ကလောမှာ စံချိန်တင်ရေကြီးမှု ဘာကြောင့်ဖြစ်ခဲ့သလဲ

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ရဲ့ ရေကြီးမြေပြိုမှုမြင်ကွင်းမျိုး ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးတဲ့အကြောင်း မြို့ခံတွေရော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တချို့ကပါ ပြောလာပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄,၀၀၀ ကျော်မှာရှိနေတဲ့ တောင်ပေါ် မြို့ ကလောမှာ ၂၀၂၄ စက်တင်ဘာ ရေကြီးခဲ့တဲ့ဖြစ်စဥ်က နှစ်ပေါင်း ၁၀၀ အတွင်းမှာ အဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။
တောင်စောင်းမှာဆောက်ထားတဲ့ ဥရောပပုံစံ ခေါင်မိုးချွန်ချွန်နဲ့ အိမ်တွေ လဲပြိုကျခဲ့သလို ရေထဲမျောပါခဲ့တဲ့ အိမ်အလုံးရေလည်း မနည်းခဲ့ပါဘူး။
ကလောရေကြီးမှုမှာ ရေထဲပိတ်မိတာနဲ့ မျောပါပျောက်ဆုံးလို့ သေဆုံးခဲ့သူ ၇၀ ထက်မနည်း ရှိခဲ့ပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ထောင်ချီမှာတည်ရှိတဲ့ ဒီမြို့ မှာ ဘာကြောင့် အဆိုးဆုံးရေကြီးခဲ့ရလဲဆိုတဲ့ အဖြေတချို့ကို ဘီဘီစီက ရှာကြည့်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
၂၀၂၄ စက်တင်ဘာလဆန်းပိုင်းက ဗီယက်နမ်နိုင်ငံကိုဖြတ်ပြီး တိုက်ခတ်ခဲ့တဲ့ ယာဂီ မုန်တိုင်းရဲ့ အရှိန်ကြောင့် မြန်မာမှာ စက်တင်ဘာ ၉ ရက်ညကစပြီး မိုးသည်းထန်စွာရွာခဲ့ပါတယ်။
ဒီအရှိန်ကြောင့် ဒေသ ၉ ခုထက်မနည်း ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေဖြစ်ခဲ့တဲ့အထဲ တောင်ပေါ်မြို့ ကလောမှာ တစ်မြို့လုံးနီးပါး ရေလွှမ်းခဲ့ပြီး လူဆယ်ချီသေဆုံးခဲ့ရတာက ထူးခြားဖြစ်ရပ်လို ဖြစ်ခဲ့ပါတယ်။
ရေကြီးတဲ့အချိန်မှာ ကလောတစ်မြို့လုံး ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့ပါတယ်။ မြေပြိုခဲ့လို့ လမ်းတွေအားလုံး ပိတ်ဆို့ကုန်တာကြောင့် ကလောဟာ ၅ ရက်ထက်မနည်း ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်သွားခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စက်တင်ဘာ ၁၅ ရက်မှာ ရေဘေးကြုံခဲ့ရတဲ့ ကလောမြို့ရဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပေါ်လာခဲ့ချိန်မှာတော့ အားလုံးက အံ့အားသင့်ခဲ့ကြပါတယ်။
ဆောင်းအငွေ့အသက်တွေနဲ့ အစိမ်းရောင်ထင်းရှူးတောတွေဝိုင်းရံထားတဲ့ တောင်ပေါ် မြို့ရဲ့ သရုပ်သကန်တွေ အားလုံးဟာ ဝါညစ်ညစ်ရေတွေနဲ့ နီကျင်ကျင်နုန်းမြေတွေကြားမှာ ရက်သတ္တပတ် တစ်ပတ်နီးပါး ဖုံးလွှမ်းခဲ့ပါတယ်။
အိမ်ခေါင်မိုးတွေ၊ အိမ်ပထမထပ်တွေအထိ တက်နေတဲ့ နီကျင်ကျင် ရွှံ့နွံတွေကို ရှင်းလင်းရေးလုပ်နေတဲ့ မြင်ကွင်းတွေကြား အိမ်တွေ လမ်းတွေ အားလုံး ပျက်စီးခဲ့တဲ့ရတဲ့ ကလောမြို့ကို မြင်ရသူတွေက စုတ်တသပ်သပ်ဖြစ်ရတဲ့အထိ နှမြောခဲ့ကြပါတယ်။
“မြို့ပျက်ကြီးလို ဖြစ်သွားတာ။ တချို့မြို့လယ်ထဲက အိမ်တွေဆိုရင် ရွှံ့နွံတွေက ၄၊ ၅ ပေ အထိမြင့်တက်ပြီး အိမ်ကို ဖုံးသွားတယ်” လို့ ကလောမြို့ခံတစ်ဦးက ဘီဘီစီကို ရင်ဖွင့်ပါတယ်။
မြို့လယ်ခေါင် ရပ်ကွက် (၄) ထဲမှာရှိတဲ့ ကလောမြို့မစျေး၊ ထင်ရှားတဲ့ ကလော ၅ ရက်စျေးနဲ့ ကိုလိုနီခေတ်လက်ရာ ကလောဘူတာ ပတ်ဝန်းကျင်နေရာတွေဟာ ရေကြီးတဲ့ဒဏ်ကို အဆိုးဆုံး ခံစားရတဲ့နေရာတွေ ဖြစ်ပါတယ်။
ကလောမြို့ အနောက်ဘက်ခြမ်း ရွှေမင်းဖုန်းဒေသနဲ့ တဆက်တည်းမှာရှိတဲ့ ရွှေတောင်ကြားရပ်ကွက် ဆိုရင် အိမ်ရာနဲ့ချီ ရွှံ့နွံတွေ ဖုံးသွားတာဖြစ်ပါတယ်။
အဲဒီနေရာဟာ ရွှေတူးတဲ့နေရာနဲ့ နီးတာဖြစ်လို့ မြေပြိုတာတွေ ပိုများခဲ့ပါတယ်။ ရေစီးနဲ့ ပြိုကျမြေတွေပေါင်းပြီး နုန်းနွံဖြစ်ခဲ့တာကြောင့် ရွှေတောင်ကြား ရပ်ကွက်ကို ရွှံ့နွံထု ၁၀ ပေ ထက်မနည်းတက်ခဲ့တာပါ။
“ဒါဟာ မယုံနိုင်စရာကောင်းတဲ့ မြင်ကွင်းပါပဲ။ အိပ်မက်တစ်ခုလိုပဲ။ ကျွန်မတစ်သက်မှာ ကလောမြို့ကို ရွှံ့နွံတွေကြားထဲမှာ ဘယ်တော့မှ တွေ့ရလိမ့်မယ်လို့ မတွေးမိဘူး။ ကလောက လှတယ်။ သန့်ရှင်းတယ်။ အေးချမ်းတယ်။ အဲဒါကြောင့် ကျွန်မက ဂုဏ်ယူပြီး ဧည့်သည်တွေကို ကလောကို သွားလည်ကြဖို့ အမြဲ တိုက်တွန်းတာ” ဆိုပြီး ကလောမြို့အကြောင်းသိတဲ့ ဝါရင့်ဧည့်လမ်းညွှန်တစ်ဦးက ဘီဘီစီကို ဖွင့်ဟပါတယ်။
ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေကြား ရေပန်းစားတဲ့ တောင်ပေါ် အပန်းဖြေမြို့ ကလောကို ၂၀၁၈ ခုနှစ် အတွက် သန့်ရှင်းတဲ့ခရီးသွားမြို့အဖြစ် အာဆီယံက သတ်မှတ်ခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ ကလောဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့နေရာဖြစ်လာတဲ့အကြောင်း မြို့ခံတွေက ယူဆထားကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ကလောရေကြီးမှုနောက်ကွယ်က အကြောင်းရင်းများ

ဓာတ်ပုံ ရင်းမြစ်, ဒေါက်တာ နန္ဒာလှမြင့်
၁၀ ဦးထက်မနည်းတဲ့ မြို့ခံတွေနဲ့ မေးမြန်းချက်တွေအရ တောင်ကျချောင်းရေ၊ ထင်းရှုးတောတွေခုတ်ပြီးဖော်ခဲ့တဲ့ အိမ်ရာစီမံကိန်းတွေ၊ ကလောချောင်းကို ပိတ်ပြီးတိုးချဲ့လာတဲ့ ကျုးကျော်အိမ်တွေကြောင့်လို့ အဓိကအချက် ၃ ချက်ကို ကိုင်စွဲပြောကြပါတယ်။
ကလောမြို့ပတ်ဝန်းကျင်မှာရှိတဲ့ တောင်ကျချောင်းရေတွေ ကလောချောင်းထဲကို တရှိန်ထိုးဒလဟော စီးဆင်းခဲ့တာကြောင့် စံချိန်တင်ရေကြီးမှုဖြစ်ခဲ့တာလို့ မြို့ခံတွေက တူညီစွာဖြေကြပါတယ်။
ကလောမြို့ခံတချို့ကတော့ တောင်ဘက်မှာ ရှိနေတဲ့ တောင်လား၊ တောင်ကွဲ ကျေးရွာအုပ်စုဘက်က ကလောချောင်း စတင်ရာနေရာကဖြစ်ပြီး နောက်တစ်ခုက ကလောမြို့ အနောက်တောင်ဘက်မှာရှိတဲ့ မြင်းဒိုက်ကျေးရွာအုပ်စုဘက်က လာတဲ့တောင်ကျချောင်းရေတွေလို့ ပြောကြပါတယ်။
စက်တင်ဘာ ၉ ရက်က စပြီး မိုးအဆက်မပြတ်ရွာခဲ့တာကြောင့် မြေသားတွေဟာ ရေဝတဲ့မြေတွေဖြစ်နေပြီး မြေသားအတွင်းပိုင်းကို ထပ်ပြီးစိမ့်မဝင်နိုင်တော့တဲ့အခြေအနေ ဖြစ်ခဲ့တယ်လို့ ကလောမြို့ ဒေသခံတစ်ဦးက သူ့ယူဆချက်ကို ပြောပါတယ်။
ရေနဲ့အတူ မြေသားတွေပါလာပြီး တောင်ပြိုကျမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
ရပ်ကွက် ၁၁ ခုရှိတဲ့ ကလောမြို့ မှာ အိမ်ထောင်စုပေါင်း ၄,၀၀၀ ကျော်နဲ့ လူဦးရေ ၁၈,၀၀၀ နီးပါးရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်ကလုပ်ခဲ့တဲ့ "ကလော မြို့ပြသွင်ပြင်လဏ္ခာစစ်တမ်း" က ဖော်ပြပါတယ်။
၂၀၁၉ ခုနှစ်ကလုပ်တဲ့ အဲဒီစစ်တမ်းကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့အခြေစိုက် SKL International အဖွဲ့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြဖွံ့ဖြိုးမှု သုတေသနဌာနစိတ်၊ ကလောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းသုတေသန လုပ်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီစစ်တမ်းထဲမှာ နိုင်ငံတဝန်းက တခြားနေရာတွေမှာ သဘာဝဘေးနဲ့ ရာသီဥတုပြောင်းလဲတဲ့ ဒဏ်ကို ခံနေရတယ်ဆိုတာသိပေမဲ့ သူတို့နေရာဟာ ဘေးအန္တရာယ်များတဲ့ဒေသဖြစ်လိမ့်မယ် မထင်ကြောင်း ကလောမြို့ခံတွေက ဖြေဆိုထားကြပါတယ်။
အခုတော့ ကလောမြို့ခံတွေ မထင်ထားတဲ့ သဘာဝဘေးက လှပတဲ့တောင်ပေါ် မြို့လေးဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ကျရောက်ခဲ့တာပါ။
ဒီစစ်တမ်းအရ ကလောမြို့မှာ ၈၂ ရာခိုင်နှုန်းက လုံးချင်းအိမ်တွေ ဖြစ်ပါတယ်။ တစ်မြို့လုံးမှာ အုတ်ကို အများဆုံးအသုံးပြုပြီး အိမ်ဆောက်ထားတာက ၇၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။
ရပ်ကွက်အလိုက် ပျှမ်းမျှအသုံးပြုမှုကို နှိုင်းယှဥ်ကြည့်ရင်တော့ ရပ်ကွက် (၄) မှာ သစ်ကို ပိုအသုံးများပြီး ရပ်ကွက် (၃) မှာ ဝါးကို ပိုပြီးအသုံးများကြပါတယ်။
ဓနိနဲ့ သက်ကယ်ကို သုံးပြီးဆောက်တဲ့ အိမ်တွေက မြို့ရဲ့ အလယ်ဗဟိုမကျတဲ့ ရပ်ကွက် (၁)၊ (၃) နဲ့ (၁၁) တို့မှာ ပိုအသုံးပြုမှုများတာ တွေ့ရပါတယ်။
ဒီနေရာအားလုံးက ၂၀၂၄ စက်တင်ဘာရေကြီးမှုမှာ အဆိုးဆုံးပျက်စီးမှုတွေ ကြုံခဲ့ရတဲ့ ရပ်ကွက်တွေဖြစ်ပါတယ်။
တောင်ကျချောင်းက ရေစီးအားပြင်းလာပြီး ရေ ၁၀ ပေကျော်မြင့်တက်ခဲ့ချိန်မှာ အလွယ်တကူ အိမ်အလုံးလိုက်မျောပါတာ၊ မြေပြိုတဲ့အခါ အိမ်အလုံးလိုက်ပြိုလဲကျတာတွေဖြစ်ခဲ့တယ်လို့ တွေ့ရပါတယ်။
“အခုလိုဖြစ်တာ အသိပညာအားနည်းလို့လည်း ပါတယ်။ ချောင်းရေက နှစ်စဥ်ရေကြီးနေကျ၊ ၁၀ နှစ် တစ်ခါလောက် ရေက ၅ ပေလောက်အထိ ကြီးတဲ့နှစ်တွေ ရှိတယ်။ အခုလို အိမ်ခေါင်မိုးမြုပ်တဲ့အထိ မကြီးလောက်ဘူးထင်ပြီး ပေါ့ဆခဲ့ကြတာကြောင့်လည်း ဆုံးရှုံးမှုကြီးတာ” လို့ ကလောမြို့ခံ သင်္ဘောသားအရာရှိဟောင်းတစ်ဦးက သုံးသပ်ပါတယ်။
ကလောအလွန် တစ်ဘူတာမှာ ဘာတွေဖြစ်ခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, CJ
ကလောဘူတာအလွန် တောင်ကြီးမြို့ဘက်အတက်ဆိုရင် အောင်ပန်းမြို့ဘူတာရှိနေပြီး ကလောမြို့ ကနေ အောက်ဘက်ကိုဆင်းရင် မြင်းဒိုက်ဘူတာ ရောက်ပါတယ်။
ကလောချောင်းဟာ မီးရထား သံလမ်းနဲ့အပြိုင် ကလောမြို့ကို ဖြတ်ပြီး စီးဆင်းနေတာဖြစ်ပါတယ်။
မြို့လယ်ခေါင်မှာတော့ နာမည်ကျော် ကလောဘူတာ ရှိပါတယ်။ ကလောမြို့ အနောက်တောင်ဘက်မှာ ရှိနေတဲ့မြင်းဒိုက်ကျေးရွာအုပ်စုဘက်လာတောင်ကျချောင်းတွေရဲ့ ချောင်းရေတွေက မြို့ထဲကို အလုံးအရင်းဝင်ခဲ့တာဖြစ်ပါတယ်။
ကလောချောင်းရေတက်လာတဲ့အခါ မီးရထား သံလမ်းတလျှောက်မှာ ဆောက်ထားတဲ့ ကျူးကျော်အိမ်တွေ အရင်ဆုံးရေထဲမျောပါခဲ့ပါတယ်။
ရေနဲ့ မျောတဲ့ အိမ်ဆောက်ပစ္စည်းတွေရဲ့ အစိတ်အပိုင်းတွေက ကလောချောင်းကို ပိတ်သွားခဲ့ပြီး မြို့လယ်ခေါင်မှာ ရေဆင်းပေါက်မရှိတော့ဘဲ ရေတွေတက်လာခဲ့ပါတယ်။
“ချောင်းတလျှောက်မှာ ကျူးကျော်အိမ်တွေက အများကြီးဖြစ်နေတာ။ အုပ်ချုပ်ရေးမှူးတွေကလည်း ရောင်း၊ သူတို့ကလည်းဝယ်။ ချောင်းကိုတောင် ခွပြီး အိမ်တွေ ဆောက်ထားကြတယ်။ အိမ်တွေကလည်း အိမ်ကြီးအိမ်ကောင်းတွေမဟုတ်ဘူး” လို့ ကလောမြို့ခံ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
ကလောဒေသခံ ၃ ဦးရဲ့ ရှင်းပြချက်မှာတော့ တောင်ကျချောင်းရေတွေ တစ်မြို့လုံးကိုဝင်လာကာ တောင်တွေပြိုခဲ့ပြီး ရေပြင်ကျယ်ကြီးဖြစ်သွားတာလို့ ဆိုပါတယ်။
“တောင်ပြိုတဲ့မြေရော၊ ရေတွေရော ဆင်းလာတော့ ချောင်းဘေးကအိမ်တွေ အကုန်ပါသွားတယ်။ အဲဒီမှာ ချောင်းက ပိတ်သွားတယ်။ ရေစီးတဲ့လမ်းပျောက်သွားပြီးတော့ ရေပြင်က အရမ်းကျယ်သွားခဲ့တယ်။ ရေဆင်းမယ့်နေရာမရှိဘဲ ရေတွေ ပိုတက်လာတာ'' လို့ ကလောမြို့လယ်ခေါင် ရေကြီးရတဲ့ အကြောင်းအရင်းကို ကလောမြို့ ရပ်ကွက် (၄) မှာနေထိုင်သူ တစ်ဦးက ပြန်ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၁၉ ခုနှစ်က ကလောမြို့ စစ်တမ်းထဲမှာ ကလောမြို့ပေါ်မှာလူဦးရေတိုးလာပြီး စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုတွေရှိလာတယ်လို့ ပြောထားပါတယ်။
ဒါတင်မက မီးရထားလမ်းတလျှောက် ကျူးကျော်နေထိုင်သူတွေများလာပြီး အဲဒီကျူးကျော်သူတွေနဲ့ သစ်တောပြုန်းတီးမှုနဲ့ ဆက်စပ်နေတယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းနောက်ပိုင်း ကလောမြို့က အိမ်ရာစီမံကိန်းတစ်ခုမှာ အရောင်းလုပ်ငန်းပိုင်းဆိုင်ရာလုပ်ကိုင်သူတစ်ဦးနဲ့ မြို့ခံတစ်ဦးကတော့ ကျူးကျော်နေထိုင်သူတွေများလာတာနဲ့ သစ်တောပြုန်းတီးမှုတွေကြောင့် ကလောချောင်း ကျဥ်းမြောင်းခဲ့တာကနေ ရေကြီးမှုပိုဆိုးခဲ့တာလို့ ကောက်ချက်ချပါတယ်။
''၂၀၂၁ နောက်ပိုင်းကျတော့ ကျူးကျော်လာနေသူ ပိုများလာတယ်။ အိမ်ရာစီမံကိန်းတွေက မြေကွက်ဖော်တာတွေလည်း များလာတယ်'' လို့ ကလောက အိမ်ရာစီမံကိန်းတစ်ခုမှာ အရောင်းလုပ်ငန်းပိုင်းဆိုင်ရာ လုပ်ကိုင်သူက ပြောပါတယ်။
ကလောချောင်းကို တစ်ဖက် ၄ ပေစီ ထပ်ချဲ့ဖို့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကလောမြို့ခံတွေနဲ့ စစ်ကောင်စီအာဏာပိုင်တွေ ဆွေးနွေးခဲ့ကြတာမျိုးလည်း ရှိခဲ့ပါတယ်။
ဒါပေမဲ့ ကလောချောင်းနဲ့ ရထားလမ်းဘေးမှာရှိတဲ့ နေအိမ်တွေက နေရာဖယ်မပေးခဲ့လို့ ချောင်းချဲ့ဖို့ အစီအစဥ် ပျက်ခဲ့ရတယ်လို့ ကလောဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
“ရထားအာဏာပိုင်တွေကလည်း ထွေအုပ်ကို လွှဲချတာပေါ့။ အိမ်တွေများလာတာ ရထားနဲ့ မဆိုင်ဘူး ဆိုပြီး ပြောတာပေါ့။ နောက်မှဆောက်ကြတဲ့ ကျူးအိမ်တွေကလည်း အကုန်လုံးရွှေ့မှ ရွှေ့မယ်၊ အားလုံးမဟုတ်ရင် မဖယ်ပေးဘူးဆိုတာမျိုး အသံထွက်တယ်။ ထွေအုပ်ကလည်း ကလောဘူတာ ဘေးပတ်ဝန်းကျင်လောက်ကိုပဲ ချောင်းကို အရောင်ပြချဲ့ပြီး ကျန်တဲ့နေရာတွေကို ထပ်မချဲ့ဘူး” လို့ ကလောမြို့ခံ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒေသခံအချို့ကတော့ ကလောချောင်း တလျှောက်မှာ ရှိနေတဲ့ အတားအဆီးတွေကို ကြိုတင်ဖယ်ရှားထားဖို့ လိုသလို ကျဉ်းနေတဲ့ ချောင်းကိုချဲ့ပေးရမယ်လို့ ပြောပါတယ်။
''နန်းသဲဘက်ဆိုရင် မိုးကုတ်ရိပ်သာသွားတဲ့ လမ်းဘက်မှာရှိတဲ့ ရေလမ်းကြောင်းက ပျောက်နေပါတယ်။ ရေကြီးရေလျှံဒဏ်ကို ခံနိုင်ဖို့ ချောင်းနေရာကို စနစ်တကျပြန်လည် သတ်မှတ် ဖော်ဆောင်ဖို့လိုအပ်ပါတယ်'' လို့ ကလောမြို့ခံတစ်ဦးကလည်း မှတ်ချက်ပြုထားပါတယ်။
ထင်းရှူးပင်တွေကြားမှာ အိမ်ရာစီမံကိန်းတွေ ဘယ်လိုပေါ်လာလဲ

ဓာတ်ပုံ ရင်းမြစ်, CJ
ကလောမြို့ရဲ့ ထူးခြားတဲ့ ဝိသေသ အမှတ်သရုပ်ဟာ ထင်းရှူးပင်တွေဖြစ်ပါတယ်။ မြို့ပတ်ဝန်းကျင် တစ်ခုလုံးကို စိမ်းလန်းတဲ့ ထင်းရှူးတောတွေနဲ့ ဖုံးလွှမ်းထားပါတယ်။
တစ်ဖက်မှာလည်း အေးချမ်းတဲ့ပတ်ဝန်းကျင်၊ သာယာတဲ့ရာသီဥတုရှိတဲ့ ကလောမြို့ရဲ့အလှကပဲ အန္တရာယ်တွေကို ဖိတ်ခေါ် နေတဲ့ပုံမျိုး ဖြစ်နေပြန်ပါတယ်။
မြို့ခံငွေကြေးချမ်းသာသူတွေအပါအဝင် နိုင်ငံတဝန်းက စီးပွားရေးလုပ်ငန်းရှင်တွေဟာ လှပတဲ့ ထင်းရှူးပင်တွေကြားမှာ အိမ်ရာစီမံကိန်းတွေဖော်ဖို့ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစပြီး မျက်စိကျလာခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ကလောမြို့ပတ်ဝန်းကျင်ရဲ့ နေရာစုံမှာ အိမ်ရာစီမံကိန်း အခု ၃၀ ထက်မနည်း ပေါ်လာခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောကြပါတယ်။
“ကလောအရှေ့ဘက် အင်းပြင်ရွာဘက်မှာရှိတဲ့ အရင် လွင်မိုးကုန်းလို့ခေါ်တဲ့နေရာက ဧက ၁၀၀ လောက်မှာ အကွက်ဖော်တယ်။ ဦးသောင်းရွှေကုန်းလို့ ခေါ်တဲ့နေရာမှာလည်း ဧက ၁၀၀ ကျော်တယ်။ Country Home ကတော့ တောင်စောင်းပေါ်မှာ အိမ်ရာတည်ထားတာ အိမ် ၃၀၊ ၄၀ ရှိမယ်။ မြို့ပေါ်မှာ လာဗင်ဒါအိမ်ရာ စီမံကိန်းရှိတယ်။ သူက ကလောသင်္ချိုင်းနားမှာ"
"နောက်ပြီး မြင်းကရွာဘက်က ကလောဗီလာ ယူထားတာလည်း ဧကများတယ်။ အိမ်ရာကတော့ မဖော်ရသေးဘူးပေါ့။ လက်ရှိတော့ ဝယ်ထားပြီးကြပြီ'' မြို့ခံတစ်ဦးက ကလောမြို့မှာပေါ်လာတဲ့ အိမ်ရာစီမံကိန်းတွေနဲ့ပတ်သက်ပြီး ဘီဘီစီကို ရှင်းပြပါတယ်။
ဒါအပြင် မိုင်းလုံးတောင်ခြေမှာရှိတဲ့ အိမ်ရာစီမံကိန်းတခုရဲ့ မြေကွက်နဲ့ ပတ်သက်ပြီး သစ်တောဦးစီးဌာနနဲ့ အထင်ကရဘဏ်ကြီးတခုတို့ ကကြားမှာလည်း မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အမှုဖြစ်နေတယ်လို့ သိထားရကြောင်း အမှုအကြောင်းသိထားတဲ့ မြို့ခံတစ်ဦးကပြောပါတယ်။
မြို့ခံအချို့ကတော့ ကလောမြို့ အခုလို သဘာဝဘေး ဆိုးဆိုးဝါးဝါးခံစားရတာဟာ မြို့ပတ်ဝန်းကျင်မှာရှိတဲ့ ထင်းရှူးတောတွေကို ခုတ်ပြီး အိမ်ရာစီမံကိန်းတွေ ပေါ်လာတာကြောင့်ဖြစ်တယ်ဆိုပြီး ဝေဖန်ကြပါတယ်။
“ထင်းရှူးပင်တွေကြားမှာ အိမ်ရာစီမံကိန်းတွေလုပ်နေတယ်။ ကျွန်တော်က သစ်ပင်ချစ်တဲ့သူဆိုတော့ စိတ်မကောင်းဘူး” လို့ အိမ်ရာစီမံကိန်းတွေအကြောင်းသိသူတစ်ဦးက ဘီဘီစီကို ရင်ဖွင့်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ကလောမြို့ပေါ်က အိမ်ရာစီမံကိန်းရောင်းချတွေပွဲကို ရန်ကုန်၊ မန္တလေးမြို့ကြီးတွေရဲ့ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာ ပရိုမိုရှင်းပွဲတွေလုပ်ခဲ့ပါတယ်။ ကလောရဲ့ လှပတဲ့ရှုခင်း၊ အဆင့်မြင့်ဇိမ်ခံအိမ်ပုံစံတွေနဲ့ ဆွဲဆောင်ပြီး အိမ်ရာတွေ ရောင်းနေတာပါ။
“တရားဝင်မဖြစ်သေးခင် သစ်တောကို အရင်အပြောင်ရှင်းထားလိုက်ပြီး မြေကွက်ဖေါ်လိုက်တယ်။ နောက်ပြီးမှ သစ်တောနဲ့ ညှိမယ်ဆိုပြီးလုပ်ကြတာပေါ့” လို့ ဘီဘီစီ အိမ်ရာစီမံကိန်းတွေအကြောင်းကို သိထားတဲ့မြို့ခံတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ မြေအထောက်အထား ပိုင်ဆိုင်မှုကိုတော့ ဌာနဆိုင်ရာတွေမှာ လျှောက်ထားဆဲဖြစ်တယ်လို့ ကလောအိမ်ခြံမြေစျေးကွက်အကြောင်းသိသူတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
“လူသိပ်မမြင်ရတဲ့ မြို့ပတ်ဝန်းကျင်က ရွာတွေမှာ ထင်းရှုးတွေကို ခုတ်တာ။ ပထမဆုံးထင်းရှူးတောကို ခြံခတ်လိုက်တယ်။ ပြီးရင် အပင်ခုတ်တယ်။ နောက်ဆုံးမှာ မြေတွေကို ပြန်ပိုင်းပြီး အိမ်ရာတွေဖော်တာ” လို့ ကလောမြို့မှာ နှစ် ၃၀ ကျော် နေထိုင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ရင်းမြစ်, CJ
ကလောမြို့နယ်ထဲက အိမ်ရာစီမံကိန်းအသစ်တွေကို ရန်ကုန်၊ မန္တလေးက ငွေကြေးချမ်းသာသူတွေ အဓိက လာဝယ်ကြသလို လက်ရှိမှာ ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က သူဌေးကြီးတွေကလည်း ရတဲ့စျေးနဲ့ လိုက်ဝယ်နေကြတယ်လို့ မြို့ခံ အိမ်ခြံမြေအကျိုးဆောင်တစ်ဦး က ပြောပါတယ်။
“အသစ်ရောက်လာသူတွေက အာဏာပိုင်တွေနဲ့ ပေါင်းပြီး အိမ်တွေဆောက်တယ်။ ရထားလမ်း ဘေးမှာဆို ၁၀ ပေလောက်အခန်းပဲ ရရဆိုပြီး ဖြစ်သလိုဆောက်ကြတယ်။ ကလောမှာ လူသစ်တွေ အရမ်း များသွားပြီ” လို မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူကတော့ ကလောမြို့နယ် တစ်ခုလုံး နီးပါးဟာ သစ်တောကြိုးဝိုင်းထဲမှာ ပါဝင်နေပြီး ပတ်ဝန်းကျင်ပျက်သွားလို့ အခုလို သဘာဝဘေးကို ဆိုးဆိုးဝါးဝါး ခံလိုက်ရတာလို့ ဘီဘီစီကို မှတ်ချက်ပေးပါတယ်။
“မြို့မှာ မြေကို အသုံးချတဲ့ပုံစံ ပြောင်းသွားတယ်၊ ရေစီးရေလာ မကောင်းတော့ဘူး။ ကလောက လှတယ် ဆိုပြီးတော့ ပိုက်ဆံရှိတဲ့လူတွေက မြေတွေဝယ်ပြီး အိမ်ဆောက်ကြတယ်။ သစ်တောမြေတွေကို ကျူးကျော်ပြီးလုပ်ကြတာပေါ့" လို့ ဦးဝင်းမျိုးသူက ဘီဘီစီကို ပြောပါတယ်။
ဦးဝင်းမျိုးသူ ထောက်ပြချက်က ဘီဘီစီက မေးမြန်းခဲ့တဲ့ ကလောမြို့ခံအများစုရဲ့ ပြောကြားချက်တွေနဲ့လည်း ထပ်တူကျပါတယ်။
၂၀၁၉ ခုနှစ်တုန်းကလုပ်ခဲ့တဲ့ "ကလော မြို့ပြသွင်ပြင်လက္ခဏာ စစ်တမ်း" အရဆိုရင်တော့ ကလောမြို့နယ် မြေဧရိယာရဲ့ ၂၃ ရာခိုင်နှုန်းကျော်ဟာ စိမ်းလန်းတဲ့နယ်မြေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မြို့ခံတွေကတော့ ရာသီဥတုပြောင်းလဲလာတာကြောင့် လာမယ့်နှစ်တွေမှာလည်း အခုလို ရေကြီး မြေပြိုတာတွေ ဖြစ်နိုင်လာတယ်လို့ ယူဆထားကြပါတယ်။
''ဒီလိုဖြစ်စဉ်မျိုး ဒီတစ်ကြိမ်နဲ့ ပြီးသွားမှာမဟုတ်တာကတော့ သေချာနေပါပြီ။ ဒီလောက် မဟုတ်တောင် ဒီလောက်နီးပါးရှိတဲ့ ရေကြီး ရေလျှံမှုမျိုးတွေ ထပ်ဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲ၊ ကြိုတင် စီမံထားဖို့လိုအပ်နေပါပြီ'' လို့ ကလောမှာ ခရီးသွားလုပ်ငန်းလုပ်ကိုင်တဲ့ မြို့ခံတစ်ဦးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သတိပေးထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံထဲက သစ်တောပြုန်းတီးမှုအများဆုံး နေရာဟာ ရှမ်းပြည်နယ်ဖြစ်တယ်လို့ ပတ်ဝန်းကျင်ပျက်စီးမှုနဲ့ သစ်တောပြုန်းတီးတာတွေကိုစောင့်ကြည့်လေ့လာနေတဲ့ ကမ္ဘာ့သစ်တောစောင့်ကြည့်ရေးအဖွဲ့ (Global Forest Watch) အဖွဲ့ က ထုတ်ပြန်ပါတယ်။
အဲဒီအထဲမှာ ကလောမြို့နယ်ပါဝင်တဲ့ တောင်ကြီးခရိုင်ဟာ ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်အတွင်း သစ်တောဖုံးလွှမ်းမှုဧရိယာ ၁၁၆ ဟက်တာအထိ ပျောက်ဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါဟာ ၂၀၀၀ ခုနှစ်က ရှိခဲ့တဲ့ သစ်တောအခြေအနေနဲ့ နှိုင်းယှဥ်ရင် သစ်တောဧရိယာ ၁၂ ရာခိုင်နှုန်းအထိ လျော့ကျသွားတာလို့ ကမ္ဘာ့သစ်တော စောင့်ကြည့်ရေးအဖွဲ့ က ပြောပါတယ်။
ဘီဘီစီနဲ့စကားပြောခဲ့တဲ့ ကလောမြို့ခံ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးကတော့ နောက်ကြုံလာရနိုင်တဲ့ သဘာဝဘေးကို ခံနိုင်ဖို့ ထင်းရှူးပင်တွေကို မခုတ်ဖို့က အရေးကြီးဆုံးဖြစ်တယ်လို့ သူ့ယူဆချက်ကို အခိုင်အမာပြောပါတယ်။
''ထမင်းစားဖို့ ထင်းရှူးပင်လေး တစ်ပင်နှစ်ပင်ခုတ်ပြီး ထင်းရှူးဆီလေးကို ဒေသခံတွေက ၅ ရက် တစ်ခါစျေးမှာ ထုတ်ရောင်းရင် သစ်တောက အရေးယူလို့ မဆုံးဘူး။ အိမ်ရာဖော်ဖို့ ဧက ရာနဲ့ချီ ခုတ်ရင် ဘာမပြောတော့ဘူး။ တစ်ပင်ခုတ်ရင် အရမ်းအပြစ်ကြီးပြီးတော့ တစ်တောလုံးခုတ်ရင် အပြစ်လွတ်တယ်” လို့ ဘီဘီစီကို ပြောပါတယ်။
ကလောဟာ မြန်မာနိုင်ငံအတော်များများမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်မီး မကူးသေးတဲ့ဒေသဖြစ်လို့ အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း စစ်ဘေးရှောင်တွေ အပါအဝင် မြန်မာနိုင်ငံ နေရာစုံကလူတွေ စံချိန်တင် ပြောင်းရွှေ့လာကြတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
“ဒီလို ခုတ်ချင်သလိုခုတ်ပြီးလုပ်နေရင် နောက်ဆို ထင်းရှူးမြို့တော်ကလော ဆိုတာ နာမည်သက်သက်ပဲ ကျန်တော့မှာ” လို့ မြို့ခံတစ်ဦးက သူ့စိုးရိမ်ချက်ကို ရင်ဖွင့်ပါတယ်။











