ရုရှားက ယူကရိန်းကျူးကျော်မှုက အာဖရိကမှာ သဘောထားကွဲစေသလား

russia china

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆိုဗီယက်ပြည်ထောင်စုက ၁၉၉၁ ခုနှစ်မှာ ပြိုကွဲသွားပေမယ့်လည်း ရုရှားနဲ့ ဒီအာဖရိကနိုင်ငံတွေရဲ့ ဆက်ဆံရေးက ဆက်လက် ခိုင်မာနေခဲ့

ရုရှားက ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်မှု တနှစ်ကျော်လာချိန်မှာ ဒီကိစ္စနဲ့ ပတ်သက်လို့ အာရိကတိုက်က နိုင်ငံတွေအကြား ရပ်တည်ချက် ကွဲပြားမှုတွေ ရှိနေသေးသလား ဆိုတာ လေ့လာသုံးသပ် ကြည့်စရာ အချက်တခု ဖြစ်ပါတယ်။

ဒီအချက်ကို လေ့လာဖို့အတွက် ကုလသမဂ္ဂက ရုရှားအရေးနဲ့ ပတ်သက်တဲ့ ကြေညာချက် ၂၀၂၂ နဲ့ ၂၀၂၃ အသီးသီးတို့မှာ အာဖရိက နိုင်ငံတွေက ဘယ်လို မဲပေးခဲ့ကြသလဲ ဆိုတာကို ကြည့်ပြီး လေ့လာနိုင်ပါတယ်။

ဒီ ကုလသမဂ္ဂ ကြေညာချက်မှာ ပါဝင်တဲ့အချက်ကတော့ ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားကို ရှုတ်ချဖို့၊ ယူကရိန်းရဲ့ နယ်နိမိတ် အချုပ်အချာအာဏာ ထိန်းသိမ်းရေး ထောက်ပံ့ကူညီဖို့နဲ့ ငြိမ်းချမ်းရေး တောင်းဆိုဖို့ စတဲ့ အချက်အလက်တွေ အဓိက ပါဝင်ပါတယ်။

russia china

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားက ယူကရိန်းကို စတင်ကျူးကျော်လိုက်ချိန်မှာ အာဖရိကတိုက်မှာရှိတဲ့ ၅၄ နိုင်ငံထဲက ၂၈ နိုင်ငံက ရုရှားကို ရှုတ်ချတဲ့ ကုလသမဂ္ဂ ကြေညာချက်ကို ထောက်ခံမဲပေးခဲ့ကြ

အာဖရိကနိုင်ငံတွေရဲ့ ရုရှားဆိုင်ရာသဘောထား ၂၀၂၂နဲ့ ၂၀၂၃ ကြား အပြောင်းအလဲ ရှိသလား

ရုရှားက ယူကရိန်းကို စတင်ကျူးကျော်လိုက်ချိန်မှာ အာဖရိကတိုက်မှာရှိတဲ့ ၅၄ နိုင်ငံထဲက ၂၈ နိုင်ငံက ရုရှားကို ရှုတ်ချတဲ့ ကုလသမဂ္ဂ ကြေညာချက်ကို ထောက်ခံမဲပေးခဲ့ကြပြီး လတ်တလော ယူကရိန်းအရေး တနှစ်ပြည့်ချိန်မှာတော့ နိုင်ငံ ၃၀ အထိ ရုရှားကို ရှုတ်ချတဲ့ မဲပေးမှု လုပ်လာတာကို တွေ့ရပါတယ်။

အဲဒီ နှစ်နိုင်ငံကတော့ မက်ဒါဂက်စကားနဲ့ တောင်ဆူဒန် နိုင်ငံတို့ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ အလားတူ ကုလသမဂ္ဂ ကြေညာချက်တုန်းက ဒီနှစ်နိုင်ငံက မဲမပေးပဲ နေခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၂၂ တုန်းက အလားတူ မဲမပေးပဲ နေခဲ့တဲ့ မော်ရိုကို နိုင်ငံကလည်း ဒီတကြိမ်မှာ ရုရှားကို ရှုတ်ချတဲ့ မဲပေးခဲ့ပြီး ယခင်တခေါက် ရုရှားကို ရှုတ်ချမဲပေးတဲ့ ဂါဘွန်နိုင်ငံကတော့ ဒီတကြိမ် ၂၀၂၃ မှာ မဲမပေးပဲ နေလိုက်တာကိုလည်း စိတ်ဝင်စားဖွယ်ရာ တွေ့ရပါတယ်။

ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အဲဒီ ရုရှားဆိုင်ရာ ကုလသမဂ္ဂ သဘောထား ကြေညာချက်အပေါ် နိုင်ငံတွေရဲ့ မဲပေးမှုအတွင်းမှာ မဲမပေးမှု စုစုပေါင်းရဲ့ တဝက်လောက်က အာဖရိကတိုက် နိုင်ငံတွေ ဖြစ်ခဲ့တာကို တွေ့ရပြီး စုစုပေါင်း အာဖရိက ၁၅ နိုင်ငံက ရုရှားအရေးအပေါ် မဲမပေးပဲ နေခဲ့ကြပါတယ်။

အခုလို မဲမပေးခဲ့ကြတဲ့ နိုင်ငံတွေရဲ့ တရားဝင် ကြေညာချက်အရကတော့ သူတို့ ဒီလို မဲမပေးပဲ နေတာဟာ ရုရှားဘက်က ရပ်တည်တာ မဟုတ်သလို အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံပေးထားတဲ့ ယူကရိန်းကို ထောက်ခံတာလည်း မဟုတ်ဘူးလို့ ဆိုကြပါတယ်။

russia africa

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး နယ်လစ်ဒါ ပန်ဒေါကို လာရောက်တွေ့ဆုံခဲ့တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့

နိုင်ငံတကာက ယူကရိန်းအရေးဆိုင်ရာ စည်းရုံးမှုတွေကို အာဖရိက နိုင်ငံတွေက ဘယ်လို တုံ့ပြန်နေသလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ရုရှားကို ရှုတ်ချကာ ယူကရိန်းအစိုးရဘက်က ထောက်ခံဖို့အတွက် အနောက်နိုင်ငံတွေက ဝါရင့် အစိုးရ အရာရှိတွေက အာဖရိကတိုက်က နိုင်ငံတွေနဲက ထိတွေ့ ဆက်ဆံမှု တိုးလုပ်တာတွေ သွားရောက် လည်ပတ်မှု တိုးလုပ်တာတွေ ရှိခဲ့ပေမယ့် ယူကရိန်းအရေး တနှစ်အကြာမှာ အာဖရိကနိုင်ငံတွေရဲ့ သဘောထားက ယခင်နှစ်နဲ့ ယှဉ်ရင် အပြောင်းအလဲ သိပ်မရှိခဲ့တာကို တွေ့ရပါတယ်။

အခုလို အာဖရိကတိုက်က နိုင်ငံတွေကို လာရောက် စည်းရုံးတဲ့အထဲမှာ ယူကရိန်းအစိုးရ ကိုယ်တိုင်ရဲ့ ထိပ်တန်း အစိုးရဝန်ထမ်းတွေ ပါဝင်သလို ရုရှားဘက်ကလည်း သူတို့ဘက်လိုက်ဖို့ စေလွှတ်တဲ့ နိုင်ငံခြားရေး ထိပ်တန်း အရာရှိတွေလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ကုလသမဂ္ဂ စုံညီ အစည်းအဝေးပွဲအတွင်း ရုရှားကို ရှုတ်ချမှု မဲမပေးကြခင် တရက်အလိုမှာ ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇလန်းစကီးက ယူဂန်ဒါ သမ္မတ ယိုဝါရီ မူဆယ်ဗန်နီ နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ယူဂန်ဒါဟာ ၂၀၂၂ ခုနှစ် ရုရှားအရေး ကုလမဲပေးချိန်မှာ မဲမပေးပဲ နေခဲ့တဲ့ နိုင်ငံဖြစ်တဲ့အတွက် ဒီတကြိမ်မှာ ယူကရိန်းဘက်က ရပ်တည်အောင် ယူကရိန်းသမ္မတက စည်းရုံးဖို့ ကြိုးစားတာ ဖြစ်ပေမယ့် အောင်မြင်မှု မရခဲ့ပဲ ယူဂန်ဒါက ဒီတကြိမ်မှာလည်း မဲမပေးပဲ နေခဲ့ပြန်ပါတယ်။

အမေရိကန်သမ္မတကတော် ဂျီးလ်ဘိုင်ဒန်ဟာလည်း သူ့ရဲ့ အာဖရိက ခရီးစဉ်အတွင်းမှာ နမီးဘီးယားနိုင်ငံကို ရုရှားရှုတ်ချဖို့ စည်းရုံးခဲ့သေးတာ တွေ့ရပြီး သူလည်းပဲ မအောင်မြင်ခဲ့ပဲ နမီးဘီးယားက မဲမပေးပဲ နေခဲ့ပြန်တာကို ကြုံခဲ့ရပါတယ်။

အခုလို အာဖရိကနိုင်ငံတွေကို ယူကရိန်းအရေး စည်းရုံးဖို့ ခက်ခဲတာနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် ကိုယ်တိုင်က အသိအမှတ်ပြု ပြောကြားခဲ့တာ တွေ့ရပြီး မီးခလုတ် ဖွင့်သလို လွယ်ကူတဲ့ ကိစ္စမျိုး မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ယူကရိန်းအရေးမှာ ရုရှားကို ရှုတ်ချတဲ့ ကြေညာချက်တွေကို အစဉ်တစိုက် မဲမပေးပဲ နေခဲ့တဲ့ တောင်အာဖရိကနိုင်ငံ ဆိုရင် လတ်တလော ရုရှားနဲ့ တရုတ်နဲ့ ပူးပေါင်းတဲ့ စစ်ရေး လေ့ကျင့်မှုတွေပါ လုပ်နေရာမှာ ယူကရိန်းအရေး တနှစ်ပြည့်ချိန် တမင်လုပ်တယ်လို့ စွပ်စွဲခံနေရပြီး သူတို့ကတော့ အဲ့လို မဟုတ်ပါဘူးလို့ ငြင်းဆိုထားပါတယ်။

အခုလို အခြေအနေရှိတဲ့ တောင်အာဖရိကနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က အကောင်းမြင်သဘောထား ရှိတာကို တွေ့ရပြီး တောင်အာဖရိကဟာ ရုရှားနဲ့ ဖြည်းဖြည်းချင်း ခွာနေတယ်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

russia africa

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တောင်အာဖရိက ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် နယ်လဆင် မန်ဒဲလား ဆိုရင် ၂၀ဝ၈ ခုနှစ်အထိ အမေရိကန်ရဲ့ အကြမ်းဖက် စောင့်ကြည့်ရေး စာရင်းအတွင်း ထည့်သွင်းခံနေခဲ့ရ

အာဖရိကတိုက် တချို့နိုင်ငံတွေနဲ့ ရုရှားက ဘာလို့ ဆက်ဆံရေး ခိုင်မာနေတာလဲ

တချို့ အာဖရိက နိုင်ငံတွေဟာ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ခိုင်မာတဲ့ ဆက်ဆံရေး ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဆိုဗီယက်ပြည်ထောင်စုက ၁၉၉၁ ခုနှစ်မှာ ပြိုကွဲသွားပေမယ့်လည်း ရုရှားနဲ့ ဒီအာဖရိကနိုင်ငံတွေရဲ့ ဆက်ဆံရေးက ဆက်လက် ခိုင်မာနေခဲ့တာကို တွေ့ရပါတယ်။

အာဖရိကတိုက်အတွင်း ကိုလိုနီဝါဒ တိုက်ဖျက်ရေးနဲ့ လူနည်းစု လူဖြူကြီးစိုးမှုကို တွန်းလှန်ရေးတို့မှာ ဆိုဗီယက်ရဲ့ လက်နက်နဲ့ စစ်သင်တန်းပေးမှုတွေက အဓိက ကျခဲ့တယ်ဆိုပြီး အာဖရိက လွတ်လပ်ရေး ခေါင်းဆောင် အတော်များများက ပြောကြားခဲ့ပါတယ်။

လက်ရှိ တရုတ်နဲ့ ရုရှားတို့နဲ့ စစ်ရေး လေ့ကျင့်တဲ့အထိ လုပ်တဲ့ တောင်အာဖရိကရဲ့ အာဏာရပါတီ Africa National Congress ဆိုရင် အမေရိကန်အစိုးရက အကြမ်းဖက်အုပ်စုလို့ သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

တောင်အာဖရိက ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် နယ်လဆင် မန်ဒဲလား ဆိုရင် ၂၀ဝ၈ ခုနှစ်အထိ အမေရိကန်ရဲ့ အကြမ်းဖက် စောင့်ကြည့်ရေး စာရင်းအတွင်း ထည့်သွင်းခံနေခဲ့ရတာ ဖြစ်ပါတယ်။

အခုလို သမိုင်းကြောင်း ရှိခဲ့ဖူးတာကြောင့် ဒီလို မှတ်တမ်းမျိုးကို ညတွင်းချင်း မေ့ပျောက်သွားအောင် သံတမန်ရေးနဲ့ မလုပ်ဆောင်နိုင်ဘူးလို့လည်း မစ္စတာ ဘလင်ကင်က ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာနဲ့ အဆင်မပြေတဲ့ မာလီနဲ့ အယ်ရစ်ထရေးယားလို နိုင်ငံတွေကတော့ ရုရှားကို မဟာမိတ်အဖြစ်ပါ ပူးပေါင်းထားကြတာ ဖြစ်ပါတယ်။

မာလီဆိုရင် ပြည်တွင်းက အစ္စလာမ္မစ် သူပုန်တွေကို နှိမ်နင်းဖို့ လက်ခံထားတဲ့ ပြင်သစ်တပ်တွေကို မောင်းထုတ်ပြီး ရုရှားက ဗာဂနာ ကြေးစားစစ်သားအဖွဲ့ကို ဖိတ်ခေါ်ထားတာလည်း ဖြစ်ပါတယ်။

မာလီနဲ့ အဲရစ်ထရေးယားဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ကို လက်ခံတွေ့ဆုံထားပြီး ရုရှားကို ရှုတ်ချတဲ့ ကုလကြေညာချက်ကို ဆန့်ကျင်မဲပါ ပေးထားကြတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

ဆီနီဂေါ၊ တန်ဇန်းနီးယား၊ အက်ကွေတိုးရီးရဲ ဂီနီ၊ ဘကီနာ ဖာဆို၊ အက်စဝါတီနီ၊ ဂီနီ ဘဆောင်း၊ ကင်မရွန်း နိုင်ငံတွေ ဆိုရင် မဲမပေးပါဆိုတဲ့ abstain vote ကိုတောင် တရားဝင် မပေးပဲ ဒီအတိုင်းနေခဲ့ကြတာကို တွေ့ရပြီး အဲဒီအထဲက ပထမ သုံးနိုင်ငံက ယခင်နှစ်က တရားဝင် abstain vote ပေးခဲ့တာ ဖြစ်ပါတယ်။