ်တမ်းတင်ပါတယ်

ကျောင်းသားတွေဟာ အသက် ၁၃ နှစ်နဲ့ ၁၇ နှစ်အရွယ်တွေဖြစ်ပါတယ်။ တမီလ် နာဒူးပြည်နယ် အစိုးရ ပညာရေးဌာနရဲ့ ရှေ့ဆောင်အစီအစဥ်ဖြစ်တဲ့ အနုပညာနယ်ပယ်စုံပညာရပ်မှာ ဓာတ်ပုံပညာကို လေ့လာရင်း အခုလို ရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။

''ရည်ရွယ်ရင်းကတော့ လူမှုအသိုက်အဝန်းမှာ တာဝန်သိစိတ်ရှိကြတဲ့ကျောင်းသူ ကျောင်းသားတွေဖြစ်လာဖို့ပါပဲ'' လို့ ပြည်နယ်အစိုးရကျောင်းများရဲ့ ကျောင်းပြင်ပညာရေးတိုးတက်မှုအစီအစဥ်ရဲ့ခေါင်းဆောင်လည်းဖြစ်၊ နီလမ်ဖောင်ဒေးရှင်းကို တည်ထောင်သူလည်းဖြစ်တဲ့ မူသာမစ်ချ် ကာလာဗီရှီ က ပြောပါတယ်။

''သူတို့ဟာ သူတို့ ပတ်ဝန်းကျင်က လူတွေကို မှတ်တမ်းတင်တယ်။ ဒီလိုမှတ်တမ်းတင်ပြီး ဒီအခြေအနေတွေ၊ ဘဝတွေကို နားလည်သွားတာကပဲ လူမှုအသိုက်အဝန်းမှာ အပြောင်းအလဲဖြစ်ဖို့ အစပါပဲ'' လို့ သူကပြောပါတယ်။

ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို အင်စတာဂရမ် , ယူကျူ့ ၊ Xဖေ့ဘုတ်ခ်နဲ့ တယ်လီဂရမ် တို့မှာလည်း တင်ဆက် ပေးနေပါတယ်။