ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာပြည်ကို နှစ် ၃ဝ မပြန်ခဲ့ရတဲ့ အမေရိကန်က ပါမောက္ခ
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
လွတ်လပ်ရေးရစ မြန်မာနိုင်ငံမှာ စစ်မီးဟုန်းဟုန်းတောက်ခဲ့ပေမယ့် နိုင်ငံထူထောင်ရေးအတွက် ကမ္ဘာကို ခြေဆန့်ပြီး ပညာသင်စေလွှတ် တာတွေ ရှိခဲ့ပါတယ်။ ဒီလို စေလွှတ်တဲ့ မျိုးဆက်တွေထဲက ပညာရပ် ဆိုင်ရာ ကျွမ်းကျင်သူ ပါရဂူတွေ အပြိုင်းအရိုင်း ပေါ်ထွက်လာခဲ့ပြီး ၁၉၆၂ နောက်ပိုင်း တံခါးပိတ်ခေတ် ပညာရေးကို သူတို့ ခေါင်းဆောင်ခဲ့ကြပါတယ်။ ဒီမျိုးဆက်တချို့ကတော့ မြန်မာပြည်ကို ပြန်မလာတော့ဘဲ ပြည်ပမှာ ဆက်နေခဲ့ကြ ပါတယ်။
ဒီလိုကျန်ရစ်ခဲ့သူတွေကို ပြည်တွင်းက မသိကြတော့ပေမယ့် ပြည်ပမှာတော့ သူတို့ကျင်လည်တဲ့ ပညာရပ်ဝန်းမှာ အသိအမှတ်ပြု လေးစားခံရတာတွေ ရှိပါ တယ်။ ဒီလိုလူသိနည်းတဲ့ မြန်မာအမျိုးသမီး ပညာရှင်တယောက်က အမေရိကန် အနောက်အလယ်ပိုင်း မင်နီဆိုတာ ပြည်နယ်က ဒေါက်တာ အိုင်ရင်း ခင်ခင် ဂျန်ဆန် ဖြစ်ပါတယ်။ ခင်ခင်မြင့်ဆိုတဲ့ မြန်မာနာမည်နဲ့ အမျိုးသမီးပါမောက္ခဟာ သြစဘတ်ကောလိပ်မှာ ၃၅ နှစ် စာသင်ခဲ့ပြီး အငြိမ်းစားယူပြီး နောက်မှာ လည်း အသက် ၉ဝ ထိ စာသင်ခဲ့သူ ဖြစ်ပါတယ်။
ပညာရွှေအိုး လူမခိုး
အိုင်းရင်း ခင်ခင်မြင့်ကို ၁၉၂၅ က ရန်ကုန်မှာ မွေးပြီး သားချင်း ရှစ်ယောက် ရှိပါတယ်။ သားသမီးတွေရဲ့ ပညာရေးကို အားပေးတဲ့ ဖခင်က ခိုးလို့မရတာ ပညာပဲ ရှိတယ် ဆိုပြီး ကျောင်းသင်္ခန်းစာသာမက စကားပြောနည်း နဲ့ အားကစားတွေပါ လေ့ကျင့်ပေးတဲ့ အင်္ဂလိပ်မက်သဒစ်လို ကျောင်းကောင်းတွေမှာ ထားပြီး သူတို့မောင်နှမတွေကို စာသင်စေခဲ့ပါတယ်။ ၁၉၄၂ ဒုတိယကမ္ဘာစစ် ဖြစ်ချိန် မှာ ခင်ခင်မြင့် ယုဒသန် ကောလိပ် ရောက်စ ရှိပါ သေးတယ်။ စစ်အတွင်းမှာ မြန်မာပြည် မြောက်ပိုင်း တရုတ်နယ်စပ်ကို မိသားစုလိုက် ထွက်ပြေးပြီး စစ်ဘေးက ခိုလှုံရာ ရှာခဲ့ရပါတယ်။ စစ်အတွင်း ဖခင်နဲ့ ညီမ တယောက် သေဆုံးတာ၊ ပစ္စည်းဥစ္စာ ဆုံးပါးတာ စတဲ့ ဘေးဒုက္ခတွေ ကြုံခဲ့ရပေမယ့် စစ်ပြီး ခေတ် ကျောင်းပြန်ဖွင့်ချိန်မှာ ခင်ခင်မြင့် ကျောင်းဆက်တက်ပါတယ်။
ခင်ခင်မြင့် ရာဇဝင်နဲ့ နိုင်ငံရေးသိပ္ပံသင်တဲ့ဌာနရဲ့ အကြီးအကဲက ပါမောက္ခ ဦးဘညွန့်ဖြစ်ပါတယ်။ စစ်ကြီးမတိုင်ခင်က ချစ်ဒုက္ခသီချင်းဓာတ်ပြားနဲ့ နာမည် ကြီးခဲ့တဲ့ ဦးဘညွန့်နဲ့ ပါမောက္ခများဟာ သူ့တပည့်တွေကို ကျားမ မခွဲခြားဘဲ အားပေးပျိုးထောင်ခဲ့တယ်လို့ သမီးဖြစ်သူ ပါမောက္ခ မေသီးဂျန်ဆန်ကန်တား က မက်ထရို ပိုလစ်တန် ပြည်နယ် တက္ကသိုလ်က ထုတ်တဲ့ အလယ်မြေဂျာနယ်မှာ ၂ဝ၁၈ က ရေးသားခဲ့ပါတယ်။ ဒါကြောင့် ၁၉၄၉ မှာ ခင်ခင်မြင့် ဝိဇ္ဇာ ဂုဏ်ထူးဘွဲ့ ရချိန်မှာ သူနဲ့အတူ အတန်းဖော် ယောက်ျားလေးနှစ်ယောက်က ပထမတန်းဆင့်နဲ့မအောင်ဘဲ သူတို့ မိန်းကလေးနှစ်ယောက်ကပဲ အောင်ခဲ့ကြ ပါတယ်။
လွတ်လပ်ရေးရစမှာပဲ ဖူးဘရိုက်ခေါ် အမေရိကန်အစီအစဉ်နဲ့ မြန်မာပြည်မှာ စာလာသင်တဲ့ ပါမောက္ခ ပေါလ်ခရပ်ဆီလို ဆရာကောင်းဆီကလည်း ခင်ခင်မြင့် တရုတ် ရာဇဝင် သင်ကြားခွင့် ရခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် အမျိုးသမီးအားကစားအသင်းမှာ ဥက္ကဋ္ဌ လုပ်ခဲ့သလို ရာဇဝင်ဌာနမှာလည်း နည်းပြ တနှစ်လုပ်ခဲ့ပါတယ်။
၁၉၅ဝ မှာ ဖူးလ်ဘရိုက် အစီအစဉ်နဲ့ အမေရိကန်သမိုင်း မဟာဝိဇ္ဇာဘွဲ့ယူဖို့ အမေရိကန်က ဘက်ကနဲတက္ကသိုလ်ကို ခင်ခင်မြင့် အရောက်လှမ်းခဲ့ပါတယ်။ ဘက်ကနဲဟာ မြန်မာပြည်ရဲ့ အစောဆုံး ဆရာဝန်တယောက် ဖြစ်တဲ့ ဒေါက်တာရှောလူးကို မွေးထုတ်ခဲ့တဲ့ ကျောင်းဖြစ်လို့ မြန်မာပြည်နဲ့ အဆက်အဆံကြီးခဲ့ပြီး ခင်ခင်မြင့် ကို ကမ္ဘာစစ်ကြီးနောက်ပိုင်းမှာ ပထမဆုံး မြန်မာကျောင်းသူအဖြစ် လက်ခံခဲ့ပါတယ်။ ၁၉၅၁ မှာ ကျင်းပတဲ့ ဘက်ကနဲ မြန်မာ သီတင်းပတ်၊ မြန်မာပြည်က မန္တလေးတက္ကသိုလ်ကောလိပ် ကျောင်းအုပ်ကြီး ဦးကိုလေး၊ ရန်ကုန် ပညာရေး မဟာဌာနမှူး ဒေါက်တာ ဦးဘတို့ စကားပြောတဲ့ပွဲမှာ ခင်ခင်မြင့်က အခမ်းအနားမှူး လုပ်ခဲ့ပါတယ်။
မြန်မာပြည်ပေါက် တရုတ်ပါရဂူ
၁၉၅၁ မှာ အိုင်းရင်း ခင်ခင်မြင့် တယောက် ပင်ဆယ်ဗေးနီးယားပြည်နယ် လူဝီစဘတ်မြို့က ဘက်ကနဲ တက္ကသိုလ်က မဟာဝိဇ္ဇာဘွဲ့ ရပါတယ်။ အဲဒီချိန်မှာ နယူးယော့ ပြည်နယ် ဘက်ဖဲလိုးမြို့မှာ ဘက်ပတစ် အစည်းအဝေး သွားတက် ရင်း ဆုံခဲ့တဲ့ သင်းအုပ်ဘုန်းကြီး ဂျော့ကောလင်းရဲ့ အားပေးမှုနဲ့ ဝစ္စကွန်ဆင်း တက္ကသိုလ်မှာ သူရထားတဲ့ ပါရဂူပညာသင်ဆုကို အိုင်းရင်း လက်ခံခဲ့ပါတယ်။ တခြား ပညာသင်ဆုတွေအပါအဝင် သူရဖူးတဲ့ ဖူးဘရိုက် ပညာသင်ဆုလည်း အိုင်းရင်း ဆက်ရခဲ့ပါတယ်။
အရှေ့အာရှ လေ့လာရေး အစီအစဉ် အားကောင်းတဲ့ မက်ဒီဆင်မြို့က ဝစ္စကွန်ဆင်းတက္ကသိုလ်မှာ ခေတ်သစ်တရုတ်ရေးရာ ကျွမ်းကျင်သူ ပါမောက္ခ ယူဂျင်းဘုဒ်မန်း ရဲ့ ကြီးကြပ်မှုနဲ့ သူပါရဂူဘွဲ့ယူကျမ်းကို ပြုစုခဲ့ပါတယ်။ ကျမ်းခေါင်းစဉ်ကတော့ အမေရိကန် အုပ်စိုးမှု ( ၁၈၉၈ - ၁၉၄၆) ကာလက ဖိလစ်ပိုင်နိုင်ငံက တရုတ်လူမျိုးများ ဖြစ်ပါတယ်။ ၁၉၅၆ မှာ ပြီးစီးတဲ့ ခေတ်သစ် အာရှနဲ့ ဥရောပ ရာဇဝင် (သမိုင်း) ဘွဲ့ယူ စာတမ်းကို ၁၉၇၅ မှာ ပုံနှိပ် ထုတ်ဝေ ခဲ့ပါတယ်။ ဒေါက်တာ အိုင်းရင်း ခင်ခင်မြင့် ပါရဂူဘွဲ့ရချိန်ဟာ လန်ဒန်မှာ ပုဂံခေတ် ဗုဒ္ဓသာသနာကျမ်းနဲ့ ဒေါက်တာ သန်းထွန်း ပါရဂူဘွဲ့ရချိန်နဲ့ အတူတူ ဖြစ်ပေမယ့် ဒေါက်တာမြင့်က ပြည်တွင်း ပြန်လာတာ နည်းလို့ လူသိနည်းခဲ့ပါတယ်။ သူတို့ရဲ့ရှေ့က လန်ဒန်မှာ မြန်မာအမျိုးသမီး သမိုင်းပါရဂူဘွဲ့ရခဲ့တဲ့ ဒေါက်တာမသောင်းလည်း ရန်ကုန်ပြန်ပြီးမှ ဟောင်ကောင်ကို ထွက်သွားခဲ့လို့ လူသိနည်းပါတယ်။ သူတို့နောက် ၁၉၅၈ မှာ လန်ဒန်က ပါရဂူဘွဲ့ရတဲ့ ဒေါက်တာရီရီကိုတော့ မြန်မာလို သူပြုစုခဲ့တဲ့ စာအုပ်စာတမ်းတွေကြောင့် ပြည်တွင်းမှာ လူသိများပါတယ်။
စက်ရုံကျောင်းသား ဖူးစာနဲ့ ၄၅ နှစ် ကောလိပ်ပါမောက္ခ
ပါရဂူတန်းတက်ရင်း မြောက်အမေရိကန် ဘက်ပတစ် အသင်းတော် အစီအစဉ်နဲ့ ကျောင်းပိတ်ရက် မင်နီယာပိုလစ် ဂျုံကြိတ်စက်မှာ အလုပ်သွားလုပ်ခဲ့တဲ့ အိုင်းရင်းဟာ ဗာနွန် ဂျန်ဆန်ဆိုတဲ့ ပါရဂူကျောင်းသားနဲ့ ချစ်ကြိုး သွယ်ခဲ့ပါတယ်။ ဂျုံမှုန့်ထည့်တဲ့ဘက်မှာ အလုပ်လုပ်တဲ့ အိုင်းရင်းဟာ ကျောင်းသားတွေ ထားတဲ့ အိမ်မှာ ဗာနွန်နဲ့ ဆုံခဲ့တာပါ။ ဗာနွန်က သူ့ကို အနားက ရေခဲမုန့်ဆိုင်မှာ ချောကလက်ရည်နွေး သောက်ဖို့ ဖိတ်ရာက မင်နီယာ ပိုလစ်နဲ့ မေဒီဆင်ကြားမှာ သုံးနှစ် ရည်းစားသက် ရခဲ့ပါတယ်။ ပါရဂူဘွဲ့ကြို စာမေးပွဲတွေ ဖြေပြီး ၁၉၅၄ မှာ သူတို့ လက်ထပ်ခဲ့ကြပြီး နှစ် ၆ဝ ကျော် ပေါင်းသင်းခဲ့ကြပါတယ်။
စကားပြောဆို ဆက်သွယ်မှု ပါရဂူ ဖြစ်လာတဲ့ ဗာနွန်ဟာ မင်နီဆိုတာ တက္ကသိုလ်မှာ ပါမောက္ခထိ ဖြစ်လာပြီး ၄၂ နှစ် အလုပ် လုပ်ခဲ့သူပါ။ အိုင်းရင်းလည်း ကျောင်းပြီးပြီး သုံးနှစ်အကြာ ၁၉၅၉ မှာ မင်နီဆိုတာ ပြည်နယ် သြစဘတ် လူသာရင် ခရစ်ယာန်ကောလိပ်မှာ လက်ထောက် ပါမောက္ခ အလုပ်ရခဲ့ပါတယ်။ ဒီမတိုင်ခင် ၁၉၅၅ ကလည်း သြစဘတ်မှာ တနှစ် စာသင်ပေးခဲ့ဖူးပါတယ်။ ၁၉၅၉ ကနေ ၁၉၉၄ မှာ ဂုဏ်ထူးဆောင် ပါမောက္ခ အဖြစ် အငြိမ်းစား ယူတဲ့အထိ ဒီကောလိပ်မှာ ပါမောက္ခ အိုင်းရင်း ခင်ခင် ဂျန်ဆန် အလုပ်လုပ်ခဲ့ပါတယ်။ မင်နီဆိုတာ ပြည်နယ် မင်နီယာပိုလစ်နဲ့ စိန့်ပေါ မြို့ကြီးနှစ်မြို့က လစ်ဘရယ်ကောလိပ်ကျောင်းတွေမှာ ပထမဆုံး ခန့်ထား ခံရတဲ့ အာရှ ပညာရေးအဖွဲ့ဝင် ဖြစ်ပါတယ်။ အဲဒီချိန်က အမေရိကန်မှာ လူဖြူ လူမည်း ခွဲခြားမှု မပျောက်သေးဘဲ တိုက်ပွဲဝင်နေရတဲ့ အချိန် ဖြစ်သလို အဖြူ မဟုတ်တဲ့ အာရှနွယ်ဖွား လူဝါတွေကိုလည်း ခွဲခြားမှုတွေ ရှိခဲ့တဲ့ ကာလ ဖြစ်ပါတယ်။
၁၉၅၉ မှာပဲ ကေတီစီအေ ရုပ်သံမှာ အရှေ့တောင်အာရှ နိုင်ငံတွေအကြောင်း အိုင်းရင်း ဂျန်ဆန် ပို့ချပါတယ်။ လူသိနည်းတဲ့ အရှေ့ဖျား နိုင်ငံတွေအကြောင်း အိုင်းရင်း ပို့ချချက်ကို အမေရိကန် အနောက်အလယ်ပိုင်း ကုန်းခေါင်ခေါင်က လူတွေ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြပါတယ်။
၁၉၆၂ မှာတော့ မြန်မာပြည်ကို ဖူးဘရိုက်အစီအစဉ်နဲ့ မိသားစုပြန်ကြပြီး ကန်ဘဲ့ ဆရာအတတ်သင်ကျောင်းမှာ မောင်နှံစုံ စာသင်ပေးခဲ့ကြပါတယ်။ သူတို့ကလေးနှစ်ယောက်ကိုလည်း ခေါ်သွားကြပါတယ်။ အိုင်းရင်းရဲ့ မောင်နှမများတဲ့ မိသားစုကြီးနဲ့လည်း သူတို့ ပျော်ပျော်ရွှင်ရွှင် ဆုံစည်းခဲ့ကြပါတယ်။ အပြန်လမ်းမှာတော့ ကမ္ဘာတပတ်ပတ်ပြန်ခဲ့ကြပါတယ်။ ဒီခရီးဟာ မြန်မာပြည် တံခါးမပိတ်ခင် ပါမောက္ခ အိုင်းရင်း ဂျန်ဆန် နောက်ဆုံး ပြန်ရတဲ့ ခရီးလည်း ဖြစ်ပါတယ်။
ကမ္ဘာမြေပထဝီဝင် ကမ္ဘာ့သမိုင်းရာဇဝင်
သြစဘတ်မှာ ရာစုတဝက်နီးပါး ပို့ချခဲ့ချိန်မှာ အိုင်းရင်း ခေတ်သစ် ဥရောပနဲ့ အာရှ သမိုင်းသင်တန်းတွေ စီစဉ်ပေးခဲ့ပါတယ်။ ခေတ်သစ် တရုတ်ပြည်နဲ့ အရှေ့တောင်အာရှကနေ ၂ဝ ရာစု အာရှနဲ့ အာရှ အမေရိကန် အမျိုးသမီး တွေရဲ့ နိုင်ငံရေးဘဝထိ သင်ကြား ပို့ချခဲ့ပါတယ်။ အနောက်တိုင်း သမိုင်းမှာလည်း ပြင်သစ်တော်လှန်ရေးကနေ ဒုတိယကမ္ဘာစစ်အထိ သင်ပေးသလို အမေရိကန်ကို ရွှေ့ပြောင်း အခြေချတဲ့အကြောင်းလို သင်တန်းတွေလည်း သူဖန်တီးပေးခဲ့ပါတယ်။ ကမ္ဘာမြေပထဝီဝင် ကမ္ဘာ့သမိုင်းရာဇဝင် သုံးသပ်လေ့လာယှဉ်၊ အကြံဉာဏ်ဝေဖန် မျှော်လို့မြင် ငါတို့ပြည်ထောင်စုတွင် ဆိုတဲ့ မြို့မငြိမ်းရဲ့ လူချွန်လူကောင်း သီချင်း စာသားထဲကလိုပဲ ကမ္ဘာ့ သမိုင်းကို အရှေ့အနောက် နေရာစုံအောင် အိုင်းရင်းသင်ကြားပို့ချခဲ့ပေမယ့် သူ့ပညာကို မြန်မာပြည်က မရခဲ့ပါဘူး။
၁၉၇၅ မှာတော့ မင်နီဆိုတာပြည်နယ် အရှေ့အာရှ သင်ကြားရေးအဖွဲ့ရဲ့ ပထမဆုံး တရုတ်ပြည်သွားတဲ့ ဆရာ ကျောင်းသား အဖွဲ့မှာ သူပါဝင်ခဲ့ပါတယ်။ သူ့ကျောင်းသားတွေကို ပြည်ပထွက်ပြီး ပညာရှာဖို့ အားပေးသလို သူကိုယ်တိုင်လည်း နိုင်ငံစုံကို ခရီးထွက်ပြီး လေ့လာပါတယ်။ နောက်ပြီး တရုတ်ပြည်မှာ ဒုတိယကမ္ဘာစစ်မတိုင်ခင်က ခရစ်ယာန် သာသနာပြု လုပ်ခဲ့သူတွေရဲ့ အတွေ့အကြုံတွေကို နှုတ်ပြောသမိုင်း မှတ်တမ်းတင်တဲ့ စီမံကိန်းမျိုးမှာ သူ့ကျောင်းသားတွေ ပါဝင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ ၁၉၇၆ အမေရိကန်လွတ်လပ်ရေး နှစ် ၂ဝဝ ပြည့်တဲ့နှစ်မှာတော့ ဂျပန် အမေရိကန်တွေရဲ့ အတွေ့အကြုံလို လူနည်းစုတွေအကြောင်း ဖော်ထုတ် လေ့လာကြဖို့ အိုင်းရင်း နှိုးဆော်ခဲ့ပါတယ်။ သူ့အတန်းသားတွေကို သမိုင်းစာအုပ်တွေသာမက ဝတ္ထုတွေ၊ ရုပ်ရှင်၊ မြေပုံ၊ လေ့လာရေး ခရီး စတာတွေ စီစဉ် ထည့်သွင်း သင်ကြားပေးခဲ့ရုံသာမက သတင်းသမားနဲ့ စာရေးဆရာတွေ၊ နိုင်ငံရေးသမား၊ ဂီတဆရာ စတဲ့ ဧည့်သည်စုံကို ဖိတ်ပြီး သူ့ကျောင်းမှာ ဟောပြောပို့ချတာတွေလည်း ရှိခဲ့ပါတယ်။ နောက် သူ့သမိုင်းကျောင်းသားတွေကို အိမ်ဖိတ်ပြီး အာရှ အစားအသောက်တွေနဲ့လည်း မိတ်ဆက်ပေးခဲ့ ပါတယ်။
သြစဘတ်မှာ သူ စာသင်ခဲ့ချိန်အစက အိုင်းရင်း တယောက်ပဲ သမိုင်းသင်တဲ့ ဆရာမနဲ့ အာရှအကြောင်း သင်သူ ရှိခဲ့ပါတယ်။ နောက်ထပ် ကောလိပ်ဆရာမတွေ ထပ်ရောက်လာချိန်မှာတော့ သူ့အိမ်မှာ ဆရာမတွေ စုဝေး တွေ့ဆုံနိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ ၁၉၇၈ မှာတော့ သူ့ရဲ့ ပညာရေး ဆောင်ရွက်ချက်တွေအတွက် မင်နီယာပိုလစ်မြို့ ခရစ်ယာန် ကလျာဏယုဝတီအသင်းက သူ့ကို ဆုချီးမြှင့်ခဲ့ပါတယ်။
မြန်မာ အမေရိကန် ခင်ခင် ဂျန်ဆန်
ပညာရှင်အနေနဲ့ သမိုင်း ပညာရပ်နဲ့ အမျိုးသမီး အစည်းအဝေးတွေကို အိုင်းရင်း တက်ရောက်ခဲ့ပါတယ်။ ကုလသမဂ္ဂမှာ ပထမဆုံး အမျိုးသမီး ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခံရတဲ့ အိန္ဒိယက မစ္စစ် လက်ရှမီ ပန်ဒစ်အကြောင်း အမျိုးသမီးနောက်က အမျိုးသားများ ဆိုပြီး အာရှ လေ့လာရေး စာစောင်မှာ ၁၉၇၇ က စာတမ်းရေးသားခဲ့သလို အာရှ အမေရိကန် အမျိုးသမီးတွေအကြောင်းလည်း ၁၉၈၈ က ရေးခဲ့ပါတယ်။ သူ့ခင်ပွန်းနဲ့အတူ အသစ် ရောက်တဲ့ အာရှကျောင်းသား ဆိုပြီး ယဉ်ကျေးမှု မတူညီတဲ့ အတွေ့အကြုံတွေအကြောင်းလည်း ကောလိပ်ကျောင်းသား ဂျာနယ်မှာ ၁၉၈၃ က ရေးခဲ့ပါတယ်။ အာရှက အမျိုးသမီးကောလိပ်တွေအကြောင်းနဲ့ ၁၈ ရာစု မြန်မာပြည်ရောက် အီတာလျံ သာသနာပြုတွေနဲ့ ပြင်သစ် ကုန်သည်တွေအကြောင်း သုတေသနတွေလည်း သူလုပ်ခဲ့ပါတယ်။ ၁၉၈၁ မှာတော့ အဲဒီခေတ်က ဗီယက်နမ်စစ်အပြီး ကျန်နေခဲ့တဲ့ အင်ဒိုချိုင်းနား ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးနဲ့ ကိုရီးယား မိဘမဲ့ကလေးတွေ မွေးစားရေး ကိစ္စတွေကို လေ့လာတဲ့ မင်နီဆိုတာက အာရှ အမေရိကန်မိသားစု ဆွေးနွေးဖလှယ်ပွဲကို သူ စီစဉ်ကျင်းပခဲ့ပါတယ်။
ကောလိပ်ကျောင်းတွေမှာ အလုပ်အကိုင်အကြောင်း မျှဝေပြောကြားနိုင်တဲ့ အမျိုးသမီးဟောပြောသူ စာရင်းကို ခရစ်ယာန်ရာစု မဂ္ဂဇင်းက ၁၉၆၃ မှာ ကောက်ခံရာမှာ အမေရိကန် တဝှမ်းက တခြား အမျိုးသမီး ၆ဝ နဲ့အတူ စာဖတ်သူတွေ ဆန္ဒမဲနဲ့ ပါမောက္ခ အိုင်းရင်း ခင်ခင် ဂျန်ဆန် ရွေးချယ်ခံခဲ့ရပါတယ်။ အမေရိကန် အခြေစိုက် မြန်မာပြည်အကြောင်း လေ့လာတဲ့ ပညာရှင်အုပ်စုမှာလည်း ဒေါက်တာမောင်မောင်ကြီး၊ မာဂရက်အောင်သွင်၊ မိုက်ကယ်အောင်သွင် စတဲ့ မြန်မာတက္ကသိုလ် ဆရာတွေနဲ့အတူ ၁၉၇ဝ ကျော်ကတည်းက သူပါဝင်ခဲ့ပါတယ်။ ၁၉၉ဝ မှာတော့ သင်ရိုး ညွှန်းတမ်းမှာ လိင်နဲ့ ယဉ်ကျေးမှုပိုင်းအရ ကွဲပြားစုံလင်မှုနဲ့ မဝါဒီ ပညာပိုင်းဆိုင်ရာ လေ့လာမှု ပေါင်းစပ်ခြင်း အာရှအမေရိကန် အမျိုးသမီး သိပ္ပံရဲ့ စီမံချက်မှာ ကော်မတီဝင်အဖြစ် သူပါဝင်ခဲ့ပါတယ်။ ၂ဝဝ၉ -၂ဝ၁ဝ မှာတော့ သူ့ကို မင်နီဆိုတာ တက္ကသိုလ် မြို့တော်ညီနောင် အမျိုးသမီး ကလပ်ရဲ့ ဥက္ကဋ္ဌ တင်မြှောက်ခဲ့ကြပါတယ်။
အငြိမ်းစားယူပြီးနောက် ယူနိုက်တစ် မက်သဒစ်အသင်းတော်ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင် အဖြစ် အာရှက ခရစ်ယာန် စာသင်ကျောင်းတွေနဲ့ အမျိုးသမီးကောလိပ်တွေကို လေ့လာရေး သွားခဲ့ပါတယ်။ ၁၉၉၅ မှာတော့ နှစ် ၃ဝ ကျော်အတွင်း မြန်မာပြည်ကို ပထမဆုံးအကြိမ် ပြန်ခွင့်ရပြီး ကမ္ဘာ့မက်သဒစ်အသင်းတော်အတွက် မြန်မာပြည် ကွင်းဆင်း အစီရင်ခံစာ သူ ရေးခဲ့ပါတယ်။ မက်သဒစ်အသင်းတော်ရဲ့ နွေသင်တန်းကျောင်း တွေနဲ့ သြစဘက် ကောလိပ်မှာ သူ့ရဲ့ ပို့ချချက်တွေကလည်း ၂ဝ၁၄ ခုနှစ် အိုင်းရင်း ၈၉ နှစ် အရွယ်ထိ ရှိခဲ့ပါတယ်။ ဒီထဲက သင်္ခန်းစာ အမည်တချို့ကို ကောက်နုတ်ပြရရင်တော့ အမေရိကန်ပြည် တရုတ် လူဝင်မှုသမိုင်း၊ ၂၁ ရာစု ပစိဖိတ် ရပ်ဝန်း ၊ မြန်မာပြည်၊ ပဒေသရာဇ်၊ ကိုလိုနီ၊ အမျိုးသားရေး နဲ့ စစ်တပ် ၊ ကမ္ဘောဒီးယားနဲ့ လာအို၊ မတူညီတဲ့ ရင်းမြစ်များ၊ ဘရာဇီး၊ လက်တင်အမေရိကရဲ့ အကြီးဆုံးနိုင်ငံ၊ ကမ္ဘာ့ဇာတ်ခုံပေါ်က စီးပွားရေး အင်အားကြီး တရုတ်ပြည်၊ ကျူးဘားရဲ့ ခေတ်ဟောင်း ခေတ်သစ် ပုံရိပ်များ၊ အဏုမြူ အင်အားရှင် အိန္ဒိယနဲ့ ပါကစ္စတန်၊ ဗုဒ္ဓဘာသာ မြန်မာပြည်တွင် ကြီးပြင်းခြင်း စတဲ့ ခေါင်းစဉ်တွေနဲ့ သင်္ခန်းစာတွေ ဖြစ်ပါတယ်။ မြန်မာပြည်တွင် ကြီးပြင်းခြင်း ကတော့ ဗုဒ္ဓဘာသာဝင် မိခင်နဲ့အတူ ငယ်ဘဝ သူ ကြုံခဲ့ရတဲ့ မြန်မာပြည်အကြောင်း ဖြစ်ပါတယ်။
၁၉၉၅ က သူ မဟာဘွဲ့ယူခဲ့ရာ ဘက်ကနဲတက္ကသိုလ်အတွက် ရေးပေးခဲ့တဲ့ စာထဲမှာတော့ မိသားစု၊ မိတ်ဆွေနဲ့ တန်ဖိုးကောင်းတွေက ရုပ်ဝတ္ထုပစ္စည်းတွေထက် အဖိုးတန်တယ်လို့ ပါမောက္ခ အိုင်းရင်း ဂျန်ဆန်က ဆိုပါတယ်။ သူ့ဘဝမှာ ဘယ်လို အခက်အခဲတွေပဲ ရှိရှိ၊ တက္ကသိုလ်က ဘွဲ့ရအောင် ကြိုးစားခဲ့တဲ့အတွက် ဗြိတိန်၊ အိန္ဒိယ၊ အမေရိကန်၊ မြန်မာ စတဲ့ နိုင်ငံစုံက ပါမောက္ခတွေရဲ့ အမြင်စုံကို သိလာပြီး သူ့ရဲ့ ပညာစက်ဝန်းကလည်း ကျယ်ပြန် ခဲ့တယ်လို့ အမှတ်တရ ပြောကြား ခဲ့ပါတယ်။ ဒေါက်တာ မြင့်ဂျန်ဆန်ကို မြန်မာပြည်က မသိကြတော့သလို မြန်မာပြည်က သူနဲ့ခေတ်ပြိုင် နိုင်ငံတကာသမိုင်းနဲ့ နိုင်ငံရေးသိပ္ပံကို အမေရိကန်၊ ဗြိတိန်နိုင်ငံတွေမှာ သင်ယူ ခဲ့ကြတဲ့ ဒေါက်တာ အုန်းခိုင်၊ ဒေါက်တာ မောင်မောင်ကြီး၊ ဒေါက်တာ ခင်မောင်ညွန့်၊ စိုင်းအောင်ထွန်း၊ ဒေါ်စောခင်ကြီး စတဲ့ ပညာရှင်တွေရဲ့ ပညာအမွေကို မြန်မာပြည်ထဲက သေချာကျန မရယူနိုင်ခဲ့တာကိုလည်း ဝမ်းနည်း စရာ တွေ့ရပါတယ်။