တောင်အာဖရိက၊ ရုရှားနဲ့ တရုတ် ဘာတွေလုပ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှား၊ တရုတ်တို့နဲ့ ပူးပေါင်း စစ်ရေးလေ့ကျင်ရာမှာ တောင်အာဖရိကကလည်း ပါဝင်လာပါတယ်။
ဒီရေတပ် စစ်ရေးလေ့ကျင့်မှုဟာ ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့ တနှစ်ပြည့်တဲ့ နှစ်ပတ်လည်နဲ့ တိုက်ဆိုင်နေပြီး အမေရိကန်က ဒီအပေါ် ဝေဖန်နေပါတယ်။
တောင်အာဖရိက၊ ရုရှားနဲ့ တရုတ် ဘာတွေလုပ်နေလဲ
ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ စတင်မယ့် ၁၀ ရက်ကြာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ရေတပ်စစ်ရေး လေ့ကျင်မှုဟာ တောင်အာဖရိက ကမ်းလွန် အိန္ဒိယသမုဒ္ဒရာထဲမှာ လုပ်ဆောင်မှာ ဖြစ်ပါတယ်။
တောင်အာဖရိက အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (SANDF)က တပ်ဖွဲ့ဝင် ၃၅၀ ပါဝင်မှာ ဖြစ်တယ်လို့ ကြေညာပါတယ်။
အသံထက်မြန်တဲ့ ဇာကွန် (Zircon) ဒုံးကျည်တင်ဆောင်ထားတဲ့ အက်မိုင်ရာ ဂါ့တ်ရှ် ကော့ (Admiral Gorshkov) စစ်သင်္ဘော စေလွှတ်မယ်လို့ ရုရှား ကြေညာပါတယ်။ ဒီသင်္ဘောမှာ တပ်ဆင်ထားတဲ့ ဒုံးကျည်တွေက အသံထက် ၉ ဆမြန်ပြီး မိုင် ၆၂၀ (ကီလိုမီတာ ၁၀၀၀) အထိ ရောက်ရှိနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလို စစ်ရေး လေ့ကျင့်တာနဲ့ ပတ်သက်လို့ တောင်အာဖရိက လုံခြုံရေးဆိုင်ရာ အင်စတီကျူက ဒူးညှီးရေဗာက (Denys Reva) ယူကရိန်းစစ်ပွဲမှာ မော်စကိုက ပြန်ဆုတ်ရတဲ့ အခြေအနေမျိုးရှိပေမဲ့ သူ့တပ်ဖွဲ့တွေ အားကောင်းဆဲ ဖြစ်တယ် ဆိုတာကို ပြသဖို့ ကြိုးစားတာ ဖြစ်တယ်လို့ ပြောပါတယ်။
စစ်ရေး လေ့ကျင့်တာနဲ့ ပတ်သက်ပြီး SANDF က အနည်းငယ်သာ ထုတ်ပြန်ထား ပါတယ်။
၂၀၁၉ ခုနှစ်က ဒီ ၃နိုင်ငံ စစ်ရေးလေ့ကျင်ခဲ့ရာမှာ စစ်သင်္ဘော ၇ စင်း ပါဝင်ပါတယ်။ နိုင်ငံ တစ်နိုင်ငံစီက စစ်သင်္ဘောတစ်စင်း၊ ဆီထည့်သင်္ဘောနဲ့ လေ့လာ ဆန်းစစ်တဲ့ သင်္ဘော တစ်စင်းစီ ပါဝင်ပါတယ်။ ကမ်းခြေမှာ လောင်တဲ့မီး၊ ရေကြီးမှုနဲ့ ပင်လယ်ဓားမြတွေဆီက သင်္ဘောတွေ ပြန်လည်သိမ်းယူဖို့ နဲ့ပတ်သက်လို့ ပူးတွဲလေ့ကျင့်ခဲ့ကြပါတယ်။
ဒီစစ်ရေး လေ့ကျင်မှုက တောင်အာဖရိကအတွက် ဘာကြောင့် အငြင်းပွားစရာ ဖြစ်ရတာလဲ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးရက်စက်တဲ့ စစ်ပွဲဆင်နွှဲနေတာကြောင့် ရုရှားနဲ့ စစ်ရေး လေ့ကျင်တဲ့ ဘယ်နိုင်ငံကိုမဆို စိုးရိမ်ပူပန်မိတယ်လို့ အမေရိကန်အိမ်ဖြူတော် ပြောခွင့်ရက ဇန်နဝါရီလက ပြောပါတယ်။
ယူကရိန်းကို ရုရှားကကျူးကျော်တာကို ကန့်ကွက် ရှုတ်ချဖို့ ကုလသမဂ္ဂမှာ မဲပေးရာမှာ တောင်အာဖရိကက မဲမပေးဘဲ ကြားနေခဲ့ပါတယ်။
ရုရှားအပေါ် ဒဏ်ခတ် ပိတ်ဆို့ဖို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂ(အီးယူ)တို့ ကြိုးစား လုပ်ဆောင်တာကိုလည်း တောင်အာဖရိကက ငြင်းပယ်ခဲ့ပါတယ်။
ဒဏ်ခတ် အရေးယူပိတ်ဆို့ခံထားရတဲ့ ရုရှားစီးပွားရေးလုပ်ငန်းရှင်သူဌေးကြီး အလက္ကဇီမော်ဒါရှော့ဗ် (Alexey Mordashov)နဲ့ ဆက်နွယ်တဲ့ နောဒ့် (Nord) ဇိမ်ခံသင်္ဘောကို တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့က ဆိပ်ကမ်းမှာ ဆိပ်ကပ်ခွင့်ပြုခဲ့ပါတယ်။
ဒါ့အပြင် ဒဏ်ခတ်ပိတ်ဆို့ ခံထားရတဲ့ ရုရှားရဲ့ ကုန်တင်သင်္ဘော Lady Rကိုလည်း တောင်အာဖရိက ရေတပ်စခန်းမှာ ထောက်ပံ့ရေး ပစ္စည်းတွေ ချဖို့ ခွင့်ပြုခဲ့ပါတယ်။
ဒီအထဲမှာ မှာယူထားပြီး မရောက်ဘဲ နှောင့်နှေးနေတဲ့ ခဲယမ်းမီးကျောက်တွေ ပါတယ်လို့လည်း တောင်အာဖရိက အစိုးရက ထုတ်ပြန်ထားပါတယ်။
၂၀၁၁ ခုနှစ်ကတည်းက အမေရိကန်နဲ့ စစ်ရေး လေ့ကျင်တာ ၄ ကြိမ်နဲ့ ပြင်သစ် ဂျာမနီတို့နဲ့လည်း စစ်ရေးလေ့ကျင်ခဲ့တယ်လို့ တောင်အာဖရိက ပြောပါတယ်။
ကမ္ဘာတစ်ဝန်းက နိုင်ငံတိုင်းက မိတ်ဆွေနိုင်ငံတွေနဲ့ စစ်ရေးလေ့ကျင့်ကြပါတယ်လို့ အာဖရိက နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာနာလီဒီပန်ဒေါ (Naledi Pandor)က ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလာရော့ (Sergei Lavrov)ရဲ့ ဇန်နဝါရီလ ခရီးစဥ် အတွင်းမှာ ပြောပါတယ်။
ကိုယ်ကြိုက်တဲ့ နိုင်ငံကို ရွေးပြီး စစ်ရေး လေ့ကျင့်တာကို ရပ်တန့်ဖို့ ကြိုးစားတာက နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေကို မတော်မတရား လုပ်တာလို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
တောင်အာဖရိကက ဘာကြောင့် ပါဝင်ရတာလဲ
တောင်အာဖရိက နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ အင်စတီကျူ အကြီးအကဲ အဲလီဇဘက် ဆီဒရီရောပူလော့ (Elizabeth Sidiropoulos)က အာဖရိက စစ်တပ်က စစ်အသုံးစရိတ် နည်းပြီး ပိုမိုချဲ့ထွင် လာတာကြောင့် ပါဝင်လာတယ်လို့ ပြောပါတယ်။
ရေပိုင်နက်ထဲက ငါးဖမ်းသမားတွေကို ကာကွယ်ဖို့နဲ့ ပင်လယ်ဓားမြတွေကို ရှင်းထုတ်ဖို့က ရေတပ်ရဲ့ ဦးစားပေးဖြစ်တယ်လို့ ဆိုပါတယ်။
“ပင်လယ်ဓားမြတွေလို ကိစ္စတွေမှာ တခြားနိုင်ငံတွေနဲ့ စုပေါင်းပြီး ရှင်းထုတ်နိုင်တဲ့ အရည်အသွေးရှိအောင်လုပ်ဆောင်တာဖြစ်တယ်” လို့လည်း ဆီဒရီရောပူလော့က ပြောပါတယ်။
နိုင်ငံရဲ့ အာဏာရပါတီ အာဖရိက အမျိုးသားကွန်ဂရက် (ANC)က ရုရှားနဲ့ ကာလ ရှည်ကြာ ဆက်ဆံရေး ရှိခဲ့ပါတယ်။
လန်ဒန် ချသန်ဟောင့်စ် (Chatham House)က ဒေါက်တာ အဲလက်စ်ဗိုင်းစ် (Alex Vines)က လူဖြူတွေ ကြီးစိုးထားတဲ့ ၁၉၉၄ ခုနှစ်ကတည်းက ဆက်ဆံရေး ကောင်းခဲ့တာလို့ ဆိုပါတယ်။
"ANC ခေါင်းဆောင်ဟောင်းတွေက သူတို့ရုန်းကန်လှုပ်ရှားမှုကို ထောက်ခံတဲ့ မော်စကိုနဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုတွေ ရှိတယ်၊ ဒါကြောင့် ယူကရိန်း အရေးမှာ ရုရှားကို မျက်ကွယ်ပြုဖို့က ခက်ခဲတယ်” လို့ သူက ပြောပါတယ်။
BRICS မဟာမိတ် အဖွဲ့ဝင်တွေ ဖြစ်တာကြောင့် ရုရှား၊ တရုတ်နဲ့ တောင်အာဖရိကတို့က ဒီကနေမှာ ချည်နှောင်မှု အသစ်တွေ ရှိခဲ့ကြပါတယ်။
ဒီအဖွဲ့ထဲမှာ အိန္ဒိယ ဘရာဇီးလ်တို့လည်း ပါဝင်နေပြီး ဒါဟာ ကမ္ဘာ့ စီးပွားရေးကို ဦးဆောင်နေတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။
တရုတ်နဲ့ ရုရှားတို့က ဘာလိုချင်တာလဲ
ဒီနှစ် စစ်ရေး လေ့ကျင်ရာမှာ ရုရှားက တခြားနိုင်ငံတွေထက် ပိုရဖို့ ရှိတယ်လို့ မစ္စ ဆီဒရီရောပူလော့က ပြောပါတယ်။
"ရုရှားက သူ့ရဲ့ အာဏာကို ဆက်ချဲ့လို့ရတယ်ဆိုတာရယ်နောက် သူ့မဟာမိတ်တွေ ကမ္ဘာတဝန်းမှာရှိနေတယ်ဆိုတာကို ပြနေပါတယ်၊ ဒါက ကမ္ဘာကြီးက ရုရှားကို ဆန့်ကျင်နေတာ မဟုတ်ဘဲ အနောက်ကသာ ရုရှားကို ဆန့်ကျင်နေတယ်ဆိုတာ သူတို့ ပြောလို့ရသွားတယ်” လို့ သူက သုံးသပ်ပါတယ်။
တရုတ်က ကုန်သွယ်ရေး သင်္ဘောတွေအတွက် ရေလမ်းကြောင်း ဖွင့်ဖို့ စိတ်အား ထက်သန်နေတယ်လို့လည်း ဒေါက်တာ ဗိုင်းစ်က ပြောပါတယ်။
အာဖရိက ကမ်းလွန် အိန္ဒိယ သမုဒ္ဒရာထဲမှာ ရေတပ်အင်အားကို တရုတ်က တည်ဆောက်ချင်နေတာ ဖြစ်ပါတယ်။
“သူ့ရေတပ်ကို နိုင်ငံတကာ ရေပိုင်နက်ထဲရောက်ဖို့ပါ။ အာဖရိက အရှေ့ပိုင်း ကမ်းခြေက ဂျေဘုတီ (Djibouti)ကို တရုတ်က ရေတပ်အခြစိုက်အဖြစ် သုံးပြီး ပင်လယ်ဓားမြ တိုက်ထုတ်ရေး လုပ်ဆောင်နေပါတယ်။ နောက်ထပ် အခြေစိုက် စခန်းတွေ ထပ်ရဖို့လည်း မျှော်လင့်နေပါတယ်” လို့ ဒေါက်တာဗိုင်းစ်က ပြောပါတယ်။








