ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အန္နာအဲလော့၊ ဒေါ်ခင်ခင်ချော နဲ့ အမှောင်ခေတ်က မြန်မာစာပေ
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
၂၀၂၄ ဧပြီလ အသက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ အန္နာအဲလော့ကို ဒေါ်ခင်ခင်ချောနာမည်နဲ့ မြန်မာပြည်မှာ သိကြပါတယ်။ လန်ဒန်တက္ကသိုလ်မှာ မြန်မာစာကထိက တာဝန်ထမ်းဆောင်ခဲ့တဲ့ အန္နာအဲလော့ဟာ မြန်မာဘာသာ စာပေဆိုင်ရာ သုတေသနတွေကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တဲ့ စာပေပညာရှင်တဦးဖြစ်ပါတယ်။ မစ္စစ်အဲလော့ရဲ့ အထင်ရှားဆုံး ဆောင်ရွက်ချက်တခုကတော့ ငွေမင်သုတ်တယ် ဆုတ်ဖြဲတယ် အမည်နဲ့ မြန်မာစာပေကို ဆယ်စုနှစ်တွေနဲ့ချီပြီး ချုပ်ကိုင်ခဲ့တဲ့ စာပေစိစစ်ရေးအကြောင်း ရေးသားချက် ဖြစ်ပါတယ်။
တခေတ်က အာရှမှာ သတင်းစာလွတ်လပ်ခွင့်အမြင့်ဆုံးထဲမှာ ပါခဲ့တဲ့ မြန်မာပြည် သတင်းစာလောကကို စစ်တပ်က စတင်ထိန်းချုပ်ပြီး သတင်းစာတွေ ပြည်သူပိုင်သိမ်းတာ နှစ် ၆ဝ ပြည့်တဲ့နှစ်မှာပဲ အန္နာအဲလော့ ကွယ်လွန်ခဲ့ပါတယ်။
ခင်ခင်ချောကြုံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်
အန္နာအဲလော့ဟာ လန်ဒန်တက္ကသိုလ်က ပထမမြန်မာစာပါရဂူဘွဲ့ရ ဒေါက်တာလှဘေရဲ့ တပည့်ကြီးနဲ့ သူ့နေရာကို ဆက်ခံသူ ဖြစ်ရုံသာမက ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနကို တည်ထောင်တဲ့ ဦးဖေမောင်တင်ရဲ့ တပည့်လည်း ဖြစ်ပါတယ်။ မူလက ရုရှားဘာသာနဲ့ ဘွဲ့ရပြီးနောက် ဗြိတိသျှအစိုးရအထောက်အပံ့နဲ့ ဌာနသစ်တွေ တိုးချဲ့နေတဲ့ လန်ဒန်တက္ကသိုလ် အရှေ့တိုင်းကျောင်းမှာ တရုတ်ဘာသာသင်ရာကနေ မြန်မာဘာသာဘက် ရောက်ရှိလာတာလို့ ကျော်ရင်မြင့်ရဲ့ ဘဝဇာတ်ခုံ စုစည်းမှု-၈ စာအုပ်မှာ ပါရှိပါတယ်။ ၁၉၅၃ က မြန်မာပြည်ကို သင်္ဘောနဲ့ လာတဲ့လမ်းမှာပဲ သူရေကူးနေတာကိုမြင်တဲ့ ဦးမရဆိုတဲ့ ရခိုင်အမျိုးသားကြီးက သူ့ကို မချောလို့ ခေါ်တာကို အစွဲပြုပြီး မြန်မာပြည်မှာ ခင်ခင်ချောဆိုတဲ့ အမည်ကို ယူခဲ့တယ်လို့ ကျော်ရင်မြင့်ကို သူက ပြောပြပါတယ်။ ခင်ခင်ချောအမည်ဟာ ဘီဘီစီဦးခင်က ပေးခဲ့တဲ့ နာမည်ဖြစ်ကြောင်းလည်း အန္နာအဲလော့ရဲ့ တပည့် မြန်မာပြည်ဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းခေါ် ဥမ္မာခင် ရေးတဲ့ အန္နာအဲလော့ အသုဘ ထောမနာစာတမ်းမှာ ပါရှိပါတယ်။
မစ္စအဲလော့ဟာ လန်ဒန်တက္ကသိုလ်မှာ မြန်မာစာသင်ပြီးနောက် ရန်ကုန်တက္ကသိုလ် အင်းယားဆောင်မှာ နေပြီး ထပ်မံဆည်းပူးခဲ့ပါတယ်။ တက္ကသိုလ်တာဝန်တွေက အငြိမ်းစားယူထားတဲ့ ပါမောက္ခ ဦးဖေမောင်တင်ဆီမှာ တပတ်ကို သုံးခါ မြန်မာသဒ္ဒါအကြောင်းဆွေးနွေးလေ့လာပြီး ဒီအတွေ့အကြုံတွေအကြောင်းကို ၂၀၀၄ က မြန်မာလေ့လာရေးဂျာနယ်မှာ ထင်ရှားတဲ့ မြန်မာပညာရှင် ဦးဖေမောင်တင်ရဲ့ဘဝနဲ့ လက်ရာများ ဆိုပြီး အန္နာအဲလော့က ဆောင်းပါးရေးခဲ့ပါတယ်။
သူနဲ့ ရန်ကုန်တက္ကသိုလ်မှာ သူငယ်ချင်းဖြစ်ကြသူတွေထဲ မော်ကွန်းထိန်းဖြစ်လာမယ့် ဒေါ်စိန်စိန်နဲ့ အမျိုးသားပြတိုက်က ဦးရဲထွဋ်တို့ ပါဝင်ကြောင်း ၁၉၈၈ ပေဖူးလွှာ မဂ္ဂဇင်းပါ ဝင်းငြိမ်းရဲ့ မြန်မာစာပေသံတမန် ဒေါ်ခင်ခင်ချောနှင့် တွေ့ဆုံပေးခြင်း အစီအစဉ်မှာပါရှိပါတယ်။ နောက်ပြီး ဗိုလ်ချုပ်ကြီးနေဝင်းခေတ်မှာ ရှေ့နေချုပ်ဖြစ်ခဲ့တဲ့ ဥပဒေပါမောက္ခဦးလှအောင်ရဲ့ဇနီး ဒေါ်မြမြထွန်းအိမ်မှာလည်း သူ မြန်မာသတင်းစာ ဖတ်လေ့ရှိပါတယ်။ နောက်ပြီး မန္တလေးမြို့ နန်းရှေ့စီဗီလိုင်းက မေတ္တာဂေဟာမှာ နေပြီး သံချက်ဝန်ရဲ့ မြေးမြစ်များဆီကလည်း အန္နာအဲလော့ မြန်မာစာပေယဉ်ကျေးမှုတွေ သင်ယူခဲ့ပါတယ်။
အန္နာအဲလော့ မြန်မာပြည် ရောက်လာတဲ့ ၁၉၅၃ မှာ ရန်ကုန်တက္ကသိုလ်ထဲ အောက်တိုဘာ ကျောင်းတလပိတ်ရေး ဆန္ဒပြပွဲတွေဖြစ်လို့ တက္ကသိုလ်ထဲကို ရဲတွေ ဝင်စီးတဲ့အချိန်ဖြစ်ပါတယ်။ နိုင်ငံအနှံ့မှာလည်း ပြည်တွင်းစစ် ပြင်းထန်နေဆဲဖြစ်လို့ စစ်သတင်းတွေကိုလည်း အန္နာခင်ခင်ချော ဖတ်ခဲ့ရပါတယ်။ သူကိုယ်တိုင်လည်း မြန်မာပြည်ရောက်ပြီး နှစ်လကြာတဲ့အထိ ဗီဇာမတင်ရသေးလို့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာထင်အောင်ဆီ မနက်အစောကြီး ဝင်တွေ့ပြီး လူဝင်မှုမင်းကြီး ဦးဘဆိုင်ဆီက အကူအညီတောင်းခဲ့ရကြောင်း မြန်မာပြည်လွတ်လပ်ရေး ရွှေရတုအမှတ်တရ ထုတ်တဲ့ လင်းလက်တဲ့ပြည်က စာများ စာအုပ်မှာ အန္နာအဲလော့ရေးခဲ့ပါတယ်။
ကျားပါးစပ်ထဲက မြန်မာစာပေ
မြန်မာပြည်မှာ ကိုးလ ပညာသင်ပြီးနောက် လန်ဒန်ပြန်လာပြီး ဒေါက်တာလှဘေလက်အောက်မှာ မြန်မာစာသင်ပေးသလို အာဖရိကဥပဒေပါမောက္ခဖြစ်လာမယ့် ခင်ပွန်းသည် အန်ထော်နီအဲလော့နဲ့ အန္နာတို့ သားသမီးလေးယောက်ထွန်းကားပါတယ်။ ၁၉၆၂ နောက်ပိုင်း မြန်မာပြည် တံခါးပိတ်ချိန်မှာ မြန်မာပြည်ကို သွားဖို့မလွယ်လှပေမယ့် အန္နာအဲလော့ ဇွဲမလျှော့ဘဲ စာပေလေ့လာမှုတွေ ဇောက်ချလုပ်ခဲ့ပါတယ်။ ဒီကနေပြီး ၁၉၆၃ မှာ ဒေါက်တာလှဘေ၊ အန္နာနဲ့ ဂျွန်အိုကယ်တို့ ပူးတွဲရေးတဲ့ မပျောက်ကွယ်နိုင်တဲ့ မြန်မာလင်္ကာသုံးပုဒ် စာတမ်း ထွက်ပေါ်လာပါတယ်။ မင်းဒဏ်သင့်ခဲ့တဲ့ အနန္တသူရိယ၊ လက်ဝဲသုန္ဒရနဲ့ ဦးပုညတို့ရဲ့ စာပေလင်္ကာတွေအကြောင်း ဖြစ်ပါတယ်။
၁၉၇၆ မြန်မာပြည်ကို ပြန်ရောက်ချိန်မှာတော့ ဝတ္ထုတိုဝေဖန်သုံးသပ်ချက်အကြောင်း ဦးအောင်သင်းရဲ့ မြန်မာစာ မဟာဝိဇ္ဇာဘွဲ့ယူစာတမ်းကို လက်ဆောင်ရရှိရာကနေ မြန်မာဝတ္ထုတိုတွေအကြောင်း သုတေသနတွေ သူလုပ်ခဲ့ပါတယ်။ ဒီမတိုင်ခင်ကလည်း ၁၉၇၁ က လန်ဒန်တက္ကသိုလ်မှာ ပက်ထရစ်ရှာမီးလ်ရဲ့ မဟာဒဿနိကဘွဲ့ယူစာတမ်းအတွက် သိန်းဖေမြင့်ရဲ့ လက်ရွေးစင်ဝတ္ထုတိုများကို ပြန်ဆိုရာမှာ အန္နာအဲလော့ ကြပ်မတ်ခဲ့ရပါတယ်။
မြန်မာစာပေအကြောင်း လေ့လာရာက မြန်မာစာပေဆိုင်ရာ သုတေသနစာတမ်းတွေ အန္နာအဲလော့ ရေးဖြစ်ခဲ့ပြီး ဒီထဲက ယနေ့ မြန်မာပြည်မှာ စာပေရေးသားခြင်းနဲ့ ထုတ်ဝေခြင်း၊ အစိုးရမူဝါဒနဲ့ အများကျင့်သုံးပုံ (၁၉၈၁)နဲ့ မြန်မာဝတ္ထုတိုများ (၁၉၈၂ ) စာတမ်းတွေ ထင်ရှားပါတယ်။ အန္နာအဲလော့ဟာ မြန်မာဝတ္ထုတိုများ စာတမ်းကို ထပ်မံဖြည့်စွက်ပြီး ၂၀၀၉ မှာ ရေးသားခဲ့ပြန်ပါတယ်။ အန္နာအဲလော့ရေးထားခဲ့တဲ့ ဒီသုတေသနစာတမ်းတွေကနေ ၁၉၆၂ နောက်ပိုင်း စစ်ကန့်လန်ကာနောက်က မြန်မာပြည်စာပေမြင်ကွင်းကို ပြန်ပြောင်းတွေ့ရပါတယ်။ သူနဲ့ခေတ်ပြိုင် မြန်မာစာပေကို လေ့လာသူတွေထဲမှာ ချက်က မြသီတာ၊ ဆိုဗီယက်ရုရှားက မလှကျော့၊ အရှေ့ဂျာမနီက မနှင်းဆီစတဲ့ ခေတ်ပြိုင်ပညာရှင်တွေ ရှိကြပေမယ့် သံကန့်လန့်ကာခေါ် ကွန်မြူနစ်စနစ်အောက်မှာ လုပ်ရတဲ့ သုတေသနတွေဖြစ်လို့ အန္နာအဲလော့လောက် ထင်တိုင်းမပေါက်ခဲ့ပါဘူး။ ၁၉၈ဝ ကျော်နောက်ပိုင်းမှာတော့ ဂျပန်မှာ မြန်မာစာပေ လေ့လာသူတွေ ပိုမိုထွက်ရှိလာပါတယ်။
မြန်မာပြည်အကြောင်း လေ့လာသူအများစုဟာလည်း ဘာသာစကားအခက်အခဲကြောင့် ခုချိန်ထိ မြန်မာစာကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်သူ ရှားပြီး နိုင်ငံခြားဘာသာကို တဆင့်ခံပြန်ဆိုတဲ့ အထောက်အထားနဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးတဲ့အထောက်အထားတွေကနေ လေ့လာချက်တွေပဲ များပါတယ်။ နောက်ပြီး မြန်မာပြည်ဖွားထဲက မြန်မာစာပေအကြောင်း လေ့လာမှုမှာလည်း ပြည်ပနိုင်ငံတွေအထိ ပေါက်ရောက်သူရှားတဲ့အတွက် မြန်မာဘာသာမှာ စာပေပိုင်းထိ လေ့လာသုံးသပ်နိုင်သူ ခုချိန်ထိ နည်းပါးနေတာ ဖြစ်ပါတယ်။ ဒီထဲမှာ အန္နာအဲလော့က ထင်ရှားပြီး တင်ထွေး၊ အောင်ဆန်းစုကြည် စတဲ့ လန်ဒန်တက္ကသိုလ်ထွက် မြန်မာပြည်ဖွားတွေရဲ့ ကိုလိုနီခေတ် မြန်မာစာပေသမိုင်း လေ့လာမှုတွေလည်း ကျန်ရစ်ပါတယ်။
တံခါးပိတ် စာပေရှုခင်း
အန္နာအဲလော့ဟာ မြန်မာပြည်ရဲ့ အဝေးနေရာကနေ မြန်မာစာပေကို လေ့လာခဲ့ရပါတယ်။ လန်ဒန်တက္ကသိုလ် စာကြည့်တိုက်ထဲက မြန်မာစာအုပ်စာတမ်းတွေအပြင် မြန်မာပြည်က မိတ်ဆွေဆရာသမားတွေ ပေးပို့တဲ့ စာအုပ်စာစောင်တွေကို လေ့လာပြီး မြန်မာစာပေအကြောင်း သုတေသနတွေ သူလုပ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ အပြင်မှာ ဖြန့်ချိခြင်းမရှိခဲ့တဲ့ ၁၉၆၂ က ကျင်းပတဲ့ အမျိုးသားစာပေညီလာခံ စာတမ်းနဲ့ တခြားမြန်မာစာပေဆိုင်ရာ အထောက်အထားတွေကို သူလက်လှမ်းမီပြီး စိတ်ဝင်စားစရာ စာတမ်းတွေကို ပြုစုခဲ့တာပါ။
သူ့စာတမ်းတွေကတဆင့် ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်း စာပေစာနယ်ဇင်းလောကကို စစ်တပ်က တစတစချုပ်ကိုင်လာပုံကို တွေ့ရသလို ဆိုရှယ်လစ်စီးပွားရေးအောက်က လူတွေရဲ့ ကျပ်တည်းမှုနဲ့ နိုင်ငံရေးမလွတ်လပ်မှုတွေကို ပုံရိပ်တွေနဲ့ တင်စားပြီး စာပေစိစစ်ရေးရဲ့ဓားချက်အောက်က လွတ်အောင် ရေးကြတဲ့ စာရေးဆရာတွေအကြောင်းကို တွေ့ရပါတယ်။ ဒါကြောင့် အန္နာအဲလော့ရဲ့ တံခါးပိတ်ခေတ် မြန်မာစာပေလေ့လာမှုတွေဟာ အရှေ့ဥရောပ၊ အရှေ့အာရှနဲ့ အာဖရိက၊ လက်တင်အမေရိကဒေသတွေက လက်ဝဲအာဏာရှင်နိုင်ငံတွေမှာ ပေါ်ထွန်းခဲ့တဲ့ စာပေရှုခင်းတွေနဲ့ နှိုင်းယှဉ်ကြည့်လို့ရတဲ့ စာပေလေ့လာမှုတွေ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ၁၉၈၈ နောက်ပိုင်း စီးပွားရေးတံခါးဖွင့်ပြီး နိုင်ငံရေးဖိနှိပ်မှုဆက်ရှိတဲ့အတွက် အန္နာအဲလော့အတွက် လေ့လာမှုက မကုန်နိုင်ဖြစ်ခဲ့ရပါတယ်။
စစ်တပ်အောက်က မြန်မာစာပေ ဖိနှိပ်မှုကို အန္နာအဲလော့ စိတ်ဝင်စားတာဟာ သူ့မိခင်ဘက်က နာဇီနဲ့ ကွန်မြူနစ်အုပ်ချုပ်မှုတွေနဲ့ ကြုံခဲ့ရတဲ့ ချက်မျိုးနွယ်ဖြစ်လို့ဆိုပြီး သူ့တပည့် ဗစ်ကီဘိုးမန်းခေါ် ဥမ္မာခင်က ပြန်ပြောင်းရေးပြပါတယ်။ ဆိုရှယ်လစ်ခေတ် မြန်မာပြည်နဲ့ ချက်ကိုဆလိုဗက်ကီးယားနိုင်ငံတွေက မလွတ်လပ်တဲ့ ပညာတတ်တွေရဲ့ဘဝကို ၁၉၆၀၊ ၇၀ ပြည့်လွန်နှစ်တွေမှာ သူကြုံတွေ့ခဲ့ရပြီး ချက်မှာ ၁၉၈၉ ကတ္တီပါတော်လှန်ရေးကြောင့် လွတ်မြောက်သွားပေမယ့် သူ့ရဲ့ မွေးစားနိုင်ငံ မြန်မာပြည်မှာ မလွတ်မြောက်သေးတဲ့အတွက် သူ စိတ်မကောင်းကြောင်း သူ့မိတ်ဆွေ လူထုဒေါ်အမာဆီကို ရေးတဲ့ စာတစောင်မှာ ပါရှိပါတယ်။
အန္နာအဲလော့ မှတ်တမ်းပြုခဲ့တဲ့ မြန်မာစာပေရေစီးကနေပြီး တံခါးပိတ်ခေတ် မြန်မာစာပေနဲ့ လူ့အဖွဲ့အစည်းကို ပြန်ပြောင်းကြည့်ရှုနိုင်ပါတယ်။ ဆိုရှယ်လစ်သရုပ်မှန်စာပေကို အားပေးပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရကို အကျိုးပြုတဲ့ စာအုပ်တွေကို စာပေဆုတွေပေးပြီး ချီးမြှင့်တဲ့ခေတ်ဖြစ်ပါတယ်။ တခြား ဆိုရှယ်လစ် ကွန်မြူနစ်နိုင်ငံတွေမှာလိုပဲ မြန်မာပြည်က စစ်ဆိုရှယ်လစ်အစိုးရအောက်မှာ စာပေ၊ ဂီတ၊ ရုပ်ရှင် စတဲ့ အနုပညာနယ်ပယ်တွေအတွက် စိစစ်ရေးဆိုတဲ့ နိုင်ငံတော်ယန္တရားကို ထူထောင်ထားတာဖြစ်လို့ အနုပညာနဲ့ အတွေးအခေါ်တွေ မပွင့်လင်းနိုင်တဲ့ ကာလဖြစ်ပါတယ်။ ထောင်၊ စိစစ်ဖြတ်တောက်မှုနဲ့ စက္ကူထုတ်ခွင့်လက်မှတ် စတဲ့ ခြိမ်းခြောက်မှုနဲ့ အခွင့်အရေးမျိုးစုံနဲ့ လည်ပတ်နေတဲ့ မြန်မာစာပေဖိနှိပ်မှုဟာ ကိုလိုနီခေတ်က စခဲ့တဲ့ စာပေတိုးတက်မှုရေစီးကို တုံ့နှေးစေသလို နိုင်ငံရေး၊ လူမှုရေးတိုးတက်မှုတွေမှာလည်း များစွာ ကန့်သတ်ပိတ်ပင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
တီဗွီနာနဲ့ ငွေမင်သုတ်တဲ့ ဝတ္ထုတိုများ
ဒီလိုအချိန်မှာတောင် ရနိုင်တဲ့ဘက်ကနေ စစ်အစိုးရအဆက်ဆက်ကို သရော်ဝေဖန်လုပ်ခဲ့တဲ့ ၊ စာပေလှုပ်ရှားမှုအသစ်တွေ ဖော်ဆောင်ခဲ့တဲ့ စာရေးဆရာတွေအကြောင်း အန္နာအဲလော့ မှတ်တမ်းပြုခဲ့ပါတယ်။ ဒီထဲမှာ လမ်းစဉ်ပါတီခေတ် ကျပ်တည်း ခေတ်နောက်ကျမှုတွေကို တီဗွီနာနဲ့ အမေချက်တဲ့ ပုစွန်ကျားခုနစ်ကောင်လို ဝတ္ထုတိုတွေနဲ့ ပြောင်လှောင်ခဲ့တဲ့ မစန္ဒာပါဝင်ပြီး မစန္ဒာဟာ ဗြိတိန်မှာဆိုရင် ရပ်ကွက်ထဲက လူတွေအကြောင်း ရေးတဲ့ ရုပ်သံဇာတ်ညွှန်းဆရာမကောင်းတယောက် ဖြစ်လာမယ့်သူ ဆိုပြီး ဝင်းငြိမ်းနဲ့ တွေ့ဆုံခန်းမှာ အန္နာအဲလော့ မှတ်ချက်ချခဲ့ပါတယ်။
အန္နာအဲလော့ စိတ်၀င်စားတဲ့ မြန်မာစာရေးဆရာတွေထဲမှာ မစန္ဒာအပြင် ဂျာနယ်ကျော်မမလေး၊ သိပ္ပံမောင်ဝ၊ ပီမိုးနင်း၊ ဦးလတ် စတဲ့ စာရေးဆရာတွေ ပါဝင်ပြီး သူတို့အကြောင်း စာပေထုပ္ပတ္တိတွေ သူရေးခဲ့သလို ဂျာနယ်ကျော်မမလေးရဲ့ မုန်း၍မဟူ၊ သိပ္ပံမောင်ဝရဲ့ စစ်အတွင်းခရီးသည်၊ ပီမိုးနင်း၏ပီမိုးနင်း စတဲ့ သူတို့အရေးအသားတွေကို အင်္ဂလိပ်ဘာသာ ပြန်ဆိုတာ၊ ပြန်ဆိုမှုတွေကို တည်းဖြတ်တာတွေ လုပ်ခဲ့ပါတယ်။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းရဲ့ စကားပြောသလို စာရေးတဲ့လှုပ်ရှားမှုနဲ့ စာတမ်းဖတ်ပွဲတွေကိုလည်း သူ စိတ်ဝင်စားတဲ့အတွက် ဒီအသင်းလှုပ်ရှားမှုမှာ အရေးပါတဲ့ လူထုကြီးပွားရေးစာအုပ်တိုက်၊ မန္တလေးက ရာစုဝက်ကြာ ထုတ်ဝေရေး စာတမ်းကို မှတ်တမ်းတင်ပြုစုခဲ့ပါတယ်။
အန္နာအဲလော့ စိတ်ဝင်စား ဘာသာပြန်ဆိုခဲ့တဲ့ မြန်မာစာရေးဆရာတွေထဲ နုနုရည် (အင်းဝ)၊ ဝင်းဖေ၊ စန်းစန်းနွဲ့ (သာယာဝတီ)၊ မသီတာ (စမ်းချောင်း) စတဲ့သူတွေ ပါပါတယ်။ ငွေမင်သုတ်တယ် ဆုတ်ဖြဲတယ် မြန်မာ ဝတ္ထုရေးသူများနှင့် စာပေစိစစ်မှု အမည်နဲ့ ၁၉၉၃ က အန္နာအဲလော့ ပန် အမေရိကန် စင်တာ အတွက် ရေးသားခဲ့တဲ့ စာအုပ်မှာ ဒီစာရေးဆရာတွေရဲ့ စိစစ်ရေးနဲ့ မလွတ်တဲ့ ဝတ္ထုတွေ ပါရှိပါတယ်။ ဒီဝတ္ထုတိုတွေထဲမှာ စစ်ဆိုရှယ်လစ်ခေတ်လွန် မြန်မာပြည်မှာ ကြုံနေရဆဲ ဖြစ်တဲ့ အထွေထွေ ကျပ်တည်းမှု၊ ဖိနှိပ်မှုနဲ့ မျှော်လင့်ချက်မဲ့မှုတွေကို ဖော်ပြနေပါတယ်။
ဒီစာအုပ်ထုတ်ဝေချိန်မှာ စာအုပ်ပါ စာရေးဆရာတချို့ ထောင်ကျနေချိန် ဖြစ်ပြီး အန္နာအဲလော့နဲ့ ခင်မင်တဲ့ မန္တလေးက လူထုဦးလှ-ဒေါ်အမာရဲ့သား ညီပုလေးလည်း ထောင်ကျနေပါတယ်။ ညီပုလေး ထောင်က ထွက်လာပြီးနောက် အန္နာအဲလော့ဆီ ပို့ပေးတဲ့ ထောင်ထဲမှာ အကျဉ်းသားချင်း အဓမ္မပြုကျင့်မှုကို သွယ်ဝိုက်ရေးဖွဲ့တဲ့ ဝတ္ထုတိုတပုဒ်ကိုလည်း ကျေးတောသားအမည်နဲ့ ခင်သန့်ဟန်နဲ့အတူ ၂၀၀၂ က ပူးတွဲ ပြန်ဆိုခဲ့ပါတယ်။
အန္နာအဲလော့ဟာ အကျဉ်းကျခံ စာရေးဆရာတွေရဲ့ လက်ရာတွေကို ကမ္ဘာသိအောင် ဘာသာပြန်ဆိုပေးခဲ့ရုံမက စာရေးဆရာတွေရဲ့ မိသားစုတွေကို ကူညီထောက်ပံ့ပေးခဲ့ကြောင်း လူထုစိန်ဝင်းဆီ ပေးတဲ့ သူ့စာတစောင်အရ သိရပါတယ်။
အန္နာအဲလော့ဟာ မြန်မာစာပေအကြောင်း ရေးသားပြန်ဆိုရုံသာမက မြန်မာစာပေနယ်က လူတွေကို ပြည်ပအထိအတွေ့ရှိအောင် ကူညီပေးခဲ့ပါတယ်။ ဒီကူညီမှုတွေကြောင့် နုနုရည် (အင်းဝ)၊ ကျော်ရင်မြင့်၊ အော်ပီကျယ် စတဲ့ ပြည်တွင်းက စာရေးဆရာ၊ သတင်းစာဆရာနဲ့ ကာတွန်းဆရာ စာပေသမားတွေ ဗြိတိန်မှာ ပညာသင်ခွင့်၊ လေ့လာခွင့်တွေ ရခဲ့ပါတယ်။ အန္နာအဲလော့ရဲ့ ကဏ္ဍဟာ တရုတ်၊ ဗီယက်နမ်နဲ့ အရှေ့ဥရောပမှာ ဖြေလျှော့မှုနဲ့ နိုင်ငံရေးအပြောင်းအလဲတွေ လုပ်ခါစက စာပေသမားတွေကို အနောက်နိုင်ငံတွေနဲ့ ထိတွေ့မှုရအောင် ကူညီပေးတဲ့ အနောက်တိုင်းတက္ကသိုလ်တွေက ပညာရှင်တွေရဲ့ ကဏ္ဍနဲ့ ဆင်တူပါတယ်။
ဒီလို မြန်မာစာပေအတွက် ကူညီအားပေးမှုတွေ ရှိခဲ့တဲ့ အန္နာအဲလော့ဟာ သရုပ်မှန်စာပေတွေကို ပိုစိတ်ဝင်စားတာ တွေ့ရပြီး ဝင်းဖေနဲ့ နေဝင်းမြင့်တို့ရဲ့ ဝတ္ထုတိုတွေအကြောင်းကလွဲရင် မော်ဒန်နဲ့ ပို့စ်မော်ဒန်ခေါ် ခေတ်သစ်ရေးနည်းတွေအကြောင်း ထည့်သွင်းရေးသားတာ နည်းတာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း အန္နာအဲလော့ရဲ့ မြန်မာစာပေဖိနှိပ်မှုသမိုင်းကို ဖော်ပြတဲ့ အရေးအသားတွေနဲ့ သော်တာဆွေရဲ့ ကျောက်ဖြုန်းကျော်ကြီးဝတ္ထုတို ဘာသာပြန်ကိစ္စမှာ သူ့ရဲ့ တည်ငြိမ်စွာ တုံ့ပြန်ရေးသားမှုတွေကို မြန်မာစာပေလောကက အမှတ်ရနေကြမှာ ဖြစ်ပါတယ်။