နှစ်တရာကျော် ပျောက်ကွယ်နေတဲ့ ဗုဒ္ဓမွေတော်တွေကို ဆောက်သဘီ အိန္ဒိယ ပြန်ပေး

ဒေလီ လေဆိပ်မှာ ပိပရ၀ ရတနာတွေကို ပူဇော်နေတဲ့ အိန္ဒိယ ယဉ်ကျေးမှုနဲ့ ခရီးသွား ဝန်ကြီး ဂဂျန်ဒရာဆင်း ရှက်ကဝတ် နဲ့ ရဟန်းတော်များ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒေလီ လေဆိပ်မှာ ပိပရ၀ ရတနာတွေကို ပူဇော်နေတဲ့ အိန္ဒိယ ယဉ်ကျေးမှုနဲ့ ခရီးသွား ဝန်ကြီး ဂဂျန်ဒရာဆင်း ရှက်ကဝတ် နဲ့ ရဟန်းတော်များ
    • ရေးသားသူ, ဆူတိ ဘစ်ဝပ်
    • ရာထူးတာဝန်, ဘီဘီစီသတင်း၊ လန်ဒန်

ဂေါတမဗုဒ္ဓရဲ့ ရုပ်ကြွင်း ဓာတ်တော်တွေနဲ့ ဆက်စပ်တယ်လို့ ယုံကြည်ကြတဲ့ ရတနာ မွေတော်တွေကို အိန္ဒိယအစိုးရဆီ ဆောက်သဘီ လေလံပွဲက ပြန်ပေးလိုက်ပါပြီ။ ဒီလိုပြန်ပေးအောင်လည်း အိန္ဒိယ အစိုးရနဲ့ ကမ္ဘာတဝန်းက ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေ ဖိအားပေးခဲ့ရပါတယ်။

ပိပရ၀ ရတနာတွေဆိုပြီး ရှေးဟောင်း သုတေသနပညာရှင်တွေ ခေါ်ဆိုကြတဲ့ ဒီရတနာပစ္စည်းတွေဟာ ခေတ်သစ် ရှေးဟောင်းလောကရဲ့ အံ့အားသင့်ဖွယ် အကောင်းဆုံး ရှာဖွေ တွေ့ရှိမှု ဖြစ်ပြီး ဟောင်းကောင်မှာ မေလက လေလံတင်ဖို့ စီစဉ်ခဲ့ကြပါတယ်။ သံတမန်ရေး ကြားဝင်မှုတွေနဲ့ ဥပဒေကြောင်းအရ အရေးယူဖို့ အိန္ဒိယဘက်က ခြိမ်းခြောက်ခဲ့လို့ ဒီလေလံပွဲကို ဖျက်သိမ်းခဲ့ပါတယ်။

မွမ်ဘိုင်း အခြေစိုက် ဂေါ့ဒ်ရေ့ဂျ် စက်မှုလုပ်ငန်းစုကြီးက ဒီရတနာတွေကို ဝယ်ယူခဲ့ကြောင်း ဆောက်သဘီဘက်က ထုတ်ပြန်ပါတယ်။

ရတနာပိုင်ရှင်၊ ဝယ်ယူသူနဲ့ အိန္ဒိယ အစိုးရကြား နှစ်လကြာ ညှိနှိုင်းပြီးနောက် ဒီလိုပြန်ပေးနိုင်တဲ့အတွက် ဝမ်းသာကြောင်း ဆောက်သဘီဘက်က ဆိုပါတယ်။ ဒီရတနာပစ္စည်းတွေကို အိန္ဒိယမှာပဲ အမြဲတမ်း လူထုအတွက် ပြထားမှာ ဖြစ်ကြောင်းလည်း ပြောကြားပါတယ်။

ရှေးဟောင်းလောကရဲ့ အံ့အားသင့်ဖွယ် အကောင်းဆုံး ရှာဖွေ တွေ့ရှိမှု ပိပရ၀ ရတနာတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရှေးဟောင်းလောကရဲ့ အံ့အားသင့်ဖွယ် အကောင်းဆုံး ရှာဖွေ တွေ့ရှိမှု ပိပရ၀ ရတနာတွေ

အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာ မိုဒီကလည်း ဒီရတနာတွေ ပြန်လာတော့မယ်ဆိုပြီး ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။ နိုင်ငံရဲ့ ယဉ်ကျေးမှု အမွေအနှစ် အောင်ပွဲဖြစ်လို့ ဂုဏ်ယူပျော်ရွှင်ရကြောင်းလည်း သူက ဆိုပါတယ်။ ဒီမွေတော်တွေဟာ ၁၂၇ နှစ်ကြာမှ မူရင်းနိုင်ငံကို ပြန်လာကြောင်း X ကွန်ရက်မှာ သူက ရေးပါတယ်။

ဒီရတနာတွေကို ဝယ်တဲ့ ဂေါ့ဒ်ရေ့ဂျ် အုပ်စုက အိမ်ခြံမြေ၊ စိုက်ပျိုးရေး၊ ဘဏ္ဍာရေးနဲ့ ဓာတုပစ္စည်း စတဲ့ ကဏ္ဍတွေမှာ ကမ္ဘာတလွှားက လူ သန်း ၁,၁၀၀ ကျော်ကို ဝန်ဆောင်မှုတွေ ပေးနေတဲ့ လုပ်ငန်းကြီး ဖြစ်ကြောင်း သူ့ရဲ့ ဝက်ဆိုက်မှာ ရေးထားပါတယ်။ ဒီလုပ်ငန်းစုက ထုတ်ကုန်အများအပြားကလည်းအိန္ဒိယမှာ အိမ်တိုင်းသုံးတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။

ပိပရဝ မွေတော်တွေက ရှေးဟောင်းပစ္စည်းသာ မဟုတ်ဘဲ ငြိမ်းချမ်းရေး၊ ကရုဏာတရားနဲ့ လူ့မျိုးနွယ်ရဲ့ အမွေအနှစ်ကို ပြတဲ့ သရုပ်လက္ခဏာတွေ ဖြစ်လို့ ဒီလို ကူညီပေးရတာကို အင်မတန် ဂုဏ်ယူကြောင်း ဂေါ့ဒ်ရေ့ဂျ် အုပ်စုရဲ့ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ပီရူးရှား ဂေါ့ဒ်ရေ့ဂျ်က ပြောကြောင်း အစိုးရ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နယူးယော့ မက်ထရိုပိုလစ်တန် ပြတိုက်မှာ ဗုဒ္ဓမွေတော်တွေ ပြသခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နယူးယော့ မက်ထရိုပိုလစ်တန် ပြတိုက်မှာ ဗုဒ္ဓမွေတော်တွေ ပြသခဲ့

ရာစုတစုကျော် ဒီရတနာပစ္စည်းတွေဟာ မူလ တူးဖော်တွေ့ရှိတဲ့ ဗြိတိသျှ မိသားစုတစုရဲ့ လက်တွင်းမှာ တိမ်မြုပ်နေခဲ့ပါတယ်။

ပက်ပေ မိသားစု ဆီက ရတနာ ပစ္စည်း သုံးရာ ကို ဟောင်ကောင်က ဆောက်သဘီ ပြပွဲမှာ ဖေဖော်ဝါရီလနဲ့ မေလအတွင်း ပြသခဲ့ပါတယ်။ အရင် ခြောက်နှစ်ကျော်အတွင်း ဒီရတနာတွေကို နယူးယော့က မက်ထရိုပိုလစ်တန် အနုပညာပြတိုက်အပါအဝင် ထိပ်တန်း ပြပွဲကြီးတွေမှာ ပြသခဲ့ပါတယ်။

ပိပရဝ မွေတော်တွေအကြောင်း လေလံပွဲက ပယ်ဖျက်ပေးရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပိပရဝ မွေတော်တွေအကြောင်း လေလံပွဲက ပယ်ဖျက်ပေးရ

ဒီရတနာပစ္စည်းတွေအတွက် ဆွေးနွေးပြောဆိုဖို့ လိုကြောင်း အိန္ဒိယ အစိုးရရဲ့ တောင်းဆိုမှုနဲ့ သတင်းတွေ ပေါ်ထွက်လာမှုကြောင့် မေလ ၇ ရက်မှာ ဆောက်သဘီက လေလံပွဲကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ နောက်တပတ်အကြာမှာတော့ နှစ်ဖက် သဘောတူနိုင်တဲ့ ဖြေရှင်းမှု ရဖို့ အိန္ဒိယအစိုးရနဲ့ ဆွေးနွေးနေကြောင်း ဆောက်သဘီက အတည်ပြုပါတယ်။

ဒီသီတင်းပတ်မှာတော့ ရတနာတွေ ပြန်ပို့တော့မယ် ဆိုပြီး ဆောက်သဘီဘက်က အတည်ပြုခဲ့ပါတယ်။ ဒီရတနာတွေကို ထိန်းသိမ်း စောင့်ရှောက်ခဲ့ပြီး သမိုင်းဝင်ရလဒ် ထွက်နိုင်အောင် ဆောက်သဘီ၊ အိန္ဒိယ အစိုးရတို့နဲ့အတူ ဆောင်ရွက်ခဲ့တဲ့ ပက်ပေ မိသားစုကို ကျေးဇူးတင်ကြောင်းလည်း ဆောက်သဘီက ပြောကြားခဲ့ပါတယ်။

၁၂၇ နှစ်ကြာမှ အိန္ဒိယကို ပြန်ကြွလာနိုင်တဲ့ ဗုဒ္ဓမွေတော်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၂၇ နှစ်ကြာမှ အိန္ဒိယကို ပြန်ကြွလာနိုင်တဲ့ ဗုဒ္ဓမွေတော်တွေ