ဖီဂျီ မယ်စကြာဝဠာပြိုင်ပွဲ - သရဖူကို လုယူဖို့ကြံစည်ခဲ့တယ်ဆိုတဲ့စွပ်စွဲမှု

    • ရေးသားသူ, နစ်မာ့ရှ်
    • ရာထူးတာဝန်, ဘီဘီစီသတင်း
    • ရေးသားပေးပို့သည့်နေရာ, စင်ကာပူ

တောင်ပစိဖိတ်ရဲ့ ရေပြင်ကြည်ကြည်ပေါ်က အငြင်းပွားမှုဆိုင်ကလုန်းမုန်တိုင်းတစ်ခုဟာ ဖီဂျီနိုင်ငံရဲ့ ပုလဲအပန်းဖြေစခန်းပေါ်ကို ဝင်ရောက် တိုက်ခတ်လုနီးနီး ဖြစ်နေပါတယ်။

ပန်းတွေနဲ့ပြည့်နေတဲ့စင်မြင့်ထက်မှာတော့ အသက် ၂၄ နှစ်အရွယ် MBA ကျောင်းသူ မန်ရှီကာ ပရာဆတ်ဟာ မစ္စဖီဂျီ အလှမယ်သရဖူကို ဆောင်းထားရုံပဲ ရှိနေပါသေးတယ်။

ဒါပေမဲ့ အခြေအနေတွေဟာ မကြာခင်မှာပဲ “တကယ့်ကို အရုပ်ဆိုးအကျည်းတန်တဲ့အခြေအနေ ပြောင်းခဲ့တယ်” လို့ ဒိုင်တွေထဲက တစ်ဦးက ပြောပါတယ်။

အရုပ်ဆိုးအတည်းတန်သွားခဲ့တယ်ဆိုတဲ့စကားလုံးဟာ တကယ်တော့ လျှော့ပြီး ပုံဖော်တဲ့စကားလို့ တောင်ဆိုနိုင်ပါတယ်။ နောက်နှစ်ရက်မှာ ဖြစ်လာမယ့်အခြေအနေတွေက အလှမယ်သရဖူတွေ အလွှဲအပြောင်းဖြစ်တာ၊ သရဖူနဲ့ပတ်သက်ပြီး စွပ်စွဲခံရတာတွေနဲ့ ပြိုင်ပွဲဝင်အလှမယ်တွေထဲက တစ်ဦးနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးဆက်နွှယ်မှု အရိပ်မည်းတွေလည်း တဖြည်းဖြည်းနဲ့ ထွက်ပေါ် လာပါတယ်။

မစ္စပရာဆတ် တစ်ယောက် သရဖူဆောင်းပြီး ၂ ရက်အကြာမှာ ဖီဂျီ Miss Universe ထုတ်ပြန်ချက်တစ်စောင်ထုတ်လာတော့မှ ဒါဟာ တစ်ခုခုမှားယွင်းနေပြီဆိုတာမျိုး သိခဲ့ရပါတယ်။ ကြေညာချက်မှာတော့ “စည်းကမ်းတွေကို ချိုးဖောက်မှု” ဖြစ်ခဲ့တာကြောင့် “ရလဒ်တွေကို ပြင်ဆင်”ဖို့ရှိပြီး မကြာခင်မှာ ထုတ်ပြန်မယ်လို့ ဆိုခဲ့ပါတယ်။

နောက်ထပ် နာရီအနည်းငယ်ကြာပြီးတဲ့နောက် နိုဝင်ဘာလမှာ ကျင်းပမယ့် Miss Universe ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ဖို့ မက္ကဆီကိုနိုင်ငံကို သူ သွားစရာမလိုတော့ဘူးလို့ မစ္စ ပရာဆတ် အကြောင်းကြားခံရပါတယ်။

အဲဒီအစား ပထမဆုရတဲ့ အသက် ၃၀ အရွယ် မော်ဒယ်လည်းဖြစ်၊ ဖီဂျီနွယ်ဖွား မိခင်က မွေးဖွားလာတဲ့ ဆစ်ဒနီမြို့က အိမ်ခြံမြေအကျိုးဆောင်လည်းဖြစ်တဲ့ နာဒင်း ရောဘတ်စ်က အစားထိုးသွားရောက် ယှဥ်ပြိုင်မှာဖြစ်ပါတယ်။

ထုတ်ပြန်ချက်မှာတော့ ''လုပ်ထုံးလုပ်နည်း မှန်မှန်ကန်ကန်'' မလိုက်နာခဲ့တာနဲ့ ''ဖီဂျီ အင်ဒီးယန်း'' ပြိုင်ပွဲဝင် မယ်တစ်ဦး နိုင်ရအောင် မဲလိမ်ခဲ့ပြီးတဲ့နောက်မှာ မစ္စ ပရာဆတ် ရွေးချယ်ခံခဲ့ရတာလို့ စွပ်စွဲပါတယ်။ ဒီလိုလုပ်ခဲ့လို့ ပွဲစီစဥ်တဲ့မန်နေဂျာလည်း ငွေရေးကြေးရေးအကျိုးအမြတ်ရစေခဲ့တယ်လို့ ထုတ်ပြန်ချက်က စွပ်စွဲပါတယ်။

စိတ်ဂယောက်ဂယက်ဖြစ်ခဲ့ရတဲ့ မစ္စ ပရာဆတ်ကတော့ လူမှုကွန်ရက်သုံးတာကို ခဏနားမယ်လို့ပြောပြီး “ဒီနောက်ကွယ်မှာ အများမသိကြတဲ့အကြောင်းအရာတွေ အများကြီးရှိတယ်”လို့ တော့ သတိပေးခဲ့ ပါတယ်။

ဒီအတောအတွင်းမှာပဲ အလှသရဖူဆောင်း အလှမယ်အသစ် မစ္စ ရောဘတ်ကတော့ ထောက်ခံမှုပေးတဲ့ သတင်းစကား တခုကို ထုတ်ပြောပါတယ်။ “ဒီဖြစ်ရပ်ဟာ ကျွန်မတို့ အားလုံးအပေါ် သက်ရောက်ပါတယ်” လို့ သူက အင်စတာဂရမ်ပေါ် ရေးတင်ပြီး ဖီဂျီ Miss Universe ရဲ့ “ဆောင်ရွက်ချက်မြန်ဆန်မှု”ကို လည်း ကျေးဇူးတင်တဲ့အကြောင်း ပြောပါတယ်။

ဒါပေမဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့မယ်တွေအားလုံးကတော့ သရဖူအလွှဲအပြောင်းဖြစ်တဲ့ကိစ္စကို စိတ်ကျေနပ်မှု မရှိကြပါဘူး။ ယုတ္တိမရှိတဲ့အကြောင်းရင်းခံတွေက အများကြီး ရှိနေတာကြောင့်ပါ။

“အားလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ပွဲပြီးသွားခဲ့တာ” လို့ ၇ ဦးပါတဲ့ ဒိုင်အဖွဲ့မှာ ပါဝင်သူ မလစ်ဆာဝှိုက်က ပြောပါတယ်။

အဏ္ဏဝါ ဇီဝပညာရှင်ဖြစ်တဲ့သူဟာ အလှမယ်ပြိုင်ပွဲရဲ့ ပရဟိတနဲ့သဘာဝပတ်ဝန်းကျင်ရေးရာအပိုင်းမှာ အလေးသာအောင် အခုပွဲကို နယူးဇီလန်ကနေ လာခဲ့ပြီး ဒိုင်အဖြစ်ပါဝင်ခဲ့တာဖြစ်ပါတယ်။

“တကယ့်ကို ကောင်းမွန်တဲ့ပြိုင်ပွဲညလို့ ပြောလို့ရတယ်။ ပွဲကလည်း အောင်မြင်တယ်လေ။ ပွဲနဲ့ ဒီလောက်အထိ လိုက်လျောညီထွေတဲ့အလှမယ်တွေကို တခါမှ မတွေ့ဖူးဘူးလို့တောင် ပြောကြတယ်” လို့ မစ္စ ဝှိုက်က ဘီဘီစီကို ပြောပါတယ်။

ပြိုင်ပွဲ အထွတ်အထိပ်ကို ရောက်တဲ့ သရဖူပေးပွဲညမှာတော့ Miss Fiji ဘယ်သူဖြစ်သင့်လဲဆိုတာက ချရေးပေးဖို့ ဒိုင်တွေ တောင်းဆိုခံရပါတယ်။

“အဲဒီအဆင့်ရောက်တော့ မန်ရှီကာ(ပရာဆတ်)က သရဖူရှင်ပဲဆိုတာ ရှင်းနေပါပြီ” လို့ အမေရိကန်အခြေစိုက် ရုပ်သံတင်ဆက်သူလည်းဖြစ်၊ စတိုင်နဲ့ အလှအပရေးရာ ပညာရှင်လည်းဖြစ်၊ နောက်ပြီး ဒိုင်တစ်ဦးအနေနဲ့လည်း ပါဝင်ခဲ့တဲ့ ဂျနီဖာ ချမ်းကပြောပါတယ်။

“စင်ပေါ်မှာ ကြွကြွရွရွလေးဖြစ်ရုံတင်ကမဘူး၊ တခြားအလှမယ်တွေနဲ့ ဆက်ဆံပုံ ဆက်ဆံနည်း၊ ဓာတ်ပုံအရိုက်ခံချိန်တုန်းက အခြေအနေအပြင် ကိုယ်ဟန်ပြနိုင်ခဲ့တာတွေကိုပါ အခြေခံစဥ်းစားခဲ့တာ"

မစ္စချမ်းကတော့ မစ္စ ပရာဆတ်ဟာ ဖီဂျီနိုင်ငံကို ကိုယ်စားပြုနိုင်မယ့် မာမာချာချာအလှမယ်ဖြစ်တယ် ဆိုတာကို “ရာနှုန်းပြည့်ယုံကြည်မှု” ရှိခဲ့တယ်လို့ ပြောပါတယ်။

တခြားဒိုင်တွေကလည်း သဘောတူခဲ့တာကြောင့် ဒိုင်တွေက ၇ မဲမှာ ၄ မဲ ထောက်ခံပြီး မစ္စ ပရာဆတ်ကို သရဖူဆောင်းအလှမယ်အဖြစ် ရွေးချယ်ခဲ့ကြပါတယ်။

ဒါပေမဲ့ တလက်လက်ထနေတဲ့ သရဖူဆောင်းထားတာ ပူပူနွေးနွေးပွဲရှိနေသေးတဲ့ မစ္စ ဖီဂျီတစ်ယောက် စင်ပေါ်မှာရှိနေတုန်းမှာပဲ တခုခုမှားနေတယ်ဆိုတာကို ဒိုင်တွေ အာရုံရခဲ့ကြပါတယ်။

အလှမယ် နာဒင်း ရောဘတ်စ်ကတော့ ပထမဆုစလွယ်ကို လွယ်ရင်း ဒေါသထွက်နေပုံပေါ်တယ်လို့ မစ္စချမ်းက စွပ်စွဲပြောပါတယ်။

“ကျွန်မ အိပ်ယာဝင်ထဲအထိ တွေးနေသေးတယ်။ လူတစ်ယောက် ဘာလို့များ သူပဲ ဒီဆုကို ရဖို့ ထိုက်တန်တယ်ဆိုတဲ့ အတွေးမျိုး ရှိလာပေါ့ ဆိုပြီးတော့လေ''

“ကိုယ်နိုင်တဲ့အခါရှိသလို ရှုံးတဲ့အခါလည်းရှိမှာပဲ။ နိုင်သွားတဲ့သူကလည်း ပြိုင်ပွဲမှာ အရည်အချင်းပြည့်တဲ့မယ်တစ်ယောက်လေ။ အဲဒါကို သူလည်း သိတာပဲ”

နောက်တစ်နေ့မှာတော့ မစ္စ ပရာဆတ်တစ်ယောက် သရဖူဆောင်းနိုင်တဲ့အထိမ်းအမှတ်အနေနဲ့ ဒိုင်တွေနဲ့အတူ လှေစီး ခရီးထွက်ပါတယ်။

“သူကလေ ဆုရတာကိုတောင် မယုံနိုင်ဖြစ်နေခဲ့တာ။ အခုတော့ ကျွန်မ ဘဝ အပြောင်းအလဲ ဖြစ်တော့မယ် ဆိုပြီး ပြောနေခဲ့တာ” မစ္စ ချမ်းက ပြောပါတယ်။

“သူက ဒီဆုနဲ့ထိုက်တဲ့ နှလုံးလှလူသားဆိုတဲ့ပြယုဂ်ပဲ။ လူမှန် နေရာမှန်ဖြစ်တဲ့ မိန်းကလေးတစ်ယောက်ကို ကျွန်မ မဲပေး ဆုံးဖြတ်ခဲ့တာ ပိုပြီး မှန်သွားပြီဆိုတဲ့အတွေးမျိုးလည်း ပေါ်စေခဲ့တယ်"

ဒါပေမဲ့ မစ္စပရာဆတ်ရဲ့ အခုအောင်မြင်မှုကို တရားဝင်အတည်ပြုချက်မျိုး အဲဒီအချိန်က မထွက်သေးပါဘူး။

ဒါတင်မဟုတ်သေးပါဘူး။ ဒိုင်တွေထဲက တစ်ဦးဟာ သံသယဝင်စရာကောင်းလောက်အောင် အဲဒီလှေစီး ခရီးမှာ မပါလာခဲ့ပါဘူး။ သူကတော့ ဖီဂျီနိုင်ငံမှာ Miss Universe ကျင်းပခွင့် လိုင်စင်ကို ကိုင်ထားတဲ့ ကုမ္ပဏီ Lux Projects ကို ကိုယ်စားပြုတဲ့ ရီရီ ဖာဘရီယာနီ ဖြစ်ပါတယ်။

“ဆန်းတော့ ဆန်းနေတယ်လို့ ကျွန်မ တွေးမိခဲ့သေးတယ်” လို့ မစ္စဝှိုက် ပြောပါတယ်။ သူက မစ္စ ဖာဘရီယာနီနဲ့ တစ်ခန်းတည်း တည်းသူဖြစ်ပါတယ်။ “ဒါပေမဲ့ သူက လုပ်စရာအလုပ်တွေလည်း ရှိသေးတယ်။ သူ့ သူဌေးကိုလည်း ပြောပြဖို့ရှိသေးတယ်ဆိုပြီး မပါလာဘူး”

မစ္စ ဖာဘရီယာနီကတော့ အနားယူဖို့ လိုအပ်တာကြောင့် အဲဒီလှေစီးခရီးကို သူမလိုက်ခဲ့တာလို့ ပြောပါတယ်။ ဒါပေမဲ့ သူ့ဖုန်းနဲ့ ပို့နေတဲ့မက်ဆေ့တွေကိုတော့ တခြားလူတွေ သိနိုင်ဖို့ရာ မဖြစ်နိုင်ခဲ့ပါဘူး။

ဒါပေမဲ့ မစ္စ ဝှိုက်ကတော့ သူ့အခန်းဖော် မစ္စ ဖာဘရီယာနီဟာ “ဂျေမီ” ဆိုတဲ့ အမျိုးသားတစ်ယောက်ဆီကနေ လာတဲ့ ဖုန်းမက်ဆေ့တွေနဲ့ ခေါ်ထားတဲ့ဖုန်းအကြိမ်ရေတွေကို စုစည်းနေတယ်ဆိုတာကိုသိခဲ့ပါတယ်။

မယ်စကြဝဠာပြိုင်ပွဲလို့ သိကြတဲ့ Miss Universe ပြိုင်ပွဲဟာ လိုင်စင်ဝယ်ရင် ပွဲကျင်းပခွင့်ရတဲ့ပုံစံမျိုးနဲ့ လည်ပတ်တဲ့ ဒေါ်လာသန်းချီ စီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။ လိုင်စင်တယ်လိုက်တာနဲ့ ပြိုင်ပွဲတံဆိပ်ကို သုံးပြီး ပွဲကျင်းပတာ၊ ပွဲအတွက်လက်မှတ်ရောင်းချတာတွေ လုပ်လို့ရပါတယ်။

ဒီလိုင်စင်ကြေးတွေဟာ စျေးကြီးပြီး နိုင်ငံသေးလေးတွေမှာဆိုရင်တော့ နိုင်ငံ ကိုယ်စားပြုအလှမယ် တစ်ဦးကို လိုလိုလားလားငွေကြေးထောက်ပံ့ပေးမယ့်သူကို ရှာဖို့လည်း ခက်ပါတယ်။ ဒါကြောင့်ပဲ ဖီဂျီ နိုင်ငံဟာ မယ်စကြဝဠာပြိုင်ပွဲကို မဝင်တာ ၁၉၈၁ ခုနှစ်ကတည်းက ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ အဖွဲ့အစည်းတစ်ခုက အဲဒီလိုင်စင်ကို ဝယ်ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ အဲဒါ ကတော့ Lux Projects လို့ခေါ် တဲ့ အိမ်ခြံမြေလုပ်ငန်းဖြစ်ပါတယ်။

မစ္စ ဘာဘရီယာနီကတော့ ဒိုင်အဖွဲ့ထဲမှာ ကိုယ်စားလှယ်အဖြစ်ပါဝင်ပါတယ်။ ဒါပေမဲ့ မီဒီယာတွေနဲ့ ဆက်ဆံတဲ့အပိုင်းကိုတော့ သူ တာဝန်ယူခဲ့ပါတယ်။

“ကျွန်မနဲ့ဆို သိပ်ကို တည့်တယ်။ နှစ်လိုဖွယ် ကောင်းတဲ့လူတစ်ယောက်ပုံလည်း ပေါ်တယ်လေ ” မစ္စ ဝှိုက်က ပြောပါတယ်။

“ဒါပေမဲ့ လှေခရီးကို သူမလိုက်လာတဲ့နေ့မှာပဲ သူက ပြောင်လဲသွားတယ်။ အလုပ်တွေအရမ်းရှုပ်နေလို့ပါလို့ပဲ ပြောပြောနေတယ်။ ပြီးတော့ အဲဒီ ဂျေမီဆိုတဲ့ လူနဲ့လည်း ဖုန်းပြောတာ တောက်လျှောက်ပဲ''

မစ္စ ဘာဘရီယာနီတစ်ယောက် ဒိုင်အဖွဲ့ထဲမှာပါဝင်ခဲ့ပေမဲ့ Lux Projects ဟာ ထွက်လာတဲ့မဲရလဒ်ကို ပျော်ရွှင်ပုံတော့ မပေါ်ပါဘူး။

တနင်္ဂနွေနေ့မှာ ထုတ်လိုက်တဲ့ ထုတ်ပြန်ချက်မှာဆိုရင် သူဟာ လိုင်စင်ယူထားသူဖြစ်လို့ မဲ တစ်မဲ ပေးခွင့်ရသင့်တယ်လို့ Lux Projects ဘက်က ပြောလာပါတယ်။ အဲဒီမဲဟာ ကန်ထရိုက်ယူပြီး ပွဲစီစဥ်တဲ့ ဂရန့် ဒူယာ ''ရေတွက်ဖို့ ပျက်ကွက်ခဲ့တဲ့မဲ တစ်မဲလို့လည်းဆိုပါတယ်။

Lux Projects ဟာ မစ္စ ရောဘတ်စ်အတွက်သာ မဲပေးခဲ့မယ်ဆိုရင် မဲရလဒ်က ၄-၄ မဲ ဖြစ်ခဲ့မှာပါ။

အဲဒီထက်ပိုတာကတော့ လိုင်စင်ပိုင်ရှင်ဟာ “အဆုံးအဖြတ်မဲ” ပေးပိုင်ခွင့်ရှိတယ်လို့လည်း ပြောပြီး မစ္စ ရောဘတ်စ်ကို သရဖူရှင် ဖြစ်စေခဲ့တာပါ။

“ကျွန်မတို့ ဒိုင်အဖွဲ့မှာ ၈ ယောက်မြောက် ဒိုင်ရယ်လို့၊ နောက်ပြီး ပွဲလာမတက်နိုင်တဲ့ ပျက်ကွက် ဒိုင်လူကြီးတစ်ယောက်ရှိတယ်လို့ ဆိုတာမျိုး ကျွန်မတို့ကို ပြောခဲ့တာမျိုးမရှိခဲ့ဘူး” မစ္စ ချမ်းက ပြောပါတယ်။

“ ဝက်ဘ်ဆိုက်မှာလည်း မကြေညာထားဘူး။ ဘယ်နေရာမှာ မှလည်း မပြောထားဘူး။ နောက်ပြီးတော့ ပြောရရင် ကိုယ်က ပွဲကိုတောင် လာမတက်မတက်ဘဲနဲ့ ဘယ်လိုမဲ ပေးမှာလဲ”

မစ္စဝှိုက်ကလည်း သံသယ ဝင်ပါတယ်။

“ လိုက်ပြီးလေ့လာကြည့်တော့ Lux Projects ဟာ သြစတြေးလျစီးပွားရေးသမား ဂျေမီ မက်ကင်တိုင်းယားနဲ့ အတော်လေး နီးစပ်မှုရှိတယ်” မစ္စ ဝှိုက်ကပြောပါတယ်။

“ပြီးတော့ ဂျေမီ မက်ကင်တိုင်းယားက...” သူက ဘီဘီစီကို ဆက်ပြောပြပါတယ်။ “နာဒင်း ရောဘတ်စ်ကို ယူထားတာ”

ဖုန်းထဲက အမျိုးသား

မစ္စတာ မက်ကင်တိုင်းယားကတော့ သူ့ကိုယ်သူ စွန့်ဦးတီထွင် စီးပွားရေးသမား၊ ရင်းနှီးမြှုပ်နှံသူ၊ ''ကမ္ဘာ့ ဦးဆောင်ပညာမျှဝေပေးသူ''လို့ရည်ညွှန်းထားတာတွေ့ရပြီး အွန်လိုင်းပေါ်မှာ မြင်ရတဲ့အချက်အလက်တွေ အရဆိုရင် သူဟာ မစ္စ ရောဘတ်စ်ကို လက်ထပ်ထားတာ ၂၀၂၂ ခုနှစ်ကတည်းက ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ မြေယာရင်းနှီးမြှုပ်နှံမှု အစီအစဥ်တစ်ခုမှာ ရင်းနှီးမြှုပ်နှံသူတွေကို သြစတြေးလျ ဒေါ်လာ ၇ သန်း ဆုံးရှုံးစေခဲ့မှုနဲ့ ၁၀ နှစ်ကြာ စီးပွားရေးလုပ်ခွင့်ကို သြစတြေးလျမှာ ပိတ်ပင်ခံထားရပါတယ်။ အဲဒီအမှုကို ဆုံးဖြတ်ခဲ့တဲ့တရားသူကြီးကတော့ ''အောင်မြင်တဲ့ပြုပြင်ပြောင်းလဲရေးလုပ်နိုင်ခြေရှိတယ်ဆိုတဲ့ သက်သေအထောက်အထား ခိုင်ခိုင်မာမာ မတွေ့ရတာကြောင့်'' လို့ ဆုံးဖြတ်ပါတယ်။

ဒါပေမဲ့ သူက ဒီမှာ ဘယ်လို ပတ်သက်စရာ ဖြစ်လာတာပါလဲ။

“(မစ္စတာ မက်ကင်တိုင်းယား) ဟာ MUF လိုင်စင်ရ ကုမ္ပဏီရဲ့ ဒါရိုက်တာ မဟုတ်သလို ရှယ်ယာရှင်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ တွဲဖက်ကုမ္ပဏီတွေမှာ ရှယ်ယာရှင်ဖြစ်တာကြောင့် သူဟာ အကြံပေးတစ်ဦးအဖြစ် ဆောင်ရွက်နေပါတယ်'' လို့ ဂျေမီ မက်ကင်တိုင်းယားရဲ့ ကိုယ်စားလှယ်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့လည်း ကုမ္ပဏီရဲ့ အင်စတာဂရမ်စာမျက်နှာမှာတော့ မစ္စတာ မက်ကင်တိုင်းယားတစ်ယောက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု အကြံဉာဏ်တွေပေးနေတဲ့ ဗီဒီယိုတစ်ခုကို တင်ထားသလို မစ္စတာ မက်ကင်တိုင်းယားပိုင်တဲ့ ဘာလီအခြေစိုက် အိမ်ခြံမြေကုမ္ပဏီ 21st Century University ရဲ့ လင့်ခ် ကိုလည်း တင်ထားတာတွေ့ရပါတယ်။

မစ္စ ရောဘတ်စ်နဲ့ ပွဲစီစဥ်သူ ဂရန့် ဒူယာတို့ကြားက ဖုန်းခေါ် ဆိုမှုတွေမှာ ဖုန်းထဲ ဂျေမီဆိုသူ တစ်ဦးရှိနေမယ်လို့လည်း ဘီဘီစီက နားလည်ရပါတယ်။

လိုင်စင်ကိုင်ဆောင်ထားတဲ့ကုမ္ပဏီကို အကြံဉာဏ်ပေးခဲ့တယ်ဆိုတာကိုတော့ သူတို့ဘက်က ဝန်ခံပေမဲ့ ဒိုင်အဖွဲ့အဆုံးဖြတ်ကိစ္စမှာ မစ္စတာ မက်ကင်တိုင်းယားပါဝင်ပတ်သက်နေတယ်ဆိုတာဟာ ''တွေးတောမှန်းဆပြီး ဇာတ်လမ်းဖော်မှု သက်သက်'' လို့လည်း စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး မစ္စတာ မက်ကင်တိုင်းယားရဲ့ ကိုယ်စားလှယ်က ပြောပါတယ်။

ဒါ့အပြင် သတင်းထုတ်ပြန်ချက်မှာတော့ မစ္စ ပရာဆတ်ကို ရွေးချယ်ဖို့ ဒိုင်အဖွဲ့ကို မစ္စတာ ဒူဝါက ဖိအားပေးခဲ့တယ်လို့ စွပ်စွဲပါတယ်။ ဘာကြောင့်လဲဆိုရင် မစ္စတာ ဒူဝါဟာ မစ္စ ရောဘတ်ကို မဲပေးဖြစ်ခဲ့မယ် ဆိုရင်တောင် မစ္စ ပရာဆတ်ဟာ ဖီဂျီနွယ်ဖွားဖြစ်နေတယ်ဆိုတဲ့အချက်နဲ့တင် အဲဒီပေးမယ့်မဲ မပေးဖြစ်အောင် ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

“ပြိုင်ပွဲမှာ ဘယ်မှာမွေးလို့၊ ဘယ်အနွယ်ဖွားဖြစ်လို့ဆိုတဲ့ လူမျိုးရေးကိစ္စကို ပြောလာတာနဲ့တင် အတော်လေး စက်ဆုပ်စရာကောင်းနေပြီ” လို့ မစ္စချမ်းက ပြောပါတယ်။ “ဒီလိုကိစ္စမျိုးကို ကျွန်မတို့ ဒိုင်တွေကြားမှာ ဘယ်တုန်းကမှ ပြောဆိုတာ မရှိခဲ့ဘူး” လို့လည်း သူက ပြောပါတယ်။

ဘီဘီစီအနေနဲ့ မစ္စရောဘတ်စ် ဆီကရော၊ မစ္စပရာဆတ်ဆီကရော မှတ်ချက်တောင်းခဲ့ပေမဲ့ နှစ်ဦးစလုံးက အကြောင်းမပြန်ခဲ့ပါဘူး။

ဖီဂျီ အလှမယ်ပြိုင်ပွဲမှာ ပါဝင်တဲ့ ဒိုင်လူကြီးတွေနဲ့ ပြိုင်ပွဲဝင်တွေအပါအဝင် ပွဲမှာပါဝင်တဲ့ လူတော်တော်များများဟာ Lux Projects ဘက်ကနေ ''ရပ်တန့်ဖို့'' ဆိုတဲ့ အီးမေးလ်တွေ ရရှိခဲ့ပါတယ်။

ခမ်းနားမှု၊ အောင်မြင်မှုနဲ့ ငွေ

ဖီဂျီမှာ ဖြစ်တဲ့ အခုအရှုပ်တော်ပုံဟာ အလှမယ်ကမ္ဘာမှာ ဖြစ်တဲ့ ပထမဆုံး အငြင်းပွားဖွယ်ကိစ္စတော့ မဟုတ်ပါဘူး။

“အလှပြိုင်ပွဲတွေဟာ ဇာတ်စုံပဲ၊ အငြင်းပွားမှုတွေလည်း အပြည့်ပါ။ ဘယ်သူ့ကို ပေးမယ်ဆိုတာမျိုး လုပ်ပြီး ကျင်းပတာမျိုးတောင်ရှိတယ်လို့ လူတွေက ပြောကြတာရှိတယ်'' လို့ ပါမောက္ခ ဟီလာရီ လက်ဗီ ဖရီးမန်းက ပြောပါတယ်။ သူက ‘ဟော တွေ့ပါပြီ- အမေရိကားအလှမယ်လောကရဲ့ ရှုပ်ထွေးပွေလီမှု အကြောင်း’ စာအုပ်ကို ရေးသားသူဖြစ်ပါတယ်။

''ဒါပေမဲ့ အခုနှစ်ပိုင်းတွေအတွင်းမှာ ဒီပြဿနာကို ပိုပြီး တွေ့လာရတယ်။ လူမှုကွန်ရက် ကျေးဇူးကြောင့်ပေါ့လေ'' လို့ သူက ထပ်လောင်းပြောပါတယ်။

၂၀၂၂ ခုနှစ်တုန်းက Miss America ပြိုင်ပွဲမှာဖြစ်ခဲ့တဲ့ မဲပေးမှုအရှုပ်တော်ပုံကလွဲရင် အခုလိုအငြင်းပွားမှုတွေဟာ ကမ္ဘာ့တခြားနေရာတွေမှာ ပေါ်ပေါက်မှုနည်းလာတဲ့အခြေအနေပါ။

ဒါ အနောက်နိုင်ငံတွေမှာ အကျိုးအမြတ်မယူတဲ့အပိုင်းကို သွားလာတာကြောင့်ဖြစ်နိုင်ပြီး ကမ္ဘာ့တခြား နေရာတွေက အလှပြိုင်ပွဲတွေကတော့ ပိုနာမည်ကြီးလာ၊ ပိုဝင်ငွေရလာတဲ့အခြေအနေတွေကြောင့် ဖြစ်နိုင်တယ်လို့လည်း ပါမောက္ခဖရီးမန်းက ပြောပါတယ်။

''သမိုင်းကြောင်းအရ ကြည့်ရင်တော့ အလှမယ်ပြိုင်ပွဲတွေဟာ အမျိုးသမီးတွေအတွက် လူမှုအသိုင်း အဝိုင်းမှာ တိုးတက်ရာ တိုးတက်ကြောင်း အသုံးချနိုင်တဲ့ လမ်းကြောင်းတစ်ခုဖြစ်လာစေခဲ့တာပါ'' လို့ ပါမောက္ခဖရီးမန်းက ပြောပါတယ်။

''ဂုဏ်တွေ၊ အောင်မြင်မှုအပြင် ကိုယ့်မှာ ဖော်လိုဝါတွေရအောင်၊ စပွန်ဆာတွေရအောင်လည်း လမ်း ကြောင်းတစ်ခု ပေါ်စေတယ်လေ။ ဒီမှာ ငွေကြေးလည်းပါလာတော့ အပြိုင်အဆိုင်က ပိုကဲသွားတာပေါ့”

မစ္စ ပရာဆတ်အတွက်တော့ ပျော်ရွှင်စရာ အဆုံးသတ် ပေါ်လာတယ်လို့ ပြောရမှာပါ။

သူ့ကို Miss Fiji 2024 သရဖူ ပြန်ချီးမြှင့်လိုက်ပြီဆိုတဲ့အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်အကောင့်တွေ ထဲက တစ်ခုမှာ သောကြာနေ့တုန်းကတင်ခဲ့ပါတယ်။

“မယုံနိုင်စရာ ခရီးတစ်ခုပါလားလို့'' လို့ သူက အင်စတာဂရမ်မှာ ရေးတင်ပါတယ်။

Miss Universe အဖွဲ့ကြီးကတော့ ဘီဘီစီရဲ့ မှတ်ချက်တောင်းမှုကို ပြန်တုံ့ပြန်တာ မရှိပါဘူး။ ဒါပေမဲ့ ဖီဂျီမှာဖြစ်တဲ့အခြေအနေကိုတော့ အတော်လေး သဘောကျမှာမဟုတ်ဘူးဆိုတာကို ဘီဘီစီက နားလည်ရတယ်။ မစ္စ ပရာဆတ်ကို ဖီဂျီရဲ့ အလှဘုရင်မအဖြစ် ပြန်လည်သတ်မှတ်နိုင်ရေးကိုလည်း အတော်လေး ကြိုးစားခဲ့ရပုံပေါ်ပါတယ်။

မစ္စ ပရာဆတ်အတွက်ကတော့ ပီတိဖြစ်စရာဖြစ်ပြီး ဒိုင်တွေအတွက်ကတော့ စိတ်သက်သာစရာဖြစ်ပါတယ်။

မစ္စ ရောဘတ်အတွက်တော့ သူကသာ “Miss Universe Fiji 2024 အစစ်” ဖြစ်တယ်လို့ အင်စတာ ဂရမ်မှာ သူ့ကိုယ်သူ သုံးနှုန်းပါတယ်။

ဒိုင်လူကြီး မစ္စဝှိုက်ကတော့ “မန်ရှီကာ(ပရာဆတ်) တစ်ယောက် အခုဖြစ်စဥ် တစ်လျှောက်လုံးမှာ ပြုမူသွားတာကို ကျွန်မ သိပ်ကို ဂုဏ်ယူမိတယ်။ ကိုယ်ရည်ကိုယ်သွေးရှိပြီး လှပတဲ့သူလို မိန်းကလေး ဒီလိုကြုံရတာ မဖြစ်ထိုက်ပါဘူး''

“ကျွန်မတို့ကတော့ ဒီဖြစ်ရပ်ကို အမှန်တရားအတိုင်းဖြစ်စေချင်တာ။ အခုတော့ ထွက်ပေါ်လာပြီပေါ့လေ”