ဂျပန်ကနေ အခြေတည်တဲ့ ကယ်လီဖိုးနီးယားက ရေကြီးမှုတွေ

ကယ်လီဖိုးနီးယားက ဂရန်ဗဲလ် အရပ်မှာ ခြောက်သွေ့ရာသီဥတုဒဏ် ခံရပြီးနောက် ရေလွှမ်းနေတာကို ကောင်းကင်မြင်ကွင်းမှ ရိုက်ယူထားစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကယ်လီဖိုးနီးယားက ဂရန်ဗဲလ် အရပ်မှာ ခြောက်သွေ့ရာသီဥတုဒဏ် ခံရပြီးနောက် ရေလွှမ်းနေတာကို ကောင်းကင်မြင်ကွင်းမှ ရိုက်ယူထားစဉ်
    • ရေးသားသူ, ဆိုဖီ ဟာ့ချ်
    • ရာထူးတာဝန်, BBC Future

ဖေဖော်ဝါရီလရဲ့ မနက်ခင်း အစောပိုင်းမှာ အမေရိကန်လေတပ်ရဲ့ လေယာဉ်မှူး နိတ်ထ်ဝါဒဲလ် တစ်ယောက် ဂျပန်၊ တိုကျိုမြို့ အနောက်ဘက် ယိုကိုတာလေတပ်စခန်းကနေ လေယာဉ် စတင်ပျံတက်ပါတယ်။

သူက မုန်တိုင်းဖြစ်ရာ နေရာတွေကို ခြေရာခံလိုက်ရှာရသူ တယောက်ပါ။

ဖူဂျီတောင်ကြီး ဘက်ကိုအရောက် လေထု မငြိမ်သက်ဖြစ်တဲ့အခြေအနေကို သူ ဖြတ်ကျော်ရင်း ပြာလဲ့လဲ ပစ္စဖိတ်သမုဒ္ဒရာ ရေပြင်ကျယ်ကြီးဘက်ကို ဦးတည်ပျံသန်းပါတယ်။

သူ့ ဦးတည်ချက်က atmospheric river လို့ လူသိများတဲ့၊ ပူပြင်းခြောက်သွေ့ပြီးနောက် မိုးသည်းထန်မှုဖြစ်စေတဲ့ လေထုမြစ်တွေ ပေါ်ထွက်ရာ ဂျပန် ကမ်းရိုးတန်းကို သွားဖို့ ဖြစ်ပါတယ်။

လေထုမြစ် ဆိုတာကတော့ ကောင်းကင်ယံမှာ အလွယ်တကူမြင်နိုင်ဖို့ ခက်ခဲလှတဲ့ ငွေ့ရည်ဖွဲ့မှုတွေ ဖြစ်ပါတယ်။ လေယာဥ်မှူး ဝါဒဲလ် လိုက်ရှာနေတာကတော့ ပစ္စဖိတ်သမုဒ္ဒရာကနေ အရှေ့ဘက်ကို ဦးတည်ရွေ့လျားနေတဲ့ အမေရိကန်အနောက်ဘက် ကမ်းရိုးတန်းဒေသ တိမ်စိုင်တွေ ဖြစ်ပါတယ်။

လေထုမြစ်တွေဟာ ကမ်းရိုးတန်းကတဆင့် တောင်တန်းတွေပေါ်ရောက်၊ ငွေ့ရည်ဖွဲ့ အေးမြလာပြီး မိုး ဒါမှမဟုတ် နှင်း အဖြစ် မြေပြင်ပေါ် ကျလာတဲ့အခါ ရေကြီးတာတွေ၊ နှင်းထုပြိုကျတာတွေ ဖြစ်တတ်ပါတယ်။

ဒါပေမဲ့ ဒီလို ငွေရည်ဖွဲ့ ရွာသွန်းမှုတွေကနေ မိုးခေါင်တတ်တဲ့ ကယ်လီဖိုးနီးယားအတွက် ကောင်းကွက် အချို့ရှိပါတယ်။ ဒီလေထုမြစ်တွေကြာင့် မိုးနဲ့ ဆီးနှင်းရွာတဲ့နှုန်းဟာ ရက်အနည်းငယ်အတွင်းမှာတင် တစ်နှစ်လုံးစာ မိုးရချိန်စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းအထိ ရနိုင်တာကြောင့်ပါ။

ဒီလေထုမြစ်တွေဟာ ဆောင်းတွင်းမှာ ဖြစ်လေ့ရှိပါတယ်။ မုန်တိုင်းတွေကို ခြေရာခံတဲ့လေယာဥ်မှူး ဝါဒဲလ်တို့အတွက်တော့ နွေမှာဖြစ်တဲ့ ဟာရီကိန်းမုန်တိုင်းရာသီအလွန်မှာ ထပ်တိုးလာတဲ့အလုပ်ပါ။

''တစ်နှစ်လုံးမှာ ကျွန်တော်တို့ရဲ့အဓိကအလုပ်က ဟာရီကိန်း မုန်တိုင်း ဘယ်မှာ စပေါ်လာနေပြီဆိုတာ လိုက်ကြည့်ရတာပါ'' လို့ လေယာဥ်မှူး ဝါဒဲလ်ကပြောပါတယ်။

သူက လေတပ်ရဲ့ အမှတ် ၅၃ မိုးဇလအချက်အလက်ထောက်လှမ်းရေးလေယာဉ်အုပ်စုက ဖြစ်ပါတယ်။ များသောအားဖြင့် မေလကနေ နိုဝင်ဘာအထိ ဟာရီကိန်းမုန်တိုင်းဖြစ်တဲ့ တိမ်တိုက်စုကြီးတွေကို ထိုးဖောက်ပျံသန်းပြီး အဲဒီမုန်တိုင်း တိမ်စိုင်ကြီးထဲကို မိုးဇလတိုင်းတာရေး ကိရိယာတွေ ပစ်ချပါတယ်။

ရည်ရွယ်ချက်ကတော့ ဒီမုန်တိုင်းတွေနဲ့ပတ်သက်ပြီး အမျိုးသားဟာရီကိန်း စင်တာအတွက် အချိန်နဲ့ တပြေးညီ အချက်အလက်တွေ စုဆောင်းနိုင်ဖို့ပါ။

''ဒါပြီးရင်တော့ လေထုမြစ်တွေကို လေ့လာစောင့်ကြည့်တာလုပ်ရပါတယ်။ လေထုမြစ်တွေကို စောင့်ကြည့်တာကိုတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က စတင်ခဲ့တာပါ။''

နိုဝင်ဘာလကနေ မတ်လအတွင်း ဖြစ်လေ့ရှိတဲ့ မုန်တိုင်းတွေရဲ့ အချက်အလက်တွေကို ကောက်ခံရမှာဖြစ်ကြောင်း သူက ပြောပါတယ်။

ဂျပန်ကို ပြန်မယ့် အပြန်ခရီးအတွက် အမှတ် ၅၃ လေတပ်က တပ်မှူး ဗိုလ်မှူးကြီး စတီဖင် ပစ်တွတ်ချ် နဲ့ လေယာဥ်မှူး နိတ်ထ် ဝါဒဒလ် တို့ ကွာဂျလိန်း ကျွန်း ပေါ်ကို ဆင်းသက်ချိန်

ဓာတ်ပုံ ရင်းမြစ်, U.S. Air Force

ဓာတ်ပုံ ပုံစာ, ဂျပန်ကို ပြန်မယ့် အပြန်ခရီးအတွက် အမှတ် ၅၃ လေတပ်က တပ်မှူး ဗိုလ်မှူးကြီး စတီဖင် ပစ်တွတ်ချ် နဲ့ လေယာဥ်မှူး နိတ်ထ် ဝါဒဒလ် တို့ ကွာဂျလိန်း ကျွန်း ပေါ်ကို ဆင်းသက်ချိန်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီနှစ်မှာတော့ ပထမဆုံးအနေနဲ့ ဂျပန်ကနေ စတင်ပျံသန်းတဲ့ တချို့လေကြောင်း ခရီးစဥ်တွေအပြင် ဟာဝိုင်ရီနဲ့ အမေရိကန်အနောက်ဘက် ကမ်းရိုးတန်းကနေ ပျံသန်းလာတဲ့လေကြောင်း ခရီးစဥ်တွေကိုလည်း စထွက်ချိန်ကတည်းက မုန်တိုင်းဆိုင်ရာ တိုင်းထွာမှုတွေလုပ်ပါတယ်။ အဲဒါက တိကျတဲ့ မိုးလေဝသခန့်မှန်းချက်တွေ ထုတ်နိုင်ဖို့ ဖြစ်ပါတယ်။

ခြုံပြီးပြောရရင် ကမ္ဘာမြောက်ခြမ်းမှာ ရာသီဥတုအခြေအနေက အနောက်ကနေ အရှေ့ကို ရွေ့နေတာပါ။

ဒါကြောင့် အနောက်ဘက်ကမ်းလွန်က မုန်တိုင်းတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက် ပိုပြီး တိတိကျကျရလေ ရာသီဥတုက ဘယ်လိုရွေ့လျား ပြောင်းလဲမှုတွေ ဖြစ်လာမလဲ ဆိုတာကို ပိုပြီး နားလည်နိုင်လေဖြစ်လာမှာပါလို့ ဆိုးရွားတဲ့ ရာသီဥတုတွေနဲ့ ပတ်သက်လို့ ကျွမ်းကျင် ပညာရှင် အယ်နာ ဝီလ်ဆင်က ပြောပါတယ်။

သူက ဆန်ဒီရေးဂိုးမြို့မှာ ရှိတဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်က သမုဒ္ဒရာပိုင်းဆိုင်ရာ လေ့လာတဲ့ Scripps Institution of Oceanography အဖွဲ့ရဲ့ အနောက်ဘက် ဒေသဆိုင်ရာ မိုးလေဝသနဲ့ ရေဘေးအကြောင်း လေ့လာရေးစင်တာက မြေပြင်ကွင်းဆင်း သုတေသနပြုတဲ့ မန်နေဂျာဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ အမျိုးသားအဆင့် သမုဒ္ဒရာနဲ့ လေထုထိန်းချုပ်ရေးဆိုင်ရာအဖွဲ့ Noaa နဲ့ အတူတွဲ လုပ်ဆောင်နေတဲ့ မိတ်ဖက်အဖွဲ့တွေထဲက တခု ဖြစ်ပါတယ်။

တကယ်တော့ Scripps ၊ Noaa နဲ့ လေတပ်တို့ ပေါင်းပြီး လွန်ခဲ့တဲ့ ဆယ်နှစ်နီးပါး လောက်ကတည်းက လေထုမြစ်အချက်အလက်လေ့လာမှုစီမံကိန်းကို လုပ်ဆောင်နေကြတာပါ။

ငွေရည်ဖွဲ့ပြီး မိုးသည်း၊ နှင်းထန်တဲ့အခြေအနေရဲ့သက်ရောက်မှု ဆိုးရွားလာတာကြောင့် လေ့လာမှုအတိုင်းအတာလည်း ကျယ်ပြန့်လာပါတယ်။

အမေရိကန်အနောက်ဘက်ပိုင်းမှာတော့ ခြောက်သွေ့မှုကနေ ငွေ့ရည်ဖွဲ့ မိုးသည်းထန်တာတွေကြောင့် ရေကြီးမှုဖြစ်ကာ နှစ်စဥ် ပျက်စီး ထိခိုက်မှု ပမာဏ ဒေါ်လာသန်း တစ်ထောင်ကျော်ခန့် ရှိပါတယ်။

ရာသီဥတုပြောင်းလဲမှုတွေကြောင့် လေပူတွေကနေ ငွေ့ရည်ဖွဲ့ တိမ်စိုင်တွေ ဖြစ်ကာ မကြာခဏ ဆိုသလို မုန်တိုင်းတွေက ကြီးထွား အားကောင်းလာတာ တွေ့ရပါတယ်။

ဒါပေမယ့် လူတွေရဲ့ ရာသီဥတုခန့်မှန်းချက်၊ သဘာဝဘေးပြင်ဆင်မှု၊ မုန်တိုင်းနဲ့ ရေကြီးမှုတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့အသိ၊ အတတ်ပညာတွေနဲ့ ပတ်သက်လို့ လေကြောင်းပျံသန်းမှုတွေကနေရတဲ့အချက်အလက်တွေကြောင့် ပိုမို သိကျွမ်း နားလည်လာ ကြပါတယ်။

''ကျွန်တော်တို့ လေထုမြစ်တွေဆီကို သွားတယ်၊ တတ်နိုင်သမျှ အကြိမ်တော်တော်များများ ဖြတ်ပျံ ကြည့်ပါတယ်။ လေထုမြစ်တွေကို အဓိကထား လေ့လာသလို အဲဒီအနားတဝိုက်က ရာသီဥတု အခြေအနေ သူ့အနားမှာ ဖြစ်ပေါ် တွန်းအားပေး လွှမ်းမိုးမှုတွေကိုလည်း လေ့လာပါတယ်'' လို့ မာတီ ရာ့ဖ် က ပြောပါတယ်။

သူက မိုးလေဝသနဲ့ ဇလဗေဒပညာရှင်လည်းဖြစ်၊ Scripps ရဲ့ ရေကြီးမှုအန္တရာယ်နဲ့ အနောက်ပိုင်းဒေသ မိုးလေဝသစင်တာရဲ့ ဒါရိုက်တာလည်းဖြစ်ပါတယ်။ ဒါတင်မက ကောင်းကင်မြစ် ထောက်လှမ်းခြင်း အစီအစဥ်ရဲ့ အဓိက စုံစမ်းရေးမှူးတယောက်လည်း ဖြစ်ပါတယ်။

အချက်အလက်ကောက်ယူ စုဆောင်းရေးအတွက် လေယာဥ်နောက်မြီးပိုင်းကနေ ဒုလုံးရှည်ဆလင်ဒါ ပုံစံ ကိရိယာ ပြွန်ချောင်းတွေကို ကောင်းကင်မြစ်တွေကြားထဲ ပစ်ချကာ တိုင်းထွာကြတာပါ။

ငွေ့ရည်ဖွဲ့ အစိုင်အခဲတွေ ရွေ့လျားလည်ပတ်နေပုံ၊ အပူချိန်၊ လေဖိအား၊ လေတိုက်မှု၊ လေထုထဲက ရေငွေ့နဲ့ လေတိုက်ရာ လမ်းကြောင်းတို့ကို ဒီပြွန်ချောင်းတွေကနေတဆင့် အချက်အလက်တွေ ကောက်ယူ ရရှိနိုင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂျပန်ကနေ ထွက်ခွာလာတဲ့ လေယာဥ်တွေပေါ်ကနေ အဝတ်လျှော်စက်အရွယ်အစားလောက် ရှိတဲ့ သမုဒ္ဒရာထဲ ဒရွတ်တိုက်မြောတဲ့ဘွိုင်ယာတွေ ပစ်ချပြီးတိုင်းထွာကြတယ်လို့ လေယာဥ်မှူး ဝါဒဲလ်က ပြောပါတယ်။

အဲဒီလိုတိုင်းထွာရာမှာ ပစ္စဖိတ်သမုဒ္ဒရာထဲက လှိုင်းတွေရဲ့အရွယ်အစားနဲ့ ရေထဲက အပူချိန်တွေကို Noaa အဖွဲ့ရဲ့ သမုဒ္ဒရာလေ့လာရေးအစီအစဥ်အရ လုပ်ဆောင်ကြတာဖြစ်ပါတယ်။

ကောင်းကင်မြစ်တွေ ဘယ်တော့ ကမ်းခြေကို ဆိုက်မလဲ၊ ဘယ်လောက်ပြင်းအားရှိမလဲဆိုတာတွေကို ခန့်မှန်းဖို့ ကျွန်တော်တို့ရဲ့ အချက်အလက်တွေကလည်း ပြောင်းနေတယ်လို့ မာတီရာ့ဖ် က ရှင်းပြပါတယ်။ ဒီတိုင်းထွာချက်တွေဟာ ဂြိုဟ်တုကရတဲ့ အချက်အလက်တွေထဲက လိုအပ်နေတာတွေကို ဖြည့်ပေးဖို့ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလတုန်းက အင်အားပြင်း ကောင်းကင်မြစ် ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် ကယ်လီဖိုးနီးယားက လမ်းတွေပေါ် ရွံ့ညွှန်တွေ တက်လာတာ ဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီလတုန်းက အင်အားပြင်း ကောင်းကင်မြစ် ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် ကယ်လီဖိုးနီးယားက လမ်းတွေပေါ် ရွံ့ညွှန်တွေ တက်လာတာ ဖြစ်ပါတယ်

ရက်ပိုတိုးပြီး ကြိုတင်ခန့်မှန်းချက် ထုတ်မယ်

လေယာဥ်ပျံသန်းမှုက ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်တွေဟာ မုန်တိုင်းမဖြစ်ခင် ရက်ပိုင်းအလိုမှာ ထုတ်ပြန်တဲ့ ခန့်မှန်းချက်တွေကို ပိုမိုတိကျမှန်ကန်စေပြီး သက်ရောက်မှုတွေကိုသုံးသပ်ရာမှာလည်း ထိရောက်လှပါတယ်။

အပြန်အလှန် အနေနဲ့ ရာသီဥတု ဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ ဌာနတွေကနေ အချိန်နဲ့ တပြေးညီ ဆီလျော်တဲ့ သတိပေးချက်တွေ ထုတ်နိုင်အောင် အကူအညီပေးပါတယ်။

မိုးရွာသွန်းမှုအပေါ် မူတည်ပြီး ရေလျှံမှု မဖြစ်အောင် ရေလွှတ် ရေထိန်းဖို့ သင့်မသင့်၊ ရေကာတာထိန်းချုပ်သူတွေ ဆုံးဖြတ်ချက်ချရာမှာ အထောက်အကူဖြစ်စေပါတယ်။

အခုနှစ်အထိ လေကြောင်းပျံသန်းမှုတွေရဲ့ တိုင်းထွာချက်ကနေ ကောင်းကင်မြစ်တွေကို တိုင်းထွာပြီး ကမ်းရိုးတန်းကို မုန်တိုင်းမဝင်ခင် ငါးရက်အလိုမှာ ပိုမိုတိကျတဲ့ မိုးလေ၀သခန့်မှန်းချက် ထုတ်နိုင်အောင် သတင်းအချက်အလက်တွေ ထောက်ပံ့ပေးပါတယ်။

ဂျပန်လေယာဉ်ပျံသန်းမှုတွေကနေ ဒီလိုတိကျပြီး အသေးစိတ်တဲ့ ခန့်မှန်းချက်တွေကို ရက်ပိုတိုး ခန့်မှန်းထုတ်နိုင်အောင် ရည်ရွယ်တာဖြစ်ပြီး ဒီလုပ်ရပ်ကြောင့် မြေပြင်က လူတွေအနေနဲ့ ပြင်ဆင်ဖို့ ရက်ပိုရစေနိုင်မှာ ဖြစ်ပါတယ်။

''ပစ္စဖိတ်သမုဒ္ဒရာအနောက်ဘက်ကို သွားမယ့် ကျွန်တော်တို့ ရည်ရွယ်ချက်က ၈ ရက် ဒါမှမဟုတ် ၁၀ ရက် ကြိုတင်မိုးလေ၀သခန့်မှန်းချက် ထုတ်ဖို့ပါ'' လို့ ရာ့ဖ်က ပြောပါတယ်။ အနောက်ဘက် ပိုသွားနိုင်လေ မိုးလေ၀သခန့်မှန်းချက်ကို ငါးရက်ထက် ပိုတိုးထုတ်ပြန်နိုင်ဖွယ်ရှိတယ်လို့လည်း သူကဆိုပါတယ်။

မုန်တိုင်းတော်တော်များများလည်း တိုက်ခတ်နိုင်တယ်လို့ သူက ထပ်လောင်း ပြောဆိုလိုက်ပြီး ''တခါတရံ မုန်တိုင်းတခုနဲ့ တခု ဆက်နွှယ်ပေါင်းယှက်သွားနိုင်တယ်။ မုန်တိုင်းကြီး တခုအသွင်နဲ့ တောက်လျှောက်တိုက်သွားမယ့် ပုံစံတော့ မရှိဘူး'' လို့ သူက ဆိုပါတယ်။

ကောင်းကင်မြစ်တိုင်းဟာ ကီလိုမီတာ ရာနဲ့ချီ ကျယ်ပြီး အမေရိကန်က မစ္စစ္စပီ မြစ်ရေထက် အဆ ၂၀ များတဲ့ ရေအဟုန်နဲ့ စီးဆင်းသယ်ပို့ ပေးနိုင်ပါတယ်။

ဆိုင်ကလုန်း မုန်တိုင်းပေါ်က ပျံသန်းစဉ်

ဂျပန်ကနေ လေကြောင်းပျံသန်းမှုတွေကို ဖေဖော်ဝါရီ ၃ ရက်မှာ စတင်ခဲ့ပြီး ဂျပန်ကမ်းခြေအနီးမှာ ဖြစ်ပေါ်လာတဲ့ ထုထည်ကြီးလေထုမြစ်တစ်ခုကို တိုင်းတာခဲ့ကြောင်း ရာ့ဖ် က ဗီဒီယိုကတဆင့် အင်တာဗျူးမှာ မြေပုံတွေ တန်းစီ ပြသရင်းပြောကြားခဲ့ပါတယ်။

နောက်ရက်တွေမှာ အဲဒီလေထုမြစ်ဟာ ဟာဝိုင်အီအနောက်မြောက်ဘက်မှာ မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့ကြောင်း သူက ရှင်းပြပါတယ်။ (လေ့လာမှုတွေအရ လေထုမြစ်တွေဟာ သယ်ဆောင်လာတဲ့ စိုထိုင်းမှုကြောင့် မုန်တိုင်းတွေကို ပိုမိုအားကောင်းစေနိုင်တယ်လို့ ဆိုပါတယ်)

ဟာဝိုင်အီကနေ သီးခြားပျံသန်းမှုတစ်ခုက အဆိုပါမုန်တိုင်းကို တိုင်းတာခဲ့ပြီး အခြားပျံသန်းမှုများက ဂျပန်ကမ်းခြေအနီးမှာ ဖြစ်ပေါ်လာတဲ့အခြားလေထုမြစ်များကို ဖြတ်ပျံသန်းခဲ့ကြောင်း သူက ဆိုပါတယ်။

အဲဒီလေထုမြစ်တွေဟာ အရှေ့ဘက်သို့ တစ်ပတ်ခန့်ရွေ့လျားပြီး အားကောင်းလာကာ အခြားတစ်ခုမှာ မုန်တိုင်းတစ်ခုအဖြစ်ဖြစ်ပေါ်လာပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက်မှာ ကယ်လီဖိုးနီးယားကို မုန်တိုင်းဝင်ရောက်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် ကယ်လီဖိုးနီးယားကမ်းရိုးတန်းဒေသတွေမှာ ပြင်းထန်တဲ့မိုးရွာသွန်းမှုနဲ့ ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပြီး ဆီယာရာ နီဗားဒါတောင်တန်းဒေသမှာ ထူထပ်တဲ့နှင်းတွေ ကျဆင်းကာ ချောင်းတွေနဲ့ ရေလှောင်ကန်တွေမှာ ရေတွေ တက်လာခဲ့ပါတယ်။

လော့စ်အိန်ဂျလိစ်ရှိ အီတန်နဲ့ ပလီဆေးမီး လောင်ကျွမ်းမှုတွေက လောင်ကျွမ်းဒဏ်ရာတွေ နားမှာ မြေပြိုမှုအန္တရာယ်ကြောင့် လူအချို့ကို အရေးပေါ်ရွှေ့ပြောင်းရန် လိုအပ်ခဲ့ပါတယ်။

ဒါပေမယ့် ကနဦးဆန်းစစ်မှုတစ်ခုအရ ဗဟိုနှင့် တောင်ပိုင်းကယ်လီဖိုးနီးယားမှာ မိုးခေါင်မှုအခြေအနေကို ပိုမိုကောင်းမွန်စေခဲ့တယ်လို့ ဆိုပါတယ် – လေထုမြစ်တွေရဲ့ အန္တရာယ်တွေနဲ့အတူ အကျိုးကျေးဇူးတွေကို ဖော်ပြတဲ့ဥပမာတစ်ခု ဖြစ်ပါတယ်။

ဒီမစ်ရှင်ဟာ ဟာရီကိန်းမုန်တိုင်းလိုက်လံရှာဖွေရေးလုပ်ငန်းထက် တချို့သောနည်းလမ်းတွေနဲ့ ပိုပြင်းထန်မှုမရှိဘူးလို့ လေယာဥ်မှူး ဝါဒဲလ်က ဆိုပါတယ်။

ဒါပေမယ့် လေထုမြစ်တွေကို လိုက်လံရှာဖွေဖို့ လိုအပ်တဲ့ကြာရှည်တဲ့ပျံသန်းမှုတွေ (၁၀ နာရီ ဒါမှမဟုတ် ဒီထက်ပိုကြာနိုင်ပါတယ်) ပင်ပန်းနွမ်းနယ်လိုမျိုး စိန်ခေါ်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အဲဒီမစ်ရှင်တွေကို လေတပ်ရဲ့ Lockheed WC-130J Hurricane Hunter လေယာဉ်နဲ့ Noaa အဆိုအရ Gulfstream IV လေယာဉ်တွေနဲ့ ပျံသန်းဆောင်ရွက်ပါတယ်။

"ပျံသန်းမှုဟာ (ဟာရီကိန်းလိုက်လံရှာဖွေရေးထက်) လုံးဝ ကွဲပြားတယ်" လို့ လေယာဥ်မှူး ဝါဒဲလ် က ပြောပါတယ်။

ဟာရီကိန်းမုန်တိုင်းကို တိုင်းတာဖို့ သူနဲ့ သူ့အဖွဲ့ဟာ မုန်တိုင်းထဲကို ဝင်ရောက်ပျံသန်းကာ ၂ နာရီကနေ ၄ နာရီအထိ အပြင်းအထန်ရုန်းကန်ရတယ်လို့ဆိုပါတယ်။

"လူတချို့က ကားရေဆေးတဲ့နေရာနဲ့ မြင်ယောင်နိုင်ကြောင်းနှိုင်းယှဉ်ပြောကြတယ်၊ အကြောင်းရင်းကတော့ မယုံနိုင်လောက်အောင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ လေထန်တာတွေနဲ့ ကြုံတွေ့ရတယ်" လို့ သူက ပြောပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ လေထုမြစ်တစ်ခုရဲ့အထက် ဒါမှမဟုတ် အထဲကို ပျံသန်းရာမှာ အေးချမ်းတဲ့အခြေအနေရှိတယ်လို့ လေယာဥ်မှူး ဝါဒဲလ်က ဆိုပါတယ်။

"ကျွန်တော်တို့ဟာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်ပြီး ဒီလိုအလွန်ရှည်လျားတဲ့ ပျံသန်းမှုတွေကို ဆောင်ရွက်နေပြီး မိုးကောင်းကင်ကို ဖြတ်သန်းနေတဲ့ လေထုမြစ်ရဲ့ အချက်အလက်တွေကို ရယူနေတာ ဖြစ်တယ်"

ဒါပေမယ့် လေထုမြစ်တွေဟာ အမေရိကန်အနောက်ကမ်းရိုးတန်းနဲ့ နီးကပ်လာတာနဲ့ အမျှ ပိုမိုပြင်းထန်လာကာ အဖွဲ့သားတွေဟာ မုန်တိုင်းနဲ့တူတဲ့ လေထန်တဲ့ အခြေအနေတွေကို ကြုံတွေ့ရနိုင်တယ်လို့ လေယာဥ်မှူး ဝါဒဲလ်က ပြောပါတယ်။

လေယာဉ်ကွင်းကို ထိခိုက်စေတဲ့ ပြင်းထန်တဲ့လေနဲ့ မိုးရွာသွန်းမှုတွေကြောင့် အခြေစိုက်စခန်းကို ပြန်လည်ဆင်းသက်ဖို့ ပိုမိုခက်ခဲလာတယ်လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

သူ့အတွေ့အကြုံအရ အဓိကစိန်ခေါ်မှုဟာ တိုင်းတာမှုတွေပြုလုပ်နေတဲ့ အဖွဲ့သားတွေကို ထောက်ပံ့ဖို့နဲ့ လုံခြုံစေဖို့အတွက် အပြည့်အဝ သတိထားပြီး အာရုံစိုက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လေယာဉ်မှူးတွေဟာ (ပုံမှန်အားဖြင့် နှစ်ယောက် ဒါမှမဟုတ် သုံးယောက်) လေယာဉ်ကို လိုအပ်တဲ့နေရာမှာ ရှိနေစေဖို့နဲ့ အောက်မှာ သင်္ဘောတွေ မရှိစေဖို့ သေသေချာချာ စောင့်ကြည့်ရမယ်။

လမ်းပြတွေဟာ မစ်ရှင်ရဲ့ အရေးပါတဲ့ ကဏ္ဍမှာ ရှိနေပြီး လေယာဉ်မှူးတွေ၊ မိုးလေဝသအရာရှိတွေနဲ့ အတူအနီးကပ် ပူးပေါင်းဆောင်ရွက်ကာ ဘေးကင်းပြီး ထိရောက်တဲ့ ပျံသန်းမှုအစီအစဉ်ကို ရေးဆွဲကြတယ်လို့ သူက ရှင်းပြပါတယ်။

လေယာဉ်ရဲ့ အနောက်ဘက်က ဝန်ထမ်းတွေဟာ dropsondes (မိုးလေဝသတိုင်းကိရိယာ) တွေကို ထည့်သွင်းချပေးပြီး မိုးလေဝသအရာရှိတွေက အဲဒီကနေ ရတဲ့အချက်အလက်တွေကို အချိန်နှင့်တစ်ပြေးညီ ဆန်းစစ်ကာ သုတေသနဌာန ကို ပေးပို့ ကြပါတယ်။

"အဲဒီနောက် dropsondes တစ်ခုအတွက် ချက်ချင်းပြင်ဆင်ကြရတယ်။ သူတို့က တစ်ကြိမ်ကို နာရီပေါင်းများစွာ အခုလို ဆောင်ရွက်ရပြီး ဒီနောက်မှာလည်း ဆောင်ရွက်စရာအများအပြားရှိတာကြောင့် သူတို့ဟာ အမှန်တကယ် အလုပ်များကြတယ်" လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မီးဘေးသင့်ထားတဲ့ တောင်ပိုင်းကယ်လီဖိုးနီးယားမှာ လေထုမြစ်တစ်ခုကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မီးဘေးသင့်ထားတဲ့ တောင်ပိုင်းကယ်လီဖိုးနီးယားမှာ လေထုမြစ်တစ်ခုကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့

မုန်တိုင်းမ၀င်ခင် အသင့်ပြင်

ရာ့ဖ်နဲ့ ဝီလ်ဆန်တို့အဆိုအရ ဂျပန်ကနေ ထွက်ခွာသွားတဲ့ လေကြောင်းစောင့်ကြည့်ပျံသန်းမှုတွေရဲ့ အကျိုးသက်ရောက်မှုနဲ့ ခန့်မှန်းချက်တွေအပြင် မြေပြင်အခြေအနေအပေါ် ဖြစ်နိုင်ခြေရှိတဲ့ ကွဲပြားမှုတွေကို လေ့လာဆန်းစစ်ဆဲ လို့ ဆိုပါတယ်။

"အရင်ရလဒ်တွေနဲ့ ဂျပန်မစ်ရှင်ရဲ့ အစောပိုင်းရလဒ်တွေအပေါ် အခြေခံပြီး အမေရိကန်အနောက်ကမ်းရိုးတန်းအတွက် အရေးပါတဲ့ ဖြစ်ရပ်တွေအတွက် ကြိုတင်သတိပေးချိန် ပိုမိုရရှိလာလိမ့်မယ်လို့ အလေးအနက် မျှော်လင့်ထားပါတယ်။ ဒါဟာ လေထုမြစ်တချို့ဖြစ်ပေါ်နေတဲ့ အရင်းအမြစ်နေရာတွေမှာ အစောပိုင်းလေ့လာမှုတွေ ပြုလုပ်နိုင်တဲ့အတွက်ကြောင့်လို့" AR Recon အစီအစဉ်ရဲ့ ညှိနှိုင်းရေးမှူး ဝီလ်ဆန်က ရှင်းပြပါတယ်။

"သင့်တော်တဲ့နေရာတွေကို ပိုတိတိကျကျ ရွေးချယ်နိုင်လာပြီး အမေရိကန်အနောက်ကမ်းရိုးတန်းရှိ ခန့်မှန်းချက်တွေအပေါ် ဒီအရာရဲ့သက်ရောက်မှုကို မြင်တွေ့ရခြင်းဟာ တကယ်ကို စိတ်လှုပ်ရှားဖွယ်ကောင်းတယ်" လို့ ဆိုပါတယ်။

ဥပမာ ၂၀၂၁ ခုနှစ်တုန်းက ဟာဝိုင်အီကနေ ပျံသန်းမှုတွေ ကယ်လီဖိုးနီးယားကို မရောက်ခင် ငါးရက်ခန့်အလိုမှာ လေထုမြစ်တွေနဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေကို တိုင်းတာနိုင်ခဲ့တယ်။

ဒရော့ဆွန်းဒ် တိုင်းတာချက်တွေ မရှိရင် စိုးရိမ်စရာမရှိတဲ့ မုန်တိုင်းတစ်ခုလို့သာ ခန့်မှန်းထားပေမဲ့ အဲဒီအချက်အလက်တွေနဲ့ အဓိကလေထုမြစ်မုန်တိုင်းကြီးတစ်ခုအဖြစ် ခန့်မှန်းချက်ပြောင်းလဲသွားခဲ့တယ်လို့ ရာ့ဖ်က ဆိုပါတယ်။

ဒါက လူတွေ အဆင်သင့်ဖြစ်စေဖို့ အထောက်အကူဖြစ်စေခဲ့တယ်၊ မုန်တိုင်းကြီးတစ်ခု ဖြစ်လာမှာကို သိထားမယ်ဆိုရင် "အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားတဲ့ အဖွဲ့တွေက လမ်းတွေပိတ်တာ၊ ရပ်ကွက်ထဲက လူတွေရွှေ့ပြောင်းပေးတာ စသဖြင့် ချက်ချင်းဆောင်ရွက်နိုင်ခဲ့ကြတယ်" လို့ သူကပြောပါတယ်။

မုန်တိုင်းကျရောက်တဲ့အခါ တော်တော်များများပျက်စီးမှုရှိခဲ့ပေမဲ့ "လူသေဆုံးမှုတစ်စုံတစ်ရာမရှိခဲ့တာဟာ အရေးပေါ်ပြင်ဆင်မှုရဲ့ အောင်မြင်ခြင်း ဖြစ်တယ်" လို့ သူက ပြောကြားခဲ့ပါတယ်။

Atmospheric rivers can bring destruction – but they also replenish California's reservoirs, and help prevent droughts (Credit: Getty Images)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကောင်းကင်မြစ်တွေကြောင့် ပျက်စီးထိခိုက်မှုတွေ ဖြစ်နိုင်ပေမယ့် ကယ်လီဖိုးနီးယား က ရေကာတာတွေကို ရေပြန်ဖြည့်ပေးနိုင်သလို ပူပြင်းခြောက်သွေ့မှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်

ပူပြင်းခြောက်သွေ့မှု ကာကွယ်ရေး

ဒါ့အပြင် အခုလို ကြိုတင်ပြင်ဆင်မှုတွေဟာ ပူပြင်းခြောက်သွေ့မှု အတွက်လည်း ကြိုတင် ပြင်ဆင်ရာရောက်တယ်လို့ ရာဖ့်က ပြောပါတယ်။ ကောင်းကင်မြစ်တွေဟာ ရေကာတာ ထိန်းချုပ်သူတွေ ရင်ဆိုင်ရလေ့ရှိတဲ့ အခက်အခဲတခုဖြစ်တဲ့ ရေ ရရှိရေးအတွက် အရမ်းကို အရေးပါလှတယ်လို့ သူက ဆိုပါတယ်။

ရေကြီးနိုင်တဲ့ မုန်တိုင်းမလာခင် ဆည်တွေကို ကြိုတင် ရေဖောက်ချထားရင် ရွာချလာတဲ့ မိုးက မှန်းထားတာထက် ပိုနည်းတဲ့အခါ နောက်လာမယ့်နွေအတွက် ရေတွေအလုံအလောက် မရှိတာမျိုး ကြုံရနိုင်တယ်လို့ သူက ရှင်းပြပါတယ်။

အဲဒီဆောင်းတွင်းမှာ နောက်ထပ် မုန်တိုင်းတွေ မဖြစ်ခဲ့ရင် နွေမတိုင်ခင် ရေတွေ ပြန်မရနိုင်တော့ဘူးလို့ သူက ပြောပြီး ဥပမာပေးရရင် စိုက်ပျိုးရေးအတွက် လိုတဲ့ရေ မရနိုင်တော့တာမျိုး ကြုံရနိုင်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့် ရေကာတာထိန်းချုပ်သူတွေမှာ မှန်ကန်တိကျတဲ့ မိုးလေဝသခန့်မှန်းချက်တွေ ရှိခဲ့ရင် ဒါမှမဟုတ် လာမယ့် ၃ ရက်အတွင်း မုန်တိုင်းကြီးတခု တိုက်နိုင်တယ်လို့ ပြောနိုင်တဲ့ လေကြောင်းဆိုင်ရာ အချက်အလက်တွေ ရှိခဲ့ရင် သူတို့အတွက် အလွန်ကောင်းတဲ့ သတင်းအချက်အလက်ပါ။

သူက မိုးရေ ဘယ်လောက် ရနိုင်မလဲဆိုတာသိရှိကာ ဆည်ရေကို ယုံကြည်ချက် ရှိရှိနဲ့ ဖောက်ချနိုင်မယ့်အပြင် ရေလှောင်ဖို့နေရာကိုလည်း ဖန်တီးပေးနိုင်လိမ့်မယ်လို့ ရာဖ့် က ရှင်းပြပါတယ်။

အခုတော့ ကောင်းကင်မြစ်တွေ ဖြစ်ပေါ်တဲ့ ရာသီကုန်သွားပြီမို့ လေယာဥ်မှူး ဝါဒဲလ် ဟာ သူ့ရဲ့ တခြားတာဝန် ဖြစ်တဲ့ ဟာရီကိန်း မုန်တိုင်းတွေကို စောင့်ကြည့်ဖို့ လုပ်နေပါပြီ။

ဇွန်၊ ဇူလိုင်မှာ ဟာရီကိန်း ရာသီစပြီလို့ သူက မေလတုန်းက ပြောပါတယ်။

'' ဧပြီ၊ မေက အလုပ်ပါးတယ်။ ကျွန်တော်တို့ သင်တန်းတွေ ပြန်တက်ကြပြီး အပူပိုင်း မုန်တိုင်း ရာသီ မစခင် လူတိုင်း အဆင်သင့် ဖြစ်နေရတဲ့ အချိန်ပေါ့'' လို့ သူက ဆိုပါတယ်။