အရင်ရေ မကုန်ခင် နောက်မိုးရွာတဲ့အခါ

ရေကြီးနစ်မြုပ်ခဲ့တဲ့နေရာကနေ တိမ်းရှောင်နေကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရေကြီးနစ်မြုပ်ခဲ့တဲ့နေရာကနေ တိမ်းရှောင်နေကြသူတွေ

မုန်တိုင်းယာဂီ အကြွင်းအကျန်ကြောင့် ရေကြီးနစ်မြုပ်တာနဲ့ တောင်ပြိုတာတွေဖြစ်ပြီး လူအသေအပျောက်တွေရှိခဲ့တဲ့ ဖြစ်ရပ်ဟာ စက်တင်ဘာ လလယ်ပိုင်းအတွင်းမှာ ဖြစ်ပေါ်ခဲ့ပါတယ်။

အောက်တိုဘာ လဆန်းပိုင်းကို ရောက်လာတဲ့အထိ တချို့နေရာတွေမှာ ရေမကျသေးပါဘူး။

ဒီအခြေအနေမှာပဲ နောက်ထပ် မိုးများလိမ့်ဦးမယ်လို့ သတိပေးချက်တွေ ထပ်ရှိလာပါတယ်။

အောက်တိုဘာ ၁ ရက်ကနေ ၅ ရက်အတွင်း ဒေသအလိုက် မိုးကြီးတာတွေ ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ထားတာပါ။

အကြောင်းကတော့ လေပွေလှိုင်းအရှိန်၊ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းအားကောင်းတာ၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်က လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်က လေဖိအားကြီးရပ်ဝန်းကနေရွေ့လျားလာတဲ့ တိမ်တိုက်တွေတွေ့ဆုံတာ ကြောင့် ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်က တိုင်ဖွန်းမုန်တိုင်း ကရသွန်ကနေ ပြတ်ထွက်လာတဲ့ တိမ်တွေကလည်းရှိနေပါသေးတယ်။

အကျိုးဆက်အဖြစ် တိုင်းနဲ့ပြည်နယ်အားလုံးမှာ နေရာအနှံ့မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

အခုမိုးများနိုင်တဲ့နေရာတွေဟာ အရင်ရေကြီးခဲ့တဲ့ နေရာတွေပါသလို နောက်ထပ် အသစ်တိုးတဲ့ တိုင်းနဲ့ပြည်နယ်တွေလည်း ပါတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

“ ဖြစ်ပြီးသားနေရာတွေက ရေပြန်ကျပေမဲ့ တချို့နေရာတွေက ရေကျန်တာတွေရှိတယ်။ နောက်ထပ်ရွာမယ်ဆိုရင် ပြန်ပြီးသတိထားစရာတွေ ဖြစ်လာမယ်ပေါ့’’ လို့ ဦးလှထွန်းက ဘီဘီစီကို ပြောပါတယ်။

မဖြစ်ခဲ့တဲ့ နေရာ စစ်ကိုင်းတိုင်းတို့ဆိုရင်လည်း မြေပြိုတာတွေဖြစ်နိုင်ပြီး မိုးသည်းထန်စွာရွာသွန်းရင် နောက်ဆက်တွဲ မြေပြိုတဲ့သဘာဝဘေးက ချင်း၊ စစ်ကိုင်း၊ ဧရာဝတီနဲ့ချင်းတွင်းမြစ်ဖျားခံတဲ့ နေရာတွေမှာ သတိထားရမယ် လို့ သူကပြောပါတယ်။

ရေမကျသေးတဲ့နေရာတွေမှာ ဘာတွေဖြစ်နေလဲ

အောက်တိုဘာ ၁ ရက်မှာ ရေပြန်တက်တဲ့ကလောမြို့

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၁ ရက်မှာ ရေပြန်တက်တဲ့ကလောမြို့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရှမ်းပြည်နယ်၊ ကလောမြို့မှာဆိုရင် ရေကြီးနစ်မြုပ်တာ၊ မြေပြိုတာတွေကြောင့် သေဆုံးသူ ၆၀ ကနေ ၁၀၀ ကြား ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်သူတွေက ပြောပါတယ်။

ရေကြီးနစ်မြုပ်ခဲ့တဲ့ ရပ်ကွက်တွေမှာ ရေပြန်ကျချိန်နေအိမ်တွေ၊ လမ်းတွေ၊ ခြံဝန်း‌တွေထဲကျန်ခဲ့တဲ့ နွံတွေကို ပရဟိတအဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်း လူငယ်တွေ စုပေါင်းပြီး ဖယ်ရှားပေးနေတာဆိုရင် ၉၀ ရာခိုင်နှုန်းလောက် ပြီးသွားပါပြီ။

ပရဟိတအဖွဲ့တွေရဲ့ပြောဆိုချက်အရ ကလောမြို့မှာ ရေကြီးနစ်မြုပ်တာကြောင့် ရေဘေးရှောင်နေရသူတွေထဲက ၁၀ ရာခိုင်နှုန်းလောက်သာ ပြန်နေလို့ ရကြပြီး အများစုက နွံတွေအိမ်ထဲ ကျန်နေတာကြောင့် ပြန်လို့မရကြသေးပါဘူး။

“အိမ်တွေမှာ ပြန်နေကြဖို့က ကြာဦးမယ်ထင်တယ်။ မိုးလုံးဝပြတ်မှပဲ။ နွံရှင်းပြီးရင်တောင် အိမ်ထောင်ပရိဘောဂတွေ ပြန်သန့်ရှင်းရမှာ အများကြီးကျန်သေးတယ်”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒါပေမဲ့ စက်တင်ဘာ ၃၀ ရက်က မိုးစရွာပြီး အောက်တိုဘာ ၁ ရက်နေ့ ညနေ ၄ နာရီလောက်ကနေ ည ၁၀ နာရီအထိ ရေတွေ ထပ်တက်လာတာကြောင့် ပစ္စည်းတွေ ကူညီရွှေ့ပေးခဲ့ရတယ်လို့ ကလောမြို့မှာ ကူညီပေးရေး လုပ်ကိုင်ပေးတဲ့ ပရဟိတအဖွဲ့အစည်းတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“ဒီနေ့မနက်တော့ ပြန်ကျသွားပါပြီ။ မိုးလည်း တိတ်သွားပြီ။ မြို့ပေါ်မှာ တချို့အိမ်တွေ ရှင်းနေတုန်း မိုးပြန်ရွာတော့ ရေပြန်ဝင်တယ်၊ နွံတွေပြန်ရှင်းရတာဆိုတော့ ပိုအလုပ်ရှုပ်သွားတာပေါ့။ အခု ရေတက်တာကတော့ အိမ်တွေမြုပ်တဲ့အထိတော့ မဖြစ်လိုက်ဘူး” လို့ အောက်တိုဘာ ၂ ရက်မှာ သူက ပြောပါတယ်။

ဒီရက်ပိုင်းမှာ ရွာတဲ့မိုးကြောင့် အင်းလေးကန်ရဲ့ ရေဝေရေလဲဒေသဖြစ်တဲ့ ကလောမြို့မှာ ရေနည်းနည်းလောက်သာ တက်ခဲ့ပေမဲ့ အင်းလေးကန်မှာတော့ ပုံမှန်အခြေအနေရောက်တဲ့အထိ ရေပြန်မကျသေးဘူးလို့ အင်းထဲ နေထိုင်သူတွေက ပြောပါတယ်။

ညောင်ရွှေမြို့နယ်နဲ့ အင်းလေးကန်ထဲမှာ ရေနစ်မြုပ်နေသေးတဲ့ ကျေးရွာပေါင်း ၆၀ လောက် ရှိနေသေးပြီး ရေဘေးရှောင်စခန်း ၃၀ ဝန်းကျင်မှာလည်း ဆက်ပြီးနေနေကြရပါသေးတယ်။

“အလှူရှင်တွေလည်း နည်းသွားတယ်။ လာတဲ့အလှူရှင်အဖွဲ့အစည်းတွေကလည်း အင်းလေးကန် တောင်ဘက်ခြမ်းကို ဆင်းကြတာများတယ်။ အလှူရှင်တွေက တချို့နေရာမှာ အရောက်များပြီး မရောက်တဲ့ နေရာတွေ မရောက်ကြဘူး။ သူတို့က ဘယ်နေရာလိုအပ်တယ်ဆိုတာ မသိဘူးလေ”

လို့ အင်းထဲနေထိုင်သူ တစ်ဦးကပြောပါတယ်။

ဒါ့အပြင် လက်ရှိမိုးတွေဆက်တိုက်ရွာနေတာကြောင့် ရေပြန်မကျမှာ၊ ရေကျချိန် ကြာမှာကိုလည်း စိတ်ပူနေကြတာပါ။

အင်းလေးကန်ထဲမှာ အိမ်ခြေ အလုံး ၆၀ ဝန်းကျင် ရေနစ်မြုပ်နေတဲ့ သပြေပင်ထောင့်ကျေးရွာ အမှတ် ၁ နဲ့ အမှတ် ၂ မှာဆိုရင် အလှူရှင်တွေ၊ ကူညီပေးတဲ့ အဖွဲ့အစည်းတွေ ရောက်လာတာ မရှိတာကြောင့် အခက်အခဲတွေ ဖြစ်နေကြတယ်လို့လည်း အင်းလေးဒေသခံတစ်ယောက်က ပြောပါတယ်။

“ရွာရေမြုပ်ပြီး လုံးဝအလှူရှင်မရောက်တဲ့ရွာပါ” လို့ သူက ပြောပါတယ်။

ရေပြန်မကျဘူးဆိုရင် အင်းထဲမှာနေကြရတဲ့ ကျေးရွာတွေမှာ ရိက္ခာတွေပြတ်တောက်သွားမှာကိုလည်း စိုးရိမ်နေကြသလို ရေမြုပ်နေတဲ့ ကျေးရွာတွေဆိုရင်လည်း နေအိမ်တွေက ဒီထက်ပိုပြီး ရေဘေးကို တောင့်မခံနိုင်မှာကိုလည်း စိုးရွံ့နေကြတာပါ။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)က တာချီလိတ်မြို့နယ်မှာလည်း အောက်တိုဘာ ၁ ရက်မှာ နာရီဝက်ဝန်းကျင်လောက် မိုးရွာခဲ့တာတောင်မှာ လမ်းပေါ်ကို ရေတက်ခဲ့ပါတယ်။

လူမှုကူညီရေးအဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ လူ ၁၅ ယောက် ဝန်းကျင် သေဆုံးခဲ့တဲ့ တာချီလိတ်မြို့မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပြန်စတင်ဖို့ ရုန်းကန်နေကြရတုန်းပါ။

“ပရဟိတတွေကတော့ ပြန်လည်ထူထောင်ရေးတွေအတွက်ပဲ လုပ်နေကြတယ်။ ကြီးကြီးမားမား ရွှေ့ပြောင်းတာတော့ မရှိသေးဘူး။ တချို့နေရာတွေကတော့ ပြန်နေလို့မရဘူး” လို့ တာချီလိတ်မြို့မှာ ကူညီကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ပရဟိတအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ရှမ်းပြည်နယ်ထဲက လွိုင်လင်မြို့နယ်မှာလည်း ပြန်လည်ထူထောင်ရေးတွေအတွက် လုံးပမ်းနေကြချိန်မှာပဲ မိုးတွေဆက်တိုက်ရွာနေဆဲဖြစ်ပါတယ်။

ရေဘေးရှောင်တွေ၊ မြေပြိုတာကြောင့် နေအိမ်တွေ ပျက်စီးဆုံးရှုံးသွားသူတွေလည်း ဘုန်းကြီးကျောင်းတွေမှာပဲ ရှိနေပါသေးတယ်။

“ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက တောင်ပြိုလို့ ကားတွေလည်း ချောက်ထဲကျကုန်တာတွေရှိတယ်။ အကူအညီပေးတဲ့အဖွဲ့တွေတောင် လမ်းတွေပျက်လို့ ရောက်မလာနိုင်ခဲ့ကြဘူး၊ အခုက လမ်းပြန်ပြင်ထားပေမဲ့ ကားအကြီးတွေပဲ သွားလို့ရသေးတယ်” လို့ လွိုင်လင်ဒေသခံတစ်ယောက်က ပြောပါတယ်။

လွိုင်လင်မြို့နယ်ကလည်း တောင်တွေဘေးမှာ ရှိနေတဲ့ရွာတွေများတာကြောင့် နောက်ထပ်မိုးများလာရင် မြေပြိုမှာကိုလည်း စိုးရိမ်နေကြရပါတယ်။

နောက်ထပ် မိုးကြီးနိုင်တာတွေကို ဘယ်လိုသတိပေးကြလဲ

ရေဘေးရှောင်လာကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရေဘေးရှောင်လာကြသူတွေ

“သတိထားရမှာက ဒေသအလိုက်ပေါ့၊ တောင်ကျချောင်းရေ ပေါတဲ့နေရာဆိုရင် သဘောသဘာဝအရ မိုးများရင် ရေစီးသန်တယ်။ မြစ်ရေကတော့ တရိပ်ရိပ်တက်တာပေ့ါ။ တောင်ကျချောင်းရေ အရှိန်က မြစ်ရေထက် ပိုပြီးဖျက်ဆီးမှုအားကောင်းတာပေါ့။ လျှပ်တစ်ပြက်ရေကြီးတာတွေ ဖြစ်တာပေါ့” လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ မိုးရွာနိုင်တဲ့ နေရာနဲ့ မိုးကြီးနိုင်တာတွေကို ထုတ်ပြန်ထားတာတွေရှိနေပေမဲ့ စက်တင်ဘာက ရေကြီးခဲ့ပြီး နောက်ထပ်ရေကြီးနိုင်တဲ့ မြို့နယ်တချို့မှာတော့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက သတိပေးတာတွေ မရှိသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

“အချင်းချင်းပဲ သတိပေးကြရတာများပါတယ်။ သေဆုံးထိခိုက်တာတွေ မရှိအောင်လို့တော့ သီးသန့်ပြင်ဆင်တာတော့ မရှိဘူး။ အဓိကကတော့ တောင်ခြေတွေမှာ နေတဲ့သူတွေကို မြေပြိုမှာကို သတိပေးထားတယ်။ အရင်ရက်တွေကလည်း မိုးရွာထားတော့ ပိုသတိထားရမယ်”လို့ တာချီလိတ်က ပရဟိတအဖွဲ့အစည်းတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

စက်တင်ဘာ လလယ်ကနေ အခုထိ ရေနစ်မြုပ်နေတဲ့ ညောင်ရွှေမြို့နယ်၊ အင်လေးကန်ထဲက ကျေးရွာတွေတချို့ကိုတော့ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတဆင့် အသိပေးတာတွေ ရှိတယ်လို့တော့ ပြောပါတယ်။

ဒါပေမဲ့ ရေပြန်တက်လာရင် အရေးပေါ် ရေဘေးရှောင်နိုင်ဖို့အတွက်တော့ “အဝတ်အစားတွေကို အဆင်သင့်ထုတ်ထားတယ်။ ဒီထပ်ပိုမြုပ်လာရင် လွတ်ရာသွားဖို့ စက်လှေတွေ ပြင်ထားတယ်”လို့ ကိုယ်ထူကိုယ်ထ ပြင်ဆင်ထားရတဲ့ အခြေအနေတွေကို အင်းလေးဒေသခံတစ်ယောက်က ပြောပါတယ်။

အင်းလေးကန်ထဲက ရေဘေးရှောင်စခန်းတွေမှာလည်း အခုချိန်အထိ ဆက်နေကြရပြီး နောက်ထပ် မိုးများလို့‌ ရေကြီးမှာကိုလည်း စိုးရိမ်နေကြပါတယ်။

“ရေနဲ့နီးတယ်ဆိုပေမဲ့ ရေအရမ်းကြီးလာတဲ့အချိန်မှာ ရိုးရိုးလက်ခတ်လှေနဲ့ဆို မရုန်းနိုင်ဘူး။ တရွာနဲ့တရွာသွားရင်း လေတအားထန်ပြီး လှိုင်းကြီးတော့ လှေအသေးတွေဆိုတော့ လှေမှောက်ပြီး ဆုံးကြတာလည်းရှိတယ်။ လွိုင်ကော်ကနေ စစ်ဘေးရှောင်လာတဲ့ မိသားစုတစ်ခုဆိုရင် အင်းတိန်ချောင်းဘေးမှာ တဲထိုးနေတာ၊ ရေစီးအရှိန်နဲ့ တဲရောလူတွေရော တမိသားစုလုံး ပါသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နောက်ထပ်လည်း ဒီလိုဖြစ်ရပ်မျိုး ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

ရေဘေးသင့်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်နေတာ၊ သဘာဝဘေးအန္တရာယ်ကနေ ကြိုတင်ပြင်ဆင်တာတွေအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို မေးမြန်းဖို့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ယာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံတာ၊ မြေပြိုတာတွေကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၃၈၄ ယောက်ရှိပြီး ပျောက်ဆုံးသူ ၈၉ ယောက်ရှိတယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။