ရုရှားဘီလျံနာပိုင်သင်္ဘောကြီးကို ဟောင်ကောင်က အရေးမယူဘူးလို့ငြင်းဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
အနောက်နိုင်ငံက ပိတ်ဆို့အရေးယူထားတဲ့ စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးရဲ့ ဇိမ်ခံသင်္ဘောကြီးကို ဟောင်ကောင်က အရေးယူဖမ်းဆီးတာမျိုး မလုပ်နိုင်ဘူးလို့ ပယ်ချလိုက်ပါတယ်။
ရုရှားစီးပွားရေးလုပ်ငန်းရှင်သူဌေးကြီး အလက္ကဇီမော်ဒါရှော့ဗ် ဟာ သမ္မတပူတင်ရဲ့ မဟာမိတ်ဖြစ်ပြီး ရုရှားရဲ့ အချမ်းသာဆုံးတွေထဲက တယောက်လည်း ဖြစ်ပါတယ်။ သူဟာ သမ္မတပူတင်ရဲ့ ဆောက်ရွက်ချက်တွေကို ထောက်ပံ့အားပေးနေသူဖြစ်တဲ့အတွက် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူခံထားရတာပါ။
ဟောင်ကောင်အုပ်ချုပ်ရေးမှူးဂျွန်လီက ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုမျိုးကို ဟောင်ကောင်က လိုက်နာဆောင်ရွက်ဖို့ တာဝန်ရှိပေမဲ့ တစုတဖွဲ့ကစီရင်ဆုံးဖြတ်ချက်ချထားတဲ့ တဖက်သတ်ပိတ်ဆို့ အရေးယူမှုဆန်ရှင်မျိုးကို လိုက်နာဖို့ တာဝန်မရှိဘူးလို့ ဆိုပါတယ်။
ရုရှားသူဌေးရဲ့ ဒေါ်လာ ၅၂၁ သန်းတန်ဇိမ်ခံသင်္ဘောကြီးဟာ ရုရှားက ထွက်ခွာလာပြီးနောက် အခု ဟောင်ကောင်ဆိပ်ကမ်းမှာ ဆိုက်ကပ်နေပါပြီ။ သင်္ဘောပေါ်မှာ သူဌေးမစ္စတာမောဒါရှော့ဗ်ကိုယ်တိုင်တော့ ပါမလာဘူးလို့ ယူဆထားကြပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးနောက်မှာ ဘီလျံနာသူဌေးမောဒါရှော့ဗ်ကို အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂတို့က ပိတ်ဆို့ အရေးယူခဲ့ကြပါတယ်။
ဒါပေမဲ့အဲဒီအရေးယူပိတ်ဆို့မှု ဆန်ရှင်တွေကို ဟောင်ကောင်အစိုးရအနေနဲ့ လိုက်နာရမဲ့ တာဝန်ဝတ္တရား မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
အထပ်အဆင့်ဆင့်ပါတဲ့ နော့ဒ် ဇိမ်ခံသင်္ဘောကြီးဟာ ဟောင်ကောင်ရဲ့ ဝိတိုရိယဆိပ်ကမ်းမှာ ရုရှားအလံလွှင့်ထူပြီး ရပ်တန့်ထားတာ သီတင်းတပတ်နီးပါး ရှိနေပါပြီ။
“ကုလသမဂ္ဂဆန်ရှင်ဆိုရင် ကျွန်တော်တို့ လိုက်နာပါမယ်။ ဒါဟာ ကျွန်တော်တို့ရဲ့စနစ်ပါ။ ကျွန်တော်တို့ရဲ့ ဥပဒေစိုးမိုးမှုပါ။” ဟောင်ကောင်အုပ်ချုပ်ရေးမှူးဂျွန်လီကဆိုပါတယ်။ တကယ်တော့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးဂျွန်လီကိုယ်တိုင်ဟာလည်း အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုဆန်ရှင်ကို ခံထားရသူဖြစ်ပါတယ်။ သူအတည်ပြုထားတဲ့ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေဟာ ဖိနှိပ်တဲ့ဥပဒေတွေဖြစ်တယ်ဆိုပြီး သူ့ကို ပိတ်ဆို့အရေးယူထားတာပါ။
အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်တို့ဟာ ရုရှားလူမျိုးတွေနဲ့ ရုရှားစီးပွားရေးလုပ်ငန်းတွေကို ရာနဲ့ချီပိတ်ဆို့အရေးယူထားပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံကတော့ ရုရှားရဲ့ မဟာမိတ်အဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ ရုရှားရဲ့ ယူကရိန်းကျူးကျော်မှုကို တရုတ်က အခုထိပြစ်တင် ရှုတ်ချတာမျိုးမရှိပါဘူး။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
“ဟောင်ကောင်ဟာ နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာစံနှုန်းတွေကို လိုက်နာကျင့်သုံးတဲ့ ဘဏ္ဍာရေးဌာနတခုအနေနဲ့ ဂုဏ်သတင်းကြီးမားတာပါ။ အခုနိုင်ငံတကာက တရားစီရင်ပြီး ပိတ်ဆို့အရေးယူခံထားရတဲ့သူတယောက်က ဟောင်ကောင်ကို ဘေးမဲ့ဇုန်အဖြစ် အသုံးပြုလို့ ရနေပြီဆိုရင် ဟောင်ကောင်စီးပွားရေးလောကရဲ့ ပွင့်လင်းမြင်သာမှုကိုပါ မေးခွန်းထုတ်ဖို့ လိုပါပြီ။” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
အခု ရုရှားဇိမ်ခံသင်္ဘောကြီးဟာ ဟောင်ကောင်မှာ ဘယ်လောက်ကြာ ဆက်ရှိဦးမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဇိမ်ခံသင်္ဘောကြီးရဲ့ပိုင်ရှင် သံမဏိလုပ်ငန်းသူဌေးကြီးမော်ဒါရှော့ဗ်ကတော့ မော်စကိုမှာပဲ ရှိနေတယ်လို့ သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ဘလွန်းဘတ်သတင်းဌာနကိုပြောပါတယ်။
ယူကရိန်းစစ်ပွဲမတိုင်ခင်က ဖော့ဘ်သတင်းဌာနရဲ့ စစ်တမ်းအရေး မော်ဒါရှောဗ်ဟာ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၁ ဘီလျံပိုင်ဆိုင်ပြီး ရုရှားမှာ အချမ်းသာဆုံးပုဂ္ဂိုလ်လို့ ဆိုပါတယ်။ သူဟာ သံမဏိလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်းတွေနဲ့ ချမ်းသာကြွယ်ဝလာသူဖြစ်ပါတယ်။
အခုနော့ဒ် ဇိမ်ခံသင်္ဘောဟာ သူ့ရဲ့အကြီးဆုံးပိုင်ဆိုင်ပစ္စည်းတခုလို့ ယူဆကြပါတယ်။ သူ့သင်္ဘောဟာ ၄၆၅ ပေရှည်လျားပါတယ်။ ဘောလုံးကွင်းတကွင်းရဲ့ ပမာဏထက်တောင်ပိုကြီးပါတယ်။ ဒါဟာ ကမ္ဘာမှာ တန်ဖိုးအကြီးဆုံးသင်္ဘောကြီးတစီးလို့ ဖော့ဘ် မဂ္ဂဇင်းက ဖော်ပြသတ်မှတ်ထားပါတယ်။
၂၁၅ ပေရှည်လျားတဲ့ လေဒီအမ်ဆိုတဲ့ သူ့ရဲ့တခြားသင်္ဘောတစင်းဟာ မတ်လတုန်းက အီတလီဆိပ်ကမ်း အင်ပီးရီယားကိုဆိုက်ကပ်ခဲ့ပြီး အီတလီရဲ့အဖွဲ့က ဖမ်းဆီးသိမ်းယူတာခံထားရပါတယ်။ အလားတူ ရုရှားသူဌေးကြီးတွေရဲ့ သင်္ဘောတချို့ဟာလည်း ဥရောပဆိပ်ကမ်းတွေကို ဆိုက်ကပ်ဖို့ အငြင်းခံရတာတွေ ဖမ်းဆီးသိမ်းပိုက်ခံထားရတာတွေ ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ အဲသလိုသင်္ဘောတွေဟာ အာရှဆိပ်ကမ်းတချို့၊ တူရကီနဲ့ ကရစ်ဘီယံဒေသတို့မှာတော့ အနောက်နိုင်ငံဆန်ရှင်နဲ့ ကင်းလွတ်ပြီး ဆိုက်ကပ်လို့ ရနေဆဲဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images








