ချစ်၍ခေါ်ရာ၊ မန်းတက္ကသိုလ်က ထွန်းနဲ့ကေသီ

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

မြန်မာနိုင်ငံမှာ ၂၀၂၁ နောက်ဆုံး စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မတည်ငြိမ် ဖိနှိပ်မှုတွေကြောင့် ပြည်တွင်းပြည်ပက တတ်သိပညာရှင် ကျွမ်းကျင်သူ တော်တော်များများ နိုင်ငံထဲက ထွက်ခွာသွားကြပါတယ်။ ဒီဖြစ်စဉ်ဟာ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက် နိုင်ငံခြားသား ပညာရှင်တွေကို နိုင်ငံက နှင်ထုတ်တာနဲ့ မြန်မာပညာရှင်တချို့ အပြင်ကို ထွက်သွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ဆင်တူနေပါတယ်။ ဒါပေမဲ့လည်း အဲဒီခေတ်မှာပဲ နိုင်ငံခြားသူ ပညာရှင် တယောက် မြန်မာပြည်ကို ရောက်လာပြီး မြန်မာတက္ကသိုလ်တခုမှာ အငြိမ်းစားယူတဲ့အထိ သင်ကြားပို့ချခဲ့သလို မြန်မာပြည်မှာပဲ ခေါင်းချ ခဲ့ပါတယ်။

သူ့အမည်က ကက်သလင်းဖော့ပါ။ Forbes ဆိုတဲ့ မျိုးရိုးနာမည်ရှိပေမယ့် ဖို့ဘ်စ်လို မြန်မာမပြန်ဘဲ ဖော့လို့ပဲ မြန်မာဆန်ဆန် မှည့်ခေါ်ခဲ့သလို သူ့ခင်ပွန်း အမည်ကို လိုက်ပြီး ကက်သလင်း သန်းထွန်းလို့လည်း လူသိများပါတယ်။

လန်ဒန်သူနဲ့ တွံတေးသား

၁၉၃၃ လန်ဒန် စိန့်ပန်းခရက်စ် အရပ်မှာ မွေးတဲ့ ကက်သလင်း မော့ဒ် ဖော့ဟာ စကော့နွယ်ဖွား ဖြစ်ပြီး စစ်အတွင်းမှာ အဖွားဖြစ်သူနဲ့ နေဖို့ စကော့တလန်က ဂလပ်စဂိုမြို့ကို စေလွှတ်ခံရ ပါတယ်။ သူ့ဖခင် ဂျော့ဖော့ကတော့ ဘာသာပြန်အလုပ်လုပ်လို့ ဘာသာစကားအများကြီး တတ်ပါတယ်။ မိခင်ဖြစ်သူ မာရီယွန်က သတင်းထောက် ပါ။ အသက် ၃၆ နှစ်အရွယ် ဒုတိယကမ္ဘာစစ်အတွင်းမှာ အမေ ကွယ်လွန်ခဲ့လို့ အသက် ၉ နှစ်နဲ့ ကက်သလင်း မိတဆိုး ဖြစ်ခဲ့ပါတယ်။

စစ်ပြီးခေတ် လန်ဒန်မှာ ပညာဆက်သင်ခဲ့တဲ့ ကက်သလင်းဟာ လန်ဒန်တက္ကသိုလ် ဘက်ဖို့ဒ် အမျိုးသမီးကောလိပ်ကနေ လစ်ဗျားမှာရှိတဲ့ ဆိုင်ရင်းမြို့က ဂရိစကား ကျမ်းနဲ့ ရှေးဟောင်းဂရိဘာသာမှာ ပါရဂူဘွဲ့ ရခဲ့ပါတယ်။ တက္ကသိုလ်မှာ ပညာသင်ရင်း မြန်မာပြည်က အစိုးရပညာသင်ဆုနဲ့ လာတဲ့ ရုက္ခဗေဒ ပါရဂူဘွဲ့ယူ ကျောင်းသား ကိုသန်းထွန်းနဲ့ ချစ်ကျွမ်းဝင် ခဲ့ပါတယ်။ ပညာလိုလားတဲ့ သူတို့စုံတွဲဟာ တက္ကသိုလ် စာကြည့်တိုက်ထဲမှာ စတင် တွေ့ဆုံခဲ့ကြပြီး သူတို့အချင်းချင်း ထွန်းနဲ့ကေသီလို့ ချစ်စနိုး သုံးနှုန်းကြပါတယ်။ သူတို့လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့ ကက်သလင်းရဲ့ အဖေက ကန့်ကွက်ပါတယ်။ စစ်ပြီးခေတ် အနောက်နိုင်ငံတွေမှာ အဖြူမဟုတ်တဲ့ လူဝါလူမည်းတွေအပေါ် ခွဲခြားမှုက ကြီးကြီးမားမား ရှိတဲ့အတွက် ခုလို ကိုလိုနီနိုင်ငံဟောင်းတခုက ပညာရှင်အမျိုးသားတယောက်နဲ့ လက်ထပ်မယ့် သမီးရဲ့အကြံကို ဖခင်လုပ်သူက သဘောမတူတာ ဖြစ်ပါ တယ်။ ဒါပေမဲ့လည်း ကျေးတောသား ဖခင်ကို မိဘသဘောမတူတဲ့ကြားက ယူခဲ့တဲ့ ကက်သလင်းနဲ့ ကိုသန်းထွန်းတို့ အိမ်ထောင်ရေးဟာ နောက်ဆုံးမှာ အထမြောက် အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။

သူ့ခင်ပွန်းသည် ကိုသန်းထွန်းဟာ ၁၉၃၂ က ရန်ကုန်နားက တွံတေးမှာ မွေးတဲ့ တရုတ်ကပြားဖြစ်ပါတယ်။ ရှေ့နေသားဖြစ်ပြီး သားသမီး ကိုးယောက်မှာ နံပါတ်သုံး ဖြစ်ပါတယ်။ ငယ်စဉ်က ရန်ကုန်မြို့မကျောင်းမှာ သင်ယူခဲ့ပြီး စစ်အပြီးမှာ မှော်ဘီစိုက်ပျိုးရေးကျောင်းက အောင်ပြီးနောက် ၂၁ နှစ်အရွယ်မှာ အစိုးရပညာသင်ဆုရလို့ လန်ဒန်လာခဲ့ပါတယ်။ ရိုးအေး အနေတည်ကြည်သူ၊ ပညာရပ်အပေါ် လေးနက်ထက်သန်သူ ဖြစ်လို့ အသက်ငယ်ငယ်နဲ့ ပညာ ထူးချွန်ဆုတွေ ဆွတ်ခူးပြီး လန်ဒန်မှာ ပညာသင်ခွင့်ရခဲ့တာပါ။

၁၉၅၉ မှာ သူတို့ နှစ်ယောက်လုံး ပါရဂူဘွဲ့ရပြီးနောက် မေလမှာ စိန့်ပန်းခရက်စ်မှာ လက်ထပ်ကြပါတယ်။ အဲဒီအချိန်က ကက်သလင်း လန်ဒန်တက္ကသိုလ် မှာ လက်တင် ဘာသာ လက်ထောက်ကထိက ဖြစ်နေပါပြီ။ ဒါပေမဲ့ ဒေါက်တာသန်းထွန်းက ဗြိတိန်မှာ ဆက်မနေချင်တဲ့အတွက် သျှောင်နောက်ဆံထုံး ပါလာတာ ဖြစ်ပါ တယ်။ အဲဒီခေတ် ခွဲခြားမှုအနေအထား တွေကလည်း အာရှသားတယောက်အဖို့ ဗြိတိန်မှာ အခြေချဖို့ ခက်ခဲစေပါတယ်။

အခုလို ပညာစုံပြီး ပြည်တော်ပြန်ချိန်မှာ အနောက်တိုင်း သူ ကြင်ယာကို ခေါ်လာတဲ့အတွက် ဒေါက်တာသန်းထွန်းရဲ့မိဘများက မကန့်ကွက်ကြပါဘူး။ ချစ်ခင်စောင့်ရှောက်မှု ပေးကြပါတယ်။ တခြားတွေ့တဲ့ မြန်မာတွေကလည်း ကက်သလင်းကို ခင်မင်ကြပါတယ်။ နောက် သူတို့မောင်နှံကို လန်ဒန် ဘီဘီစီ မြန်မာပိုင်း အသံလွှင့် အစီအစဉ်မှာ အလုပ်လုပ်တဲ့ ဦးတက်ထွဋ်က မန္တလေးတက္ကသိုလ်သစ်ရဲ့ အုပ်ချုပ်ရေးကောင်စီဝင် လူထုဦးလှနဲ့ မိတ်ဆက်ပေး လိုက်တဲ့အတွက်လည်း တက္ကသိုလ်မှာ တာဝန် ထမ်းဖို့ ရောက်လာတဲ့ ဒေါက်တာသန်းထွန်းတို့စုံတွဲ အဆင်ပြေချောမွေ့ခဲ့ပါတယ်။

ဦးတက်ထွဋ်မိတ်ဆက်စာမှာ ကက်သလင်းကို ဘက်ဖို့ဒ်ကောလိပ်ကျော် ကျောင်းထွက် စာတတ်ကလေး၊ မိကောင်းဖခင်သားသမီးကလေး၊ မိတဆိုးကလေး ဆိုပြီး ဖော်ပြပါတယ်။ Philology မှာ သူလိုတတ်တာ ရန်ကုန် တက္ကသိုလ်မှာတောင် မရှိပါလို့လည်း ဆိုပါတယ်။ အရင်ပြန်သွားတဲ့ မြန်မာပါရဂူ တယောက်ရဲ့ အင်္ဂလိပ်ဇနီး အိမ်ထောင်ရေး ကံမကောင်းတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်းလည်း ၁၉၅၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက် ရက်စွဲနဲ့ ပေးစာမှာ ပါရှိပါတယ်။ တခါ ၁၉၆၂ မတ်လ ၁၅ ရက်စွဲနဲ့ ပေးစာမှာ လည်း ကက်သလင်းဟာ ဘာသာဗေဒသင်ရိုးကျွတ်တတ်မြောက်လာသူဖြစ်ပြီး ပညာ အရာမှာလည်း အရင်က မြန်မာပြည်ရောက်ခဲ့တဲ့ အင်္ဂလိပ်ပညာရှင် တွေထက် သာတယ်လို့ ဦးတက်ထွဋ်က ချီးမွမ်းခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ အဲဒီ ခေတ်က ဘာသာဗေဒမှာ လူတတ်လုပ်နေကြတဲ့ ပါမောက္ခလုစ်၊ ဦးဖေမောင်တင်နဲ့ ဦးဝန်တို့ သုံးယောက်လုံး ဘာသာဗေဒမှာ သင်ရိုးမကျွတ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

အညာတက္ကသိုလ်က ဆရာမ

၁၉၆ဝ ကျော် မြန်မာပြည် တံခါးပိတ်ခါစ မန္တလေးမြို့မှာ နေရတဲ့ အနောက်တိုင်းသူတယောက်ရဲ့ဘဝက တွေးကြည့်ရုံနဲ့ ခက်ခဲပါတယ်။ လူနေမှုပုံစံချင်းက အရှေ့နဲ့ အနောက် ဖြောင့်ဖြောင့်ကြီး ကွာခြားသလို မန္တလေးမှာ ရန်ကုန်လို အနောက်တိုင်းဆန်တဲ့ လူမှုဆက်ဆံရေးက နည်းပါတယ်။ နောက်ပြီး နေထိုင်သူ နိုင်ငံခြားသားလည်း နည်းတဲ့အတွက် အနောက်တိုင်းသူက မြန်မာနဲ့လက်ထပ်ပြီး လိုက်နေတာဟာ မြို့ခံတွေအတွက် အထူးအဆန်းဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်ပြီးစက ပါမောက္ခ ဒေါက်တာသာလှ ဗြိတိသျှဇနီးသည်ကို ရန်ကုန် ခေါ်လာခဲ့ဖူးပေမယ့် မန္တလေးကျောင်း မှာတော့ မရှိခဲ့ဖူးပါဘူး။ဒါပေမဲ့လည်း လမ်းမှာတွေ့တဲ့ လူစိမ်းတွေက သူ မြန်မာလို ပြောတတ်လား၊ ဘာစားလဲ စတဲ့ မေးခွန်းတွေ မေးကြပြီး သူ့ကို ခင်မင်သွားတတ်ကြပါတယ်။

ကံကောင်းတဲ့တချက်က ကက်သလင်းတို့ နေရတဲ့ဝန်းကျင်ဟာ တက္ကသိုလ်ပညာတတ် ပါမောက္ခနဲ့ ကျောင်းသူကျောင်းသားတွေ ဖြစ်တဲ့အတွက် ဆက်ဆံ ပြောဆိုရတာ ကောင်းပြီး အမြင်ကျယ်သူတွေ များတာပါပဲ။ ပြင်သစ်၊ ဂျာမန် စတဲ့ ဘာသာစုံကျွမ်းကျင်တဲ့ ဘာသာစကားပါရဂူ ကက်သလင်းအတွက် မြန်မာစကားကို မြန်မြန်ဆန်ဆန်တတ်မြောက်ခဲ့သလို ခင်ပွန်းသည်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာထဲဝင်လိုက်တဲ့အတွက်လည်း ဘာသာရေးလောကသစ် တခုထဲ ရောက်သွားပါတယ်။ နောက် ၁၉၆၁ မှာ ကက်သလင်း မြန်မာနိုင်ငံသား ခံယူခဲ့ပါတယ်။ ကက်သလင်းဟာ သူ့ကို မြန်မာပြည် ခေါ်လာတဲ့ ခင်ပွန်းထက် ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်သူလည်း ဖြစ်ပါတယ်။ ဗုဒ္ဓဟူးသမီးဖြစ်တဲ့အတွက် ဒေါ်ရင်ရင်ဆိုတဲ့ မြန်မာအမည်ကိုလည်း မန္တလေးက ပုဏ္ဏားဗေဒင် ဆရာကြီး ဦးစိန်က ပေးခဲ့ပါတယ်။

အဲဒီအချိန်က မန္တလေးတက္ကသိုလ်မှာ နိုင်ငံခြားဆရာတချို့ ဦးနုခေတ်က ခေါ်ထားတာ ကျန်သေးသလို နိုင်ငံခြားပြန် မြန်မာဆရာတွေလည်း ရှိပါတယ်။ သင်္ချာဌာနက ဒေါက်တာဘကြည်၊ ဓာတုဗေဒက ဒေါက်တာမောင်ဒီ၊ သမိုင်းက ဒေါက်တာသန်းထွန်း၊ စိတ်ပညာက ဒေါက်တာစိန်တူ စတဲ့ ဗြိတိန်နဲ့ အမေရိကန်မှာ ပညာသင်လာခဲ့တဲ့ ထက်မြက်ထူးချွန်သူ ဆရာငယ်တွေနဲ့ ကက်သလင်းတို့ ပညာရပ်ဝန်းတခု တည်ဆောက်ခဲ့ကြပါတယ်။ ကက်သလင်း ကိုယ်တိုင်လည်း အင်္ဂလိပ်စာဌာန မှာ ပါမောက္ခ မစ္စတာမူနီအောက်မှာ ဆရာမဝင်လုပ်ပြီး ကထိက ဌာနမှူးအထိ ဖြစ်ခဲ့ပါတယ်။

ကက်သလင်းဟာ အတန်းထဲမှာ အင်္ဂလိပ်စာရေးဆရာကြီး ဂျော့အော်ဝဲရဲ့ တိရစ္ဆာန်လယ်တောခေါ် ခြေလေးချောင်းတော်လှန်ရေး စာအုပ်ကို ဖတ်ပြီး စာသင်ခဲ့ပေမဲ့ နိုင်ငံရေးကင်းအောင် နေသူဖြစ်တဲ့အတွက် စစ်အစိုးရက မနှောင့်ယှက်ခဲ့ပါဘူး။

အဲဒီခေတ်က တနိုင်ငံလုံးမှာ တက္ကသိုလ်နှစ်ခုတည်းရှိပြီး ဌာနနှစ်ခုက ပါမောက္ခရာထူးနှစ်ခုနဲ့ ကထိကရာထူး သုံးလေးခု၊ နည်းပြရာထူးတွေကို ပညာရှင် တွေ အလုအယက် ရဖို့ ကြိုးစားရတဲ့ခေတ်ဖြစ်ပါတယ်။ ကက်သလင်းနဲ့ သန်းထွန်းတို့ မောင်နှံကတော့ ရတာစောသွားတဲ့အတွက် ကျန်တဲ့သူထက် ကံကောင်းခဲ့ပါတယ်။ နောက်ပြီး နှစ်ယောက်လုံး အတူတူနေရအောင် မန္တလေးသီးခြားတက္ကသိုလ်သစ်ကို သူတို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ပြီး ၁၉၆၄ နောက်ပိုင်း အင်္ဂလိပ်စာသင်ကြားရေးကို အဆင့်နှိမ့်လိုက်တဲ့အတွက် ပါမောက္ခ ရာထူးက တနိုင်ငံလုံးအတွက် တခုတည်း ရှိပြီး မန္တလေးမှာ ပါမောက္ခမပေးနိုင် ဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်စာအဓိကနဲ့ ဘွဲ့ယူချင်ရင် ရန်ကုန်သွားရတဲ့ခေတ် ဖြစ်ပါတယ်။

တခါက နယ်ကျောင်းသား နှစ်ယောက် ကက်သလင်းဆီ စာမေးဖို့သွားရာမှာ အင်္ဂလိပ်လို ပြောဖို့ ပြင်ဆင်သွားကြပါတယ်။ ဆရာမအိမ်ရောက်တော့ ဆရာမက မြန်မာလိုပဲ စကား ပြောလိုက်တဲ့အတွက် အပြန်လမ်းမှာ စက်ဘီးစီးရင်း မြွေတကောင်တွေ့တဲ့အခါ နှစ်ယောက်သား မတိုင်ပင်ဘဲ 'Snake... Snake !'လို့ အော်မိ ကြောင်း သူနဲ့ ကျောင်းမှာ ဆုံခဲ့ရတဲ့ တပည့်ဟောင်းတွေထဲက ကွယ်လွန်သူ စာရေးဆရာ ညီစေမင်း ပြန်ပြောင်းပြောပြဖူးပါတယ်။

သုတေသီနဲ့ ပြန်ဆိုသူ

ဆရာမလုပ်ရင်း မြန်မာနိုင်ငံသုတေသနအသင်းနဲ့ သုတေသနကွန်ဂရက် စာတမ်းဖတ်ပွဲတွေမှာ ကက်သလင်းဖော့ ပညာရပ်စာတမ်းတွေ ဝင်ဖတ်ပြီး Compound Names in Burmese( မြန်မာနာမ်စကားပေါင်းများ),Some Examples of Depletion of Meaning in Burmese(မြန်မာစကားမှာ အဓိပ္ပာယ်လျော့နည်းသွားတဲ့ နမူနာအချို့),The Parts of Speech in Burmese and Burmese Qualifiers (မြန်မာဘာသာစကားရှိ ဝါစင်္ဂများနဲ့ မြန်မာအထူးပြုများ), Neologisms in English and Burmese(အင်္ဂလိပ်နဲ့မြန်မာ ဘာသာစကား မှာ စကားလုံးသစ် ဖြစ်ပေါ်ဖန်တီးမှုများ) စတဲ့ စာတမ်းတွေကို အသင်းဂျာနယ်မှာ ထုတ်ဝေခဲ့ပါတယ်။ သူ့စာတမ်းတွေမှာ ခင်ပွန်းဖြစ်သူ ရုက္ခဗေဒ ဒေါက်တာ သန်းထွန်းကို အမေးခံပုဂ္ဂိုလ်အဖြစ် လေ့လာပြုစုခဲ့တယ်လို့လည်း မောင်ခင်မင် (ဓနုဖြူ)က ဒေါက်တာကက်သလင်းဖောနှင့် မြန်မာစကား မြန်မာစာ ဆောင်းပါးမှာ ရေးခဲ့ပါတယ်။ ကက်သလင်းဟာ မြန်မာစကားမှာ နာမ်၊ ကြိယာ၊ ဝိဘတ်၊ အထူးပြုဆိုပြီး ဝါစင်္ဂလေးပါးရှိတယ်လို့ ယူဆသူ ဖြစ်ကြောင်း လည်း မောင်ခင်မင်က ရေးပါတယ်။

နောက် မန္တလေးတက္ကသိုလ်မှာ လာတက်ကြတဲ့ လူမျိုးစု ကျောင်းသူကျောင်းသားတွေဆီက စကားလုံးဝေါဟာရတွေ စုဆောင်းမှတ်သားခဲ့ပေမယ့် ကျန်းမာရေး ချို့ယွင်းလာလို့ သုတေသန ဆက်မလုပ်ဖြစ်ဘဲ မှတ်တမ်းတွေ ပျောက်ဆုံးခဲ့ပါတယ်။

တခါ လူထုဦးလှရဲ့ ပတ္တမြားမင်းသား အပါအဝင် လူမျိုးစု ပုံပြင်တွေနဲ့ စစ်၊ အချစ်နဲ့ထောင် စာအုပ်ကိုလည်း ကက်သလင်းနဲ့ သမိုင်းဒေါက်တာသန်းထွန်း တို့ အင်္ဂလိပ်လို ဘာသာပြန်ပြီး စာအုပ်တွေ ထုတ်ကြပါတယ်။ နောက် သူပြန်တဲ့ မြန်မာပြည်မှ နောက်ထပ်စိတ်ကြိုက်ပုံပြင်များ စာအုပ်ကိုလည်း ဟိန်းမန်း ပညာရေး စာအုပ်တိုက်က ၁၉၇၈ မှာ ထုတ်ဝေပြီး အာရှနိုင်ငံတခုမှာ ကျောင်းသုံး ပြဋ္ဌာန်းခဲ့တယ်လို့ သိရပါတယ်။

မိခင်ပါရဂူ

မန်းတက္ကသိုလ် ရုက္ခဗေဒပါမောက္ခ ဒေါက်တာသန်းထွန်းနဲ့ အင်္ဂလိပ်စာဌာနမှူး ဒေါ်ရင်ရင် ခေါ် ကက်သလင်းသန်းထွန်းတို့မှာ သားသမီးလေးဦး ထွန်းကားပါတယ်။ ဒီထဲက သားငယ် ကိုဝင်းသန်းထွန်းဟာ မိဘခြေရာနင်းပြီး ဂျပန်က တိုကျိုတက္ကသိုလ်ကို ကျောက်စာပညာရှင်အဖြစ် စေလွှတ်ခံခဲ့ရ သလို ပုဂံခေတ် မြန်မာ ဗုဒ္ဓဘာသာ ( အေဒီ ၁ဝဝဝ -၁၃ဝဝ ) ကျမ်းနဲ့ စင်္ကာပူအမျိုးသားတက္ကသိုလ်မှာ ၂ဝဝ၂ ခုနှစ်က အရှေ့တောင်အာရှလေ့လာရေး ပါရဂူဘွဲ့ ယူခဲ့ပါတယ်။ သူတို့ သားအမိ နှစ်ယောက် ပါဠိ၊ သက္ကတဆိုင်ရာတွေကိုလည်း စကားဝိုင်းဖွဲ့လေ့ရှိပါတယ်။

ဒေါက်တာသန်းထွန်းနဲ့ ဒေါက်တာရင်ရင်တို့ မောင်နှံ ကျောင်းက ပြန်လာရင် ကျောင်းနဲ့ အလုပ်အကြောင်းသာ ပြောလေ့ရှိပြီး စာဖတ်ကြပါတယ်။ သူတို့ အိမ်မှာ စာအုပ်အများကြီး ရှိပြီး အင်္ဂလိပ်စာအုပ်တွေ များပါတယ်။ ပါးလ်စ်ဘက်၊ အိုင်းဆက်အာဆီမော့ဗ်၊ အဂ္ဂါသာခရစ္စတီးတို့ ဝတ္ထုတွေကို သူတို့ ကြိုက်ပြီး သားသမီးတွေကိုလည်း ဒေါ်ရင်ရင်ကိုယ်တိုင် အင်္ဂလိပ်စာ သင်ပေးပါတယ်။ နောက် သူတို့လို စာဖတ်ဝါသနာပါကြတဲ့ သားသမီးတွေက စာအုပ် အငှားဆိုင်က မြန်မာစာအုပ်တွေ ငှားဖတ်ကြပါတယ်။

သူ့ဆီက စာအုပ်ငှားဖတ်တဲ့ မိတ်ဆွေတွေလည်း ရှိပါတယ်။ တခါက မိတ်ဆွေတယောက် စာအုပ်ငှားပြီး ပြန်မပေးတာ အတော်ကြာတော့ နောက်တခါ လာငှားတဲ့အခါ အရင်စာအုပ်တွေ ပြန်ပေးပြီးမှ ငှားမယ်လို့ သူက ပြောလိုက်ပါတယ်။ ရိုးစင်းတဲ့ သူ့အတွက် ဒီလိုပြောတာ အကြောင်းမဟုတ်သလို အဲဒီလူကိုလည်း သူ ဒေါသမထွက်ပါဘူး။ ဒါပေမဲ့ အဲဒီမိတ်ဆွေက သူ့ဆီ ထပ်မလာတော့ဘူးလို့ သိရပါတယ်။

ဒေါ်ရင်ရင်ဟာ စာပေသင်ကြားတဲ့အလုပ်အပြင် အိမ်ထောင်တာဝန်တွေကိုလည်း ကျေပွန်တဲ့ အိမ်ရှင်မကောင်း တယောက် ဖြစ်ပါတယ်။ မြန်မာ အစား အစာတွေကိုလည်း သူနှစ်ခြိုက်သလို သူတတ်ကျွမ်းတဲ့ အနောက်တိုင်းဟင်းလျာတွေနဲ့ သားသမီးတွေကို ရင်းနှီးစေပါတယ်။ ဒေါ်ရင်ရင်ဟာ အိမ်မှာ ကိုယ်တိုင် အင်္ဂလိပ်ဒိန်ခဲလုပ်တတ်ပြီး သကြားရှားတဲ့ လမ်းစဉ်ပါတီခေတ်မှာ ကြံသကာနဲ့ ဘောက်သီး၊ ချဉ်ပေါင်သီးတွေသုံးပြီး အင်္ဂလိပ်သစ်သီးယိုလည်း လုပ်ပါတယ်။ ပန်ကိတ်၊ ဝက်သား၊ အမဲသားရို့စ်တွေအပြင် မြန်မာ မုန့်တီဖတ်၊ အမဲသားလုံးတွေနဲ့ အီတာလျံ ခေါက်ဆွဲလည်း ချက်ပါတယ်။ မြန်မာ အစားအသောက်တွေထဲမှာ ငါးပိကြော်နဲ့ လက်ဖက် ကိုလည်း သူနှစ်ခြိုက်ပြီး ကိုယ်တိုင် ငါးပိကြော်တတ်ပါတယ်။ သမီးတွေ တွေ့ရင် စားပစ်မှာစိုးလို့ မမြင်အောင် သူ့လက်ဖက်ကြုတ်ကလေး ဝှက်ထားတဲ့အထိ လက်ဖက်ကြိုက်သူဖြစ်ပါတယ်။

ဖုန်ထူတဲ့ မန္တလေးမြို့မှာ သူ့အိမ်တွင်းဝန်းကျင်နဲ့ လမ်းဘေးတွေကိုလည်း တံမြက်လှည်းကျင်းပြီး သန့်ရှင်းအောင် ထားတတ်ပါတယ်။

တခါ သူတို့ မိသားစုမှာ ငွေကြေးမပြည့်စုံလှပေမဲ့ သူတို့ရှိတဲ့ ကြက်ဥသစ်သီး စတာတွေကို မိဘမဲ့ဂေဟာနဲ့ ဘုန်းကြီးကျောင်းတွေကို သွားလှူပါတယ်။ မနက်တိုင်းလည်း ဆွမ်းလောင်းပါတယ်။ သမီးတွေကိုလည်း မြန်မာမိန်းကလေး ပီပီသသဖြစ်အောင် ပျိုးထောင်တဲ့အတွက် စကတ်၊ ဘောင်းဘီတွေ ဝတ်ခွင့်မပြုသလို ဒေါ်ရင်ရင်ကိုယ်တိုင်လည်း ကျောင်းမှာ စာသင်ရင် မြန်မာလို ရင်ဖုံးအင်္ကျီ၊ ထဘီနဲ့ သေသေသပ်သပ် အမြဲဝတ်ဆင်ပါတယ်။ အိမ်မှာ လည်း ထဘီဝတ်ပါတယ်။ ဒေါ်ရင်ရင်ဟာ မြန်မာပြည် မလာခင်ကတည်းက လန်ဒန်က မိတ်ဆွေ ကရင်မိသားစုဆီမှာ မြန်မာဝတ်စုံချုပ်ပြီး ယူလာခဲ့သူ ဖြစ်ပါတယ်။ တက္ကသိုလ်ကထိကဘဝမှာ ငွေကြေးမချမ်းသာတဲ့ ဒေါ်ရင်ရင်ဟာ မန္တလေးတောင်ခြေ မန်းရာပြည့်ကွင်းမှာလုပ်တဲ့ ပြည်ထောင်စုနေ့ပွဲက ဝယ်လာတဲ့ ကျောက်စိမ်းနဲ့ ပုလဲကို မြတ်မြတ်နိုးနိုး ဝတ်ဆင်ခဲ့ပါတယ်။

နောက် မြန်မာ ကျောင်းသွားရမှာ ဖြစ်လို့ ကလေးတွေကို ငယ်ငယ်ကတည်းက ဒေါ်ရင်ရင်က မြန်မာလိုပဲ ပြောကျင့် လုပ်ပေးပါတယ်။ သားသမီးတွေရဲ့ မြန်မာအမည်တွေ ကိုလည်း နေ့နံနဲ့ တွက်ချက်ပြီး ပေးခဲ့တာ ဖြစ်ပါတယ်။ နောက် သူတို့ကို အင်္ဂလိပ်နာမည်တွေ ပေးထားပေမဲ့ သားကြီးကို သူက သားသားလို့ပဲ ခေါ်ပါတယ်။

မန္တလေးတက္ကသိုလ်နားက ဗောဓိကုန်းရိပ်သာမှာ သူတို့ဇနီးမောင်နှံ တရားသွားထိုင်လေ့ရှိသလို ဆီးပန်းနီဘုန်းကြီးကျောင်းကိုလည်း သွားလေ့ရှိပါတယ်။ အင်္ဂလိပ်ကျေးလက်နဲ့တူတဲ့ ထောပတ်သီး စထရော်ဘယ်ရီသီးတွေထွက်တဲ့ မေမြို့ခေါ် ပြင်ဦးလွင်ကိုလည်း သူနှစ်သက်လှပါတယ်။

သူ့ဌာနက မစ္စတာမူနီ၊ ဦးအုန်းခင်-ဒေါ်လှမေ (ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာဖေသက်ခင်ရဲ့မိဘများ)၊ ဦးမင်းဟန်၊ ဒေါ်ဝင်နီမာရေး စတဲ့ ဆရာ ဆရာမတွေနဲ့လည်း ဒေါ်ရင်ရင် ခင်မင်ရင်းနှီးခဲ့ပါတယ်။

ဒေါ်ရင်ရင်ဟာ အင်္ဂလန်မှာနေခဲ့တဲ့ဘဝကို ကြိုးစားမေ့ပျောက်ထားသူပါ။ ဒါပေမဲ့လည်း အန်းမင်းသမီး မန္တလေးလာတော့ သူသွားတွေ့ရတာကို အင်မတန် စိတ်လှုပ်ရှားခဲ့ပါတယ်။

၁၉၅ဝ ကျော်မှာ ကြီးတဲ့ မျိုးဆက်ဖြစ်တဲ့ ဒေါ်ရင်ရင်ဟာ သူတို့ခေတ်က နာမည်ကျော် အမေရိကန်အဆိုတော် ပရက်စလေရဲ့တေးတွေကိုလည်း ကြိုက်သလို ဒေါရစ်ဒေးရဲ့ ကေဆယ်ရာ ဆယ်ရာ (ဘာပဲဖြစ်ဖြစ်)ဆိုတဲ့ သီချင်းကို သားသမီးတွေကို ဆိုပြလေ့လည်း ရှိပါတယ်။ မန္တလေးမြို့လယ် အောင်ဆန်းလမ်း ပေါ်က ဝင်းလိုက်ရုံမှာလည်း ကလေးတွေနဲ့ နိုင်ငံခြားကားတွေ သွားကြည့်တတ်ပါတယ်။

ဖခင်မြေသြဇာ

တဘက်မှာလည်း လေးနှစ်အတွင်း ရာထူးတက်ပြီး ၃၁ နှစ်အရွယ်မှာ ရုက္ခဗေဒပါမောက္ခဖြစ်ခဲ့တဲ့ ခင်ပွန်းသည် ဒေါက်တာသန်းထွန်းဟာ သူ့ပါရဂူကျမ်း သုတေသန အဆက် စိမ်းပြာရေညှိနဲ့ စပါးခင်းတွေမှာ ဇီဝမြေသြဇာ ကျွေးတဲ့ သုတေသနကို အကောင်အထည် ဖော်နေပါတယ်။ အဲဒီခေတ်က အာဏာပိုင် လမ်းစဉ်ပါတီ အစိုးရက ဒီသုတေသနကို သဘောကျအားပေးတဲ့အတွက် ဒေါက်တာသန်းထွန်းကို ရန်ကုန်ဖိတ်ပြီး စိုက်ပျိုးရေးနဲ့ သစ်တောဝန်ကြီးတွေက ညစာဖိတ်ကျွေး တာတွေ လုပ်ခဲ့သလို ၁၉၈၁ မှာ ဂျာမနီကို လေ့လာရေး လွှတ်ခဲ့ပါတယ်။ ဒီဇီဝမြေသြဇာစီမံကိန်းကြောင့် အနှစ် ၃ဝ အတွင်း ဓာတ်မြေသြဇာ သုံးစွဲမှု ကျသွားကြောင်း ဒေါက်တာသန်းထွန်းရဲ့ တပည့်ရင်း k ပေါက ရေးပါတယ်။

ဒေါက်တာသန်းထွန်းဟာ ခက်ခဲနက်နဲတဲ့ အပင်တွေရဲ့ ဇီဝကမ္မလို ဘာသာရပ်ကို စာအုပ်မပါဘဲ လက်တန်းပို့ချနိုင်ပြီး စာမေးပွဲစစ်ရာမှာလည်း အညှာ မပေးသူဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် သူ့လက်ထက်မှာ ရုက္ခဗေဒ မဟာသိပ္ပံဘွဲ့မှာ အထူးအောင်သူ မရှိဘဲ ဒုတိယ တတိယအဆင့်တွေနဲ့သာ အောင်ကြတာ ဖြစ်ပါတယ်။ သူ မကြိုက်တဲ့ ဘွဲ့လွန်ကျမ်းတွေကို ပြတင်းပေါက်က လွှင့်ပစ်တာ၊ အများမြင်အောင် စင်္ကြံကနေ လျှောတိုက်ပစ်ထုတ်တာမျိုး လည်း လုပ်တတ်ပါသေးတယ်။

ဒေါက်တာသန်းထွန်း ဒီလို စည်းကမ်းကြီးပေမဲ့ တခါတလေ စာသင်ရင်း ဇနီးဖြစ်သူ ဖုန်းဆက်တဲ့အခါ ဟင်းချက်နည်း အင်္ဂလိပ်လို ပြောပြတတ်တယ် လို့လည်း တပည့်ဖြစ်သူ ဒေါက်တာကျော်ကျော်ခေါင်က ရေးဖူးပါတယ်။ တနှစ်တခါ ဌာနဝန်ထမ်းနဲ့ ဆရာဆရာမတွေ တပည့်တွေ စုပြီး ပျော်ပွဲစား ထွက်ရတာကိုလည်း ပျော်တတ်တယ်လို့ သိရပါတယ်။

ဝေးတမြေမှာ ဓာတ်ပုံဆုတ်ပစ်

မြန်မာပြည်ကို ရောက်လာပြီးနောက်ပိုင်း တခါမှ ဗြိတိန်ကို မပြန်ခဲ့တဲ့ ဒေါ်ကက်သလင်းရင်ရင်ဟာ ကျန်ခဲ့တဲ့ ဖခင်မုဆိုးဖိုနဲ့ ပြန်မဆုံတွေ့နိုင်ခဲ့သလို ဆွေမျိုးတွေနဲ့လည်း စာနဲ့ပဲ ဆက်သွယ် ခဲ့ရပါတယ်။ နောက် မောင်ဝမ်းကွဲတယောက်ပဲ မလေးရှား ရေနံကုမ္ပဏီတခုမှာ လုပ်တုန်း မိသားစုနဲ့ သူ့ဆီ လာလည်ဖူးပါတယ်။ ဗြိတိန်မှာ ၂၆ နှစ် နေခဲ့ရတဲ့ ဘဝဟာ ဒေါ်ရင်ရင်အတွက် ပြန်မမက်တော့တဲ့ အိပ်မက်လို ဖြစ်ခဲ့ပါတယ်။ ငွေကြေးချို့တဲ့မှုကြောင့်ရော၊ ကျန်းမာရေး ချူချာလာတဲ့အတွက်ပါ သူ ဇာတိမပြန်နိုင်ခဲ့တာပါ။

ဒီလို ဝေးကွာမှု နှစ်ရှည်ကို ကြုံခဲ့ရပြီးနောက် ဒေါ်ရင်ရင်ဟာ သူ့ဖခင်ရဲ့ ပုံတွေကို သေပြီမို့ သိမ်းထားဖို့ မလိုတော့ဘူးဆိုပြီး ဆုတ်ဖြဲပစ်ခဲ့ပါတယ်။ သူ့ရင်တွင်းခံစားချက်ကို ထုတ်မပြောတတ်တဲ့အတွက် ဒီလိုလုပ်တာဟာ သူ့ရဲ့သောကကို ကုစားတာဆိုပြီး မိသားစုက နားလည်ခဲ့ပါတယ်။ သူ ဗြိတိန်မှာ နေခဲ့တဲ့အကြောင်းတွေကိုလည်း မိသားစုကို သိပ်ပြောလေ့ မရှိပါဘူး။ ပြောမိရင် ကလေးတွေရှေ့မှာ သူဝမ်းနည်းမိမှာ စိုးလို့လား၊ သူ အရင်နေခဲ့တဲ့ ဘဝကို လွမ်းတယ် ထင်မှာစိုးလို့လား၊ ကလေးတွေ အင်္ဂလန်သွားချင်မှာ စိုးလို့မပြောတာလားဆိုပြီး မိသားစုဘက်က တွေးမိကြပါတယ်။ အင်္ဂလန်ဟာ မှုန်မှိုင်းပြီး မိုးအမြဲစွေနေတတ်တယ်လို့ပဲ သားသမီးတွေကို သူပြောဖူးပါတယ်။

သူကြီးပြင်းခဲ့တဲ့နေရာနဲ့ မိုင်ထောင်ချီဝေးတဲ့ နိုင်ငံတခုမှာ ဆင်းရဲချို့တဲ့တဲ့ အစိုးရလစာနှစ်ခုနဲ့ သူတို့ မိသားစု ရပ်တည်ရသလို ဝန်းကျင်မှာလည်း နိုင်ငံခြားသားကို ကြောက်ရွံ့တဲ့ ဆိုရှယ်လစ် စစ်အာဏာရှင်စနစ်က ကြီးစိုးနေပါတယ်။ နှစ်နိုင်ငံယဉ်ကျေးမှုကွာခြားတာတွေကလည်း ရှိပါတယ်။ ဒီလို ဖိစီးမှုတွေကြားက ကလေး လေးယောက်ကို ကြီးပြင်းအောင် မွေးမြူခဲ့ရပြီးတဲ့နောက် ဒေါ်ရင်ရင် ကျန်းမာရေး ချို့တဲ့လာပါတယ်။ နောက် ငွေကြေး ဖောင်းပွမှုကလည်း ကြီးလာတဲ့အတွက် သူ့ဆေးကုစရိတ်အတွက် ခက်ခဲခဲ့ပါတယ်။

ဒါကြောင့် အသက်ငယ်ငယ်နဲ့ ၁၉၈၄ မှာ ဆေးပင်စင်ယူခဲ့ပါတယ်။ ၂ဝဝဝ ပြည့်နှစ်မှာ ဒေါက်တာရင်ရင် လေဖြတ်ပြီး အိပ်ရာပေါ် လအတန်ကြာ လဲနေပြီး နောက် ၆၇ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။ ခင်ပွန်းဖြစ်သူ ရုက္ခ ဒေါက်တာသန်းထွန်းကတော့ ၇၃ နှစ်အရွယ် ၂ဝဝ၅ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူတို့ မရှိတော့ပေမယ့် ထွန်းနဲ့ ကေသီတို့အကြောင်းကတော့ မန္တလေးတက္ကသိုလ်ဘက်မှာ ပြောနေကြဆဲ ဖြစ်ပါတယ်။

ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းကြတဲ့ သက်ရှိတွေရဲ့ သဘာဝမှာ ထွန်းနဲ့ကေသီတို့အဖြစ်ကတော့ မောင်ခေါ်ရာလိုက်ခဲ့ပြီး ထင်းပုံခေါင်းချပေါင်းခဲ့ကြတဲ့ မြန်မာပြည်သားနဲ့ ဗြိတိသျှသူတို့ရဲ့ ခယောင်းလမ်းက ချစ်ဇာတ်ကြောင်းတပုဒ် ဖြစ်နေပါတယ်။ အဲဒီခေတ်က သူတို့လို တခြားနိုင်ငံသားနဲ့ လက်ထပ် လာကြတဲ့ မြန်မာပညာရှင်တချို့ ပြည်ပပြန်ထွက်ခွာသွားတာတွေ ရှိပါတယ်။ ဒီထဲမှာတော့ သူတို့မပါဝင်ခဲ့ပါဘူး။ ဒါကြောင့် မြန်မာပြည်ကို ချစ်တဲ့ လန်ဒန်သူအဖြစ် ကက်သလင်းဖော့ကို မန္တလေးတက္ကသိုလ်က မှတ်မိနေမှာ ဖြစ်ပါတယ်။