သဘာ၀တောရိုင်းတိရစ္ဆာန်တွေရဲ့ရယ်မြူးစရာပုံတွေ

ငှက်ဖြူကြီးတစ်ကောင် မျက်နှာကို မြက်တွေနဲ့ ဖြတ်အရိုက်ခံရတာလား၊ မြေခွေးလေးတွေ ဘရိတ်ဒန့်စ် ကခုန်နေတာလား။

ဒီဓာတ်ပုံတွေက အခုနှစ် နစ်ကွန် ရွှင်မြူးဖွယ်တောရိုင်းတိရစ္ဆာန် ဓာတ်ပုံဆုပေးပွဲမှာ ဝင်ပြိုင်လာကြတဲ့ဓာတ်ပုံတွေထဲက အချို့ဖြစ်ပါတယ်။

အခုနှစ်ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၁၀၉ နိုင်ငံက ဓာတ်ပုံပေါင်း တစ်သောင်းကျော်အထိ စံချိန်တင် ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ ဒီပြိုင်ပွဲ ၁၀ နှစ်အတွင်း လူအများဆုံး ဝင်ပြိုင်ကြတာလည်းဖြစ်ပါတယ်။

ဒီဆုပေးပွဲကို ၂၀၁၅ ခုနှစ်မှာ ဗြိတိန် သဘာဝတောရိုင်းတိရစ္ဆာန် ဓာတ်ပုံဆရာ ပေါလ် ဂျွိုင်ဆန် ဟစ်က စတင် ဖန်တီးခဲ့တာပါ။ သဘာ၀တောရိုင်းတိရစ္ဆာန်လေးတွေရဲ့ ပုံကို ဓာတ်ပုံရိုက်ရင်း ဓာတ်ဆရာတွေ ရယ်ပြုံးမိတဲ့အခိုက်အတန့်ကို ပုံကို ကြည့်ရှုခံစားရမယ့်သူတွေလည်း အပျော်တွေ ကူးစက်စေဖို့ ရည်ရွယ်ပါတယ်။

အမြင့်ဆုံးဆု - 'တစ်ဖက်တည်းလည်း ဖြစ်တယ်'

ခြေတစ်ဖက်တည်းနဲ့လည်း လမ်းလျှောက်တတ်တယ်လို့ စတန့်ထွင်ပြတဲ့ ရဝမ်ဒါနိုင်ငံက ဂေါ်ရီလာပုံကတော့ အနိုင်ရဆု ဓာတ်ပုံဖြစ်သွားပါတယ်။ ရိုက်ကူးသူက မာ့ခ် မက်သ်ကို ဖြစ်ပါတယ်။

ဂေါ်ရီလာ မျိုးစိတ်တွေကို ခြေရာကောက်ဖို့ သူ တောတောင်တွေကြားထဲမှာ ခြေလျင်လျှောက်ရင်း ရှာဖွေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အမာဟိုရိုမျိုးစိတ်ဝင် အသက်ငယ်ငယ် ခပ်ကြွားကြွား ဂေါ်ရီလာလေး တစ်ကောင်ကို သူ တွေ့ခဲ့ပါတယ်။

မာ့ခ် ကတော့ အဲဒီဂေါ်ရီလာလေးဟာ ''ခြေတစ်ဖက်တည်းနဲ့ မတ်တပ်ရပ်ပြီး ကိုယ်လုံးကို လှည့်ပြတယ်။ ခြေတစ်ဖက်တည်းနဲ့ အမြင့်ကို ကန်ပြတာမျိုး လုပ်တယ်။ သူ့ကို ကြည့်ပြီး တကယ်ပျော်ခဲ့ရတယ်'' လို့ ပြောပါတယ်။

အငယ်တန်းဓာတ်ပုံဆု - ''မခံယူလိုသူကို နှစ်ခြင်း မင်္ဂလာပြုတာလား''

အသက် ၁၆ နှစ်နဲ့ ၁၆ နှစ်အောက် အငယ်တန်း ဓာတ်ပုံဆရာဆုကိုတော့ ဂရေဆွန် ဘဲလ်က ဆွတ်ခူးပါတယ်။

ဂရေဆွန်ကတော့ အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်ထဲမှာ ဖားစိမ်းလေးတွေကို ရိုက်ကူးထားတဲ့ဓာတ်ပုံနဲ့ ဆုရတာဖြစ်ပါတယ်။ ဒါပေမဲ့ သူရိုက်ခဲ့တဲ့ဓာတ်ပုံလေးတွေထဲက တချို့အခိုက်အတန့်လေးတွေကို အိမ်ပြန်ရောက်မှပဲ ပြန်သိနိုင်ပါတယ်။

''အိမ်ပြန်ရောက်ပြီး အမေနဲ့အဖေကို ဓာတ်ပုံပြလိုက်တော့ သူတို့လည်း သဘောကျလိုက်ကြတာ။ ပြီးတော့ ဒီဓာတ်ပုံက ကျွန်တော့်အကြိုက်ဆုံးပုံဖြစ်လာတယ်။ ဖားလေးတစ်ကောင်က နောက်တစ်ကောင်ကို နှစ်ခြင်းမင်္ဂလာ လုပ်ပေးဖို့ ကြိုးစားနေတယ်လို့တောင် ကျွန်တော်တို့ ထင်ခဲ့ကြတယ်။''

လူငယ်ဓာတ်ပုံဆရာဆု - 'ကကြမယ်၊ ခုန်ကြမယ်'

မြေခွေးနီလေးတွေကလည်း သူတို့ ကနိုင် ခုန်နိုင်ကြတယ်ဆိုတာကို ပြနေသယောင်ပါပဲ။

ဒီမြေခွေးလေးတွေရဲ့ဓာတ်ပုံကိုတော့ ဓာတ်ပုံဆရာ ပေါ်လာ ရက်စတီမီးယားက နယ်သာလန်နိုင်ငံမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အသက် ၂၅ နဲ့ ၂၅ နှစ်အောက် ဓာတ်ပုံဆရာဆု တန်းမှာ ဒီဓာတ်ပုံနဲ့ပဲ သူ ဆုရရှိပါတယ်။

ပေါ်လာကတော့ ''ထူးထူးခြားခြား လှုပ်ရှားပြေးလွှားနေတဲ့ ဒီမြေခွေးလေးတွေ ကခုန် မြူးတူးနေတာကိုကြည့်ပြီး တခစ်ခစ်နဲ့တောင် လိုက်ရယ်မိတယ်''

ပြုံးမိစေမယ့် နောက်ထပ်ဓာတ်ပုံတွေ

ဆံပင်တဖြည်းဖြည်းဖြူလာဖို့ တာစူနေတဲ့ မီးခိုးရောင်ဆံပင်ကို လူတွေ ကြိုက်ခဲလှပါတယ်။ အခုဖြစ်အင်ကြုံရတဲ့ ကနေဒါက ရှဉ့်လေးရဲ့အခြေအနေကတော့ ဆံသဆရာဆီ သွားရတော့မယ့်ကိန်း ဆိုက်သယောင်ပါ။

ရေပြင်ဆင်းသက်မယ် ၁ ၂ ၃ ...

ကုန်းနဲ့ရေပြင်မှာပါ ဆင်းသက်လို့ရတဲ့ အပေါ့စားလေယာဉ်ငယ်တစ်စင်း ရေပြင်ပေါ် ဆင်းသက်တော့မယ့်သယောင် တောင်ပံဖြန့်လာတဲ့ လည်နီ လွန်းငှက်တစ်ကောင်ရဲ့အခုဓာတ်ပုံကိုတော့ ဖင်လန်နိုင်ငံမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။

ကိုယ်ဘေးနားကိုလာပြီး အမျှင်မပြတ် စကားကြောရှည်တတ်တဲ့သူမျိုးကို ကြုံဖူးကြပါသလား။ ငှက်တစ်ကောင်ကတော့ ဒီလိုကြုံဖူးတယ်ဆိုတာ ဓာတ်ပုံမှာ မြင်နိုင်ပါတယ်။

ဒီဓာတ်ပုံကိုတော့ နော်ဝေနိုင်ငံမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အခုတော့ သူတို့ နှစ်ဦးလည်း တစ်ကောင်နဲ့တစ်ကောင် အနားကပ်လို့ရကြသေးလားဆိုတာ မပြောတတ်တော့ပါဘူး။

'ရတဲ့ငါးကို ဘယ်သူမှ မကျွေးဘူး'

စတယ်လာ ပင်လယ်လင်းယုန်တစ်ကောင် ဂျပန်က နှင်းတောထဲမှာ မြင်ရတာဖြစ်ပါတယ်။

သူဖမ်းထားတဲ့ ငါးဘေးနားမှာမြင်ရတဲ့ ဒီလင်းယုန်ဟာ ဘယ်သူနဲ့မှ မျှစားမယ့်ပုံ မပေါ်ပါဘူး။