ပုဂံ လောကထိပ်ပန်ဘုရား အဝင်တံခါး မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, MLADEN ANTONOV/AFP via Getty Images
ပုဂံမြို့ဟောင်းမှာရှိတဲ့ လောကထိပ်ပန်ဘုရားရဲ့ အဝင်တံခါးမှာ ဇွန်လ ၈ ရက် မနက်အစော ၇ နာရီ ၄၅ မိနစ်ဝန်းကျင်လောက်က မီးလောင်နေတာကို အကြောင်းကြားတာကြောင့် ချက်ချင်းသွားရောက် ငြှိမ်းသတ်ခဲ့ရတယ်လို့ ရှေးဟောင်းသုတေသန ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက် က ဘီဘီစီကို ပြောပါတယ်။
"ဘုရားအဝင်မှာ ကာထားတဲ့ သံပန်းမှာ ဝါးနဲ့ လုပ်ထားတဲ့ ယင်းလိပ်ကို မီးစွဲလောင်တာပါ၊ အများကြီး မဟုတ်ပါဘူး၊ တွေ့တွေ့ချင်း ငြှိမ်းသတ်နိုင်ခဲ့ပါတယ်" လို့ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက် က ပြောပါတယ်။
လောကထိပ်ပန်ဘုရားဟာ အလောင်းစည်သူမင်းက ၁၂ ရာစု လက်ထက်ကတည်းက တည်ထားခဲ့တဲ့ ဂူဘုရားတဆူဖြစ်ပြီး ပုဂံခေတ် နံရံဆေးရေး ပန်းချီတွေနဲ့ အနုလက်ရာတွေ အများအပြားရှိတဲ့ ပုဂံရဲ့ အထင်ကရ ဘုရားတဆူဖြစ်ပါတယ်။
မီးလောင်မှုကြောင့် ဘုရားရဲ့ အနောက်ဘက် အဝင်ဝ ဝါးယင်းလိပ်တခြမ်း လောင်ကျွမ်းခဲ့ပါတယ်။
"ဘယ်သူ ဘယ်ဝါမီးရှို့ခဲ့တာလဲတော့ မသိဘူး၊ ကျွန်တော်တို့ ရောက်ရောက်ချင်းဆိုတော့ ပတ်ဝန်းကျင်နဲ့ သိပ်ဝေးဝေးရောက်မယ်တော့ မထင်ဘူး၊ တွေ့တော့ မတွေ့လိုက်ဘူး" လို့ ဒေါက်တာသန်းထိုက် က ပြောပါတယ်။
"တမင်သက်သက် မီးလာရှို့တဲ့ သဘောမျိုးလည်း ဖြစ်နိုင်တာပေါ့၊ နယ်မြေခံ ရဲတွေရော ခရီးသွားဆိုင်ရာ ရဲတွေရော ဌာနဆိုင်ရာတွေရော အကုန်လုံး ရောက်ရှိပြီး စစ်ဆေးနေပါတယ်" လို့ ဒေါက်တာသန်းထိုက်က ဆက် ပြောပါတယ်။
ဇွန်လ ၈ ရက်နေ့တုန်းကလည်း ပုဂံမြို့ဟောင်း တောင်မှီကျေးရွာအုပ်စု၊ ရွာဟောင်းကြီး ရပ်ကွက်မှာရှိတဲ့ အာနန္ဒာ ဘုရားအနီး စေတီ ၅ ဆူက ဌာပနာတွေ ဖောက်ခံထားရတာကို ပုဂံရှေးဟောင်းသုတေသန ဦးစီးဌာနက စစ်ဆေးမှုတွေ လုပ်ခဲ့ရပါတယ်။
အခု မီးလောင်မှုဖြစ်တဲ့ ဘုရားဟာလည်း ဌာပနာ အဖောက်ခံခဲ့ရတဲ့ ဘုရား ၅ ဆူ တည်ရှိတဲ့ ကျေးရွာထဲမှာပဲ ရှိတာ ဖြစ်ပါတယ်။
"လောကထိပ်ပန်က လမ်းဘေးမှာလည်း ကျတယ်၊ အထင်ကရလည်း ဖြစ်တယ်၊ ခက်တာက လုပ်သွားတဲ့သူကိုတော့ လက်ပူး လက်ကြပ် မမိလိုက်ဘူး ဖြစ်သွားတယ်" လို့ ဒေါက်တာသန်းထိုက် က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီဖြစ်စဉ် ၂ ခုလုံးမှာ ဘုရားဌာပနာ ဖောက်တဲ့သူနဲ့ မီးရှို့တဲ့သူက ကွင်းဆက်လိုက်ရင် ဆက်စပ်မှု ရှိနိုင်လားဆိုတဲ့ ဘီဘီစီရဲ့ အမေးကိုတော့ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက် က "မီးရှို့တဲ့ဟာနဲ့ ဆက်စပ်သလားဆိုတာတော့ မပြောနိုင်ဘူး၊ လုပ်တာကတော့ အဖျက်အမှောက် လုပ်တဲ့အဖွဲ့ကတော့ ရှိတာပေါ့၊ ဌာပနာ ဖောက်တာကတော့ ဒုစရိုက်အမှုအဖြစ် နယ်မြေခံ ရဲတပ်ဖွဲ့ကလည်း ပိုက်စိတ်တိုက် ရှာဖွေဖို့ စီမံချက်တော့ ရှိပါတယ်" လို့ ပြောပါတယ်။
လောလောဆယ်မှာတော့ ပုဂံရှေးဟောင်းနယ်မြေတဝိုက် နယ်မြေခံရဲတွေ၊ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေ ပူးပေါင်းပြီး စစ်ဆေးမှုတွေ၊ အင်အားတိုးချဲ့ ကင်းလှည့်နေသလို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပြည်ထောင်စုအစိုးရကိုရော လုံခြုံရေးဝန်ထမ်းတွေ တိုးမြှင့်ခန့်ထားပေးဖို့ကို တင်ပြဆောင်ရွက်ထားတယ်လို့ ဒေါက်တာသန်းထိုက် က ပြောပါတယ်။








