ပထမဆုံး မြန်မာစာ ပါရဂူ မွေးထုတ်တဲ့ လန်ဒန်တက္ကသိုလ်

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

၁၉၁၇ ကတည်းက ရှိခဲ့တဲ့ လန်ဒန်တက္ကသိုလ်က မြန်မာစာသင်ကြားရေးဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး တက္ကသိုလ် မြန်မာစာ သင်ကြားရေး နေရာတခု ဖြစ်ပါတယ်။ အိန္ဒိယ၊ မြန်မာနဲ့ သီဟိုဠ်ဌာန၊ အရှေ့တောင်အာရှနဲ့ ကျွန်းများဌာန စတဲ့ နာမည်စုံနဲ့ ရှိခဲ့တဲ့ ဘာသာစကားသင် ဌာနတွေအောက်မှာ မြန်မာစာ သင်ကြားခဲ့ကြပြီး ၁၉၁၇ ကတည်းက မြန်မာစာကထိက၊ ၁၉၃၇ မှာ စာတော်ဖတ်နဲ့ ၁၉၄၆ မှာ မြန်မာစာပါမောက္ခရာထူးထိ တိုးမြှင့်ခန့်ထားခဲ့ပါတယ်။

၁၉၂ဝ မှာ တည်ထောင်တဲ့ ရန်ကုန်တက္ကသိုလ်မှာတော့ ၁၉၄ဝ မှ မြန်မာစာဌာန သီးခြား ရှိခဲ့ပြီး အရင်က အရှေ့တိုင်းဌာနလက်အောက်မှာ ရှိခဲ့တာပါ။ ဒါကြောင့် မြန်မာစာသင်ကြားရေးနဲ့ ပတ်သက်ပြီး လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနဲ့ အာဖရိက ပညာရပ်များကျောင်းဟာ မြန်မာပြည်တွင်းနဲ့ ပြည်ပမှာ သြဇာ ညောင်းခဲ့၊ ညောင်းဆဲ ဖြစ်ပါတယ်။

အိုင်စီအက်တွေခေတ်နဲ့ အဘိဓာန်

ဗြိတိန်မှာ အစောဆုံး မြန်မာစာသင်ဌာနအဖြစ် အောက်စဖို့ဒ်တက္ကသိုလ်မှာ ၁၉ ရာစုကုန်ပိုင်းကတည်းက ရှိခဲ့ပါတယ်။ ၁၈၉၄ မှာ ရစ်ချတ်ဖလဲမင်း စိန့်အင်ဒရူးစိန့်ဂျွန်းကို မြန်မာစာသင်ဖို့ခန့်ပြီး ၁၉၁ဝ ကျော်ထိ သင်ခဲ့ကြောင်း အိန္ဒိယလေ့လာရေးပညာရှင် ဝက်ဆိုက်အရ သိရပါတယ်။ မြန်မာပြည်မှာ အရေးပိုင်ထိ ဖြစ်ခဲ့ပြီး မြန်မာဖတ်စာ (၁၈၉၄) နဲ့ မြန်မာစာ ကိုယ်ဘာသာသင် (၁၉၁၁) စာအုပ်တအုပ် ရေးခဲ့ပါတယ်။ တေမိယ ၊ ဘူရိဒတ်၊ ဝိဓူရစတဲ့ ဗုဒ္ဓ ဇာတ်တော်တွေကို အင်္ဂလိပ်လို ပြန်ဆိုခဲ့ပြီး ဇာတကတွေအကြောင်း စာတမ်းတွေ ရေးခဲ့ ပါတယ်။

အဲဒီနောက် ၁၉၁၆ မှာ လန်ဒန်တက္ကသိုလ်က အရှေ့တိုင်း ပညာရပ်များကျောင်းကို တည်ထောင်ပြီးနောက်တနှစ်မှာ မြန်မာဘာသာ သင်ကြားရေး စတင် ခဲ့ပါတယ်။ ပထမဆုံး မြန်မာစာသင် ကထိက အဖြစ် မြန်မာပြည်မှာ အစိုးရအရာရှိ ဖြစ်ခဲ့တဲ့ အေအယ်လ် ဟောင်း ကို ခန့်ပါတယ်။ မစ္စတာဟောင်းဟာ ၁၉ဝ၇ ကနေ ၁၉၁၆ ထိ လန်ဒန်တက္ကသိုလ်ကောလိပ်မှာ မြန်မာစာသင်ခဲ့ပါတယ်။

၁၉၂၄ မှာတော့ ဒဗလျူအေ ဟာ့တ်ဇ်ကို ကထိကခန့်ပြီး ၁၉၃၃ ထိ ထမ်းဆောင်ခဲ့တာ တွေ့ရပါတယ်။ ဟာ့တ်ဇ်ဟာ ၁၈၈၈ က မြန်မာပြည် မြောက်ဖျားစွန်းထိ ချီတက်သိမ်းပိုက်တဲ့ စစ်ကြောင်းကို ဦးဆောင်ခဲ့ပြီး ကချင်တောင်တန်း ဂေဇက်တီးယားကို ရေးသားခဲ့သူပါ။ သူ့ကို အစွဲပြုပြီး ပူတာအိုနားက ခံတပ်ကို ဟာ့တ်ဇ်ခံတပ်အဖြစ် ၁၉၂၅ က မှည့်ခေါ်ခဲ့ပါတယ်။ မကွေးမင်းကြီးအဖြစ်လည်း ထမ်းဆောင်ခဲ့ပါတယ်။

၁၉၃၃ မှာ မြန်မာစာ ကထိကအဖြစ် ခန့်တဲ့ ဂျေအေ စတူးဝပ်နဲ့ ၁၉၃၆ မှာ ထပ်ခန့်တဲ့ စီဒဗလျူဒန်း၊ ဂျီစီကျူးတို့ လက်ထက်မှာတော့ မြန်မာ-အင်္ဂလိပ် အဘိဓာန် အကောင်အထည် ပေါ်လာခဲ့ပါတယ်။ ဒီအဘိဓာန်ဟာ ရန်ကုန်အခြေစိုက်တဲ့ မြန်မာနိုင်ငံ သုတေသနအသင်းရဲ့ ၁၉၂၄ ကစတဲ့ မူလ စိတ်ကူး ဖြစ်ပါတယ်။ စတူးဝပ်၊ ဒန်း၊ ဒူရွိုင်ဇယ်နဲ့ ဆားလ်ဆိုတဲ့ ပညာရှင်လေးယောက်က တင်သွင်းပြီး အသင်းက လက်ခံခဲ့ပါတယ်။ စတူးဝပ်ဟာ မြန်မာ ကဗျာ၊ သီချင်းနဲ့ ဇာတ်သဘင်အကြောင်း စာတမ်းတွေကို သုတေသနဂျာနယ်တွေမှာ ရေးသား ခဲ့သူ ဖြစ်ပါတယ်။ ဒန်းကတော့ သုတေသနအသင်း ဥက္ကဋ္ဌ အဖြစ် ၁၉၂၈ နဲ့ ၁၉၂၉ က ထမ်းဆောင်ခဲ့ပါတယ်။ နောက် စတူးဝပ်နဲ့ ဒန်းတို့ဟာ မှော်ပီ ဆရာသိန်းကြီးရဲ့ မြန်မာစာ တပည့်တွေလည်း ဖြစ်ကြပါတယ်။

အဘိဓာန်ကို အသင်းကနေ ရန်ကုန်တက္ကသိုလ်က လွှဲပြောင်းယူပြီး စတူးဝပ်နဲ့ ဒန်းကို အယ်ဒီတာ ခန့်ခဲ့ကြောင်း မောင်ခင်မင် (ဓနုဖြူ)ရေးတဲ့ ပြည်ပ ပညာရှင်များနှင့် မြန်မာစကား၊ မြန်မာစာ စာအုပ်မှာ ပါပါတယ်။ နောက်ပိုင်း သူတို့ လန်ဒန်ပြန်သွားပြီး အဘိဓာန် အလုပ်ကို လန်ဒန်ဘက် ရွှေ့ခဲ့ပါတယ်။

၁၉၃၈ မှာတော့ ဦးခင်မောင်လတ် ဆိုတဲ့ အရာရှိဟောင်းတယောက်ကို ကထိကအဖြစ် အဘိဓာန် အတွက် ခေါ်ယူ ခန့်ထားခဲ့သလို မင်းသုဝဏ် ဖြစ်လာမယ့် အောက်စဖိုဒ့်ကျောင်းသား ကိုဝန်လည်း ကူညီပေးခဲ့ပါတယ်။ နောက် ရန်ကုန်တက္ကသိုလ်ကနေ လန်ဒန်မှာ ပညာရေး ဒီပလိုမာ သင်ခဲ့တဲ့ ကိုလှဘေကို မင်းသုဝဏ်က ခေါ်သွားခဲ့ပါတယ်။ ဒေါက်တာ စတူးဝပ်က ဒုတိယ ကမ္ဘာစစ်ဖြစ်လို့ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ အမေအတွက် စိတ်ပူပြီး ပြန်ချင်တဲ့ မင်းသုဝဏ်နေရာမှာ ထားဖို့ ကိုလှဘေကို ကမ်းလှမ်းပြီး မြန်မာစာ ပါရဂူတန်း တက်စေပါတယ်။ ဒီလိုနဲ့ စစ်အတွင်း ဗုံးသံ စက်သေနတ်သံတွေကြားမှာ လန်ဒန် အပြင်ဘက်က ဘစ်ရှော့ စတော့ဖို့ (ဂိုဏ်းထောက်ကူး) မြို့လေးမှာ ၁၉၄၁ က စပြီး မြန်မာ-အင်္ဂလိပ်အဘိဓာန်သစ် တရပ် ပေါ်ထွန်းခဲ့ပါတယ်။ အဘိဓာန်ကို ၁၉၈၁ ထိ ခြောက်တွဲ ခွဲထုတ်ခဲ့ပေမယ့် အပြီးမသတ် ဖြစ်နေပါတယ်။

ကမ္ဘာစစ်အတွင်း ကျောင်းကို ကိန်းဘရစ်မှာ ပြောင်းထားပေမယ့် စစ်သည်တွေကို ဘာသာစကား လေ့ကျင့်ပေးဖို့ ဌာနတွေ တိုးချဲ့ပါတယ်။ အရင်က ခေတ်ဟောင်းနဲ့ ခေတ်လယ် မွန်ဘာသာသင်တဲ့ စီအိုဘလက်ဒင်၊ ရှမ်းဘာသာသင်တဲ့ ဗိုလ်ကြီး အင်မန်တို့ ရှိပေမယ့် စစ်ဖြစ်တဲ့နှစ်ကစပြီး ရှမ်းဘာသာအတွက် အက်ဖ်အက်စ် ဂရိုစ့်၊ ကချင်ဘာသာအတွက် စီဒဗလျူကင်း၊ ချင်းဘာသာအတွက် ဒုတိယဗိုလ်မှူးကြီး အယ်လ်အီးအယ်လ် ဘန်းတို့ကို ထပ်ခန့်ပါတယ်။ ၁၉၄၂ မှာတော့ ရန်ကုန်တက္ကသိုလ်က အရှေ့တိုင်းရာဇဝင်စာတော်ဖတ် ဂျီအိပ်ချ်လုစ်ကို ခေတ်ဟောင်းမြန်မာဘာသာနဲ့ တိဘက်မြန်မာ ဘာသာစကားများ နှိုင်းယှဉ်မှုအတွက် ကထိက ခန့်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာ၊ မွန်နဲ့ ပျူကျောက်စာတွေအတွက် သူ့ကို ခန့်ထားပါတယ်။

စစ်ပြီး ၁၉၄၆ မှာ ဒေါက်တာ စတူးဝပ်ကို မြန်မာစာပါမောက္ခ ခန့်ခဲ့ပါတယ်။ ၁၉၄၈ မှာ စတူးဝပ် ကွယ်လွန်တော့ ဒေါက်တာလှဘေကို ကထိကခန့်ပြီး မြန်မာစာသင်စေသလို ၁၉၅ဝ မှာ အိပ်ချ်အက်ဖ်ဆားလ်ကို ကထိက ခန့်ပါတယ်။ ဒီအတောအတွင်း ၁၉၄၇ နဲ့ ၁၉၄၈ တွေမှာလည်း ဂျီအယ်လ် မာရဲလ်စ်နဲ့ အာရ်အေဒီ ဖောရက်စ် တို့ကို မြန်မာစာနဲ့ တိဘက်မြန်မာစကားတွေအတွက် ကထိက ခန့်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးမိတ်ဆွေ ဒေါက်တာလှဘေ

ဒေါက်တာလှဘေဟာ ၁၉၅၄ က ၁၉၆၅ ထိ စာတော်ဖတ်နဲ့ ၁၉၆၅ ကနေ ၁၉၈ဝ အထိ ၁၅ နှစ် တိုင် လန်ဒန်တက္ကသိုလ်ရဲ့ မြန်မာစာပါမောက္ခရာထူးကို ရယူခဲ့ပါတယ်။ သူနဲ့ ခေတ်ပြိုင် ရန်ကုန် တက္ကသိုလ် မြန်မာစာပါမောက္ခက ဦးဧမောင် ဖြစ်ပြီး ၁၉၆၁ မှာ ဦးဝန်ခေါ် မင်းသုဝဏ်ကို မြန်မာဘာသာ ပါမောက္ခအဖြစ် တနှစ်အတူ ခန့်ထားခဲ့ပြီး ၁၉၆၂ မှာ စွန့်လွှတ်ကာ ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာနမှူးအဖြစ် ပြန်ပြီး တာဝန်ယူခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်း ဘာသာဌာနမှာ ပါမောက္ခ ဦးဖေမောင်တင်အောက်မှာ အတူ ပညာသင်ခဲ့ကြသူတွေ ဖြစ်လို့ ဒေါက်တာလှဘေဆီမှာ ဦးဧမောင်ရဲ့ တပည့်တွေ လာပြီး ပညာသင်ကြပါတယ်။ ဒီထဲက ထင်ရှားသူတွေက ဦးရွှေသွင်၊ ဒေါ်ခင်မမ၊ ဒေါ်သန်းသန်း၊ ဦးတင်ထွေးနဲ့ ဦးထွန်းမြင့်ခေါ် တက္ကသိုလ်မင်းမော်တို့ ဖြစ်ကြပါတယ်။ ဒေါက်တာလှဘေရဲ့ တပည့် အန်နာအဲလော့နဲ့ ဂျွန်အိုကယ်တို့လည်း မြန်မာပြည်မှာ သွားပြီး ရန်ကုန်၊ မန္တလေးတက္ကသိုလ်တွေနဲ့ တွဲဖက်ကာ မြန်မာစာ သင်ကြပါတယ်။

ဒေါက်တာလှဘေကို မြန်မာစာပေ ဧည့်ခံစာတမ်း ပြုစုသူအဖြစ် မြန်မာပြည်မှာ လူသိများပြီး ကုမာရပြဇာတ်မြန်မာစကားပုံများ မြန်မာပြည်၊ စာပေ၊ သမိုင်း အရေးအသား၊ ပညာရပ်လေ့လာမှု၊ ဘာသာစကား၊ ဘဝနဲ့ ဗုဒ္ဓဘာသာ၊ မြန်မာ ဗုဒ္ဓဘာသာ တယောက်၏ ဘဝ ပုခက်တွင်းမှသည် ဂူတွင်းအထိ စတဲ့ မြန်မာပြည်အကြောင်း အင်္ဂလိပ်ဘာသာနဲ့ စာအုပ်တွေ ပြုစုသူအဖြစ် ပြည်ပမှာ သိကြပါတယ်။ မြန်မာစာပေလိုက်စားတဲ့ ဗိုလ်ချုပ်ကြီးနေဝင်း လန်ဒန်လာရင် ဒေါက်တာ လှဘေဆီ ဝင်လေ့ ရှိတဲ့အတွက် လူချင်းခင်ကြပြီး ၁၉၈ဝ ဦးလှဘေ အနားယူ ချိန်မှာ ပထမဆုံး ပြည်တော်ပြန်တဲ့ ဗြိတိသျှမြန်မာလူမျိုး ဖြစ်လာခဲ့ပါတယ်။ မော်လမြိုင် တောင်ဝိုင်းမှာ နေပြီး အတွေးအမြင်စာစောင်အတွက် ဆောင်းပါးတွေ ရေးရာက အတွေ့အကြုံ အဆုံအမြင်နှင့် အတွေးအမြင်၊ ဝီရိယကိုထူ ဉာဏ်နှင့်ချူ၊ ကံကဖေးမသူပညာပါရမီ စတဲ့ စာစုတွေ ပေါက်ဖွားခဲ့ပါတယ်။

တံခါးပိတ်ခေတ်နဲ့ ငွေမင်သုတ်တယ်

ဒေါက်တာလှဘေနောက်မှာ သူ့တပည့်ကြီး နှစ်ယောက်ဆက်ခံပါတယ်။ မြန်မာစာပေဘက် အားသန်တဲ့ အန်နာအဲလောနဲ့ ဘာသာဗေဒလိုက်စားတဲ့ ဂျွန်အိုကယ်တို့ နှစ်ယောက် အရှေ့တိုင်းကျောင်းမှာ မြန်မာစာကထိကအဖြစ် ရှေ့နောက်ဆက်ပြီး တာဝန်ယူခဲ့ကြတာပါ။ အန်နာအဲလော့ကို မြန်မာ စာရေးဆရာတွေနဲ့ ရင်းနှီးတဲ့ ဒေါ်ခင်ခင်ချောအဖြစ် လူသိများပြီး သော်တာဆွေရဲ့ ကျောက်ဖြုံးကျော်ကြီး ဝတ္ထုဟာ အစ္စရေးဝတ္တုကို မှီငြမ်းကြောင်း သူ့ရဲ့ ပြောဆိုမှုကို သော်တာဆွေ တုံ့ပြန်ရာက ဂယက်ရိုက်ခဲ့ဖူးပါတယ်။ ၁၉၈၇ မှာ မြန်မာစာပေ မဟာဒဿနိကဘွဲ့အတွက် ကျမ်းပြုဖို့ ရောက်လာခဲ့တဲ့ ကျောင်းသူက ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ ၁၉၈၈ နိုင်ငံရေးကြောင့် ကျောင်းဆက်မတက်နိုင်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၁ဝ နဲ့ ၁၉၄ဝ ကြားက မြန်မာစာပေမှာ တွေ့ရတဲ့ လူမှုနိုင်ငံရေး စီးကြောင်းများ စာတမ်း ကို ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်က ထုတ်ဝေခဲ့ပါတယ်။

၁၉၉၃ မှာတော့ ငွေမင်သုတ်တယ် စုတ်ဖြဲတယ် ဆိုတဲ့ စစ်အစိုးရခေတ် မြန်မာ စာပေမှာ စိစစ်ရေး တန်ခိုးထွား ဗိုလ်ကျမှုကို လေ့လာတဲ့ စာအုပ်ကြောင့်လည်း မစ္စအဲလော့ ထင်ရှားခဲ့ပါတယ်။ အန်နာအဲလော့ရဲ့ မြန်မာပြည် ခရီးတခုအတွင်း မေမြို့မှာ ရှိတဲ့ စစ်တက္ကသိုလ် စာပေဌာနမှာ ရုရှားစာ သင်ပေးတဲ့ သူ့မိတ်ဆွေကို သွားတွေ့ခဲ့ပါတယ်။ ဒါနဲ့ဆက်စပ်ပြီး သူ့နောက်ကို စစ်ထောက်လှမ်းရေးလိုက်သလို အစိုးရသတင်းစာကနေ တိုက်ခိုက်ခဲ့ပါတယ်။ နောက် ၂ဝဝ၅ ခုနှစ် လူထုဒေါ်အမာ မွေးနေ့ပွဲတက်ဖို့အသွား သူ့ကို စစ်အစိုးရက ပြည်ဝင်ခွင့် ပိတ်ခဲ့ပြီး ၂ဝ၁၂ နိုင်ငံရေးဖြေလျှော့မှုတွေနောက်မှ သူ မြန်မာပြည် ပြန်ခွင့်ရခဲ့ပါတယ်။

၁၉၈၉ မှာအကြီးတန်း ကထိက ဖြစ်လာတဲ့ ဦးလှသိန်းခေါ် ဂျွန်အိုကယ်ကို မြန်မာစာ ကွန်ပျူတာဖွန့် တီထွင်သူနဲ့ မြန်မာဘာသာ သင်ကြားရေးမှာ ကျောင်းက အနားယူပြီးတဲ့နောက်မှာတောင် သေတပန်သက်ဆုံး ထမ်းဆောင်သွားသူအဖြစ် လူသိများပါတယ်။ အရှေ့တိုင်း ကျောင်းရဲ့ ဂုဏ်ထူးဆောင် ဘွဲ့ရစာရင်းမှာ နိုင်ဂျီးရီးယား စာရေးဆရာ ဘန်သြကရီ၊ တောင်အာဖရိကက စာပေနိုဘယ်ဆုရ ဂျေအမ်ကော့ဇီ နဲ့အတူ ဂျွန်အိုကယ်ကို ထည့်သွင်းပြီး ၂ဝ၁၆ က ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ပေးခဲ့ပါတယ်။ ဂျွန်အိုကယ်ဟာ မြန်မာဘာသာစကား အပြင် မြန်မာဂီတကိုပါ ခုံမင်သူဖြစ်ပြီး ရှားပါး မြန်မာသီချင်းတွေကို စုဆောင်းသူလို့လည်း မြန်မာ့အသံကျော်ဦးရဲ့ ပညာတော်သင်ဘဝ နေ့စဉ်မှတ်တမ်းမှာ ဖော်ပြပါတယ်။

ဝ အဘိဓာန်နဲ့ ရန်ပုံငွေအခက်

၁၉၉၉ မှာတော့ အနားယူသွားတဲ့ ဂျွန်အိုကယ်နေရာမှာ ဒေါက်တာ ဂျပ်စတင်ဝပ်ကင်းကို ခန့်ပါတယ်။ မွန်ခမာအုပ်စုထဲက ဝ ဘာသာရဲ့ သဒ္ဒဗေဒကို ပါရဂူကျမ်းပြုခဲ့တဲ့ ပါမောက္ခဝပ်ကင်းဟာ အရှေ့တိုင်းကျောင်းမှာ မြန်မာနဲ့ ခမာ ဘာသာတွေ သင်ကြားပို့ချခဲ့ပြီး ဝ ဘာသာ အဘိဓာန်ကို ပြုစုခဲ့ပါတယ်။ ၂ဝ၁၅ မှာ ပါမောက္ခ ဖြစ်လာခဲ့ပေမယ့် ကျောင်းသား အလုံအလောက် မရမှုနဲ့ ရန်ပုံငွေ ဖြတ်တောက်မှုတွေကြောင့် မြန်မာဘာသာ ပါမောက္ခ နေရာကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ၂ဝ၂၂ စက်တင်ဘာက စပြီး ၁ဝ၅ နှစ်တိုင် အဓွန့်ရှည်ခဲ့တဲ့ လန်ဒန်တက္ကသိုလ် အရှေ့တိုင်းကျောင်းရဲ့ မြန်မာဘာသာ သင်ကြားမှု ဆုံးခန်းတိုင်သလို ဖြစ်ခဲ့ပါတယ်။ ပြင်သစ်၊ အမေရိကန်၊ ဂျပန် ၊ ဂျာမနီ၊ သြစတြေးလျ၊ တရုတ်၊ ထိုင်း စတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မြန်မာစာသင်တဲ့ တက္ကသိုလ်ကြီးတွေ ရှိကြပေမယ့် မြန်မာစာကို ခေတ်မီ နည်းစနစ်တွေနဲ့ အဆင့်မြင့်မြင့် သင်ကြားခဲ့တဲ့ လန်ဒန်တက္ကသိုလ် မြန်မာစာဌာနရဲ့ ကဏ္ဍကတော့ ဌာနမရှိတောင် ဆက်ပြီး ကျန်ရစ်နေမှာ ဖြစ်ပါတယ်။