ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သမားရိုးကျအစွဲတွေ ပျောက်ဖို့ ကြိုးစားနေတဲ့ မယ်စကြဝဠာ ပါကစ္စတန်
အဲရစ်ကာ ရိုဘင်ဟာ အယ်လ်ဆာဗေးဒိုးမှာ နောက်လလယ် ကျင်းပမယ့် မယ်စကြဝဠာ ပြိုင်ပွဲကို ဒီပြိုင်ပွဲရဲ့ သက်တမ်း ၇၂ နှစ်တာ အတွင်း ပါကစ္စတန်နိုင်ငံကို ကိုယ်စားပြုပြီး ပထမဆုံး သွားရောက် ယှဥ်ပြိုင်မယ့်သူ ဖြစ်ပါတယ်။
ရှေးရိုးစွဲဝါဒီတွေလွှမ်းမိုးရာနိုင်ငံက အသက် ၂၄ နှစ် အရွယ် သူက ကရာချိမြို့က ခရစ်ယာန် ဘာသာ၀င် တစ်ယောက် ဖြစ်ပါတယ်။
သူဟာ မော်လဒိုက်မှာကျင်းပခဲ့တဲ့ နောက်ဆုံးအဆင့် ရွေးပွဲမှာ ဆန်ခါတင် အလှမယ် ၅ ယောက် အနက် မယ်စကြဝဠာ ပါကစ္စတန် အဖြစ် သွားရောက်ယှဥ်ပြိုင်ဖို့ ရွေးချယ်ခံခဲ့ရသူပါ။
ပွဲစီစဥ်ကျင်းပသူတွေက အခုနှစ် မယ်စကြဝဠာ ပါကစ္စတန် ရွေးပွဲမှာ လျှောက်လွှာတွေ အများအပြား ရခဲ့တယ်လို့ ဆိုပေမယ့် ဒီလို၀င်ရောက်ယှဥ်ပြိုင်တာကို Jamaat-e-Islami ပါတီက လွှတ်တော်အမတ် မက်ရှ်တက်ဂ် အာမက်က ရှက်ဖွယ်ကောင်းတဲ့ လုပ်ရပ်လို့ ခေါ်ဆိုလိုက်ပြီး ယာယီ ၀န်ကြီးချုပ် အန်ဝါ အူလ် ဟက် ကာကာကလည်း စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ထားပါတယ်။
ဒါ့အပြင် အွန်လိုင်းပေါ်မှာလည်း ပါကစ္စတန်က အမျိုးသားတွေက ဒီကိစ္စကို အကြီးအကျယ် ဝေဖန်နေကြပါတယ်။
မစ္စရိုဘင်ကတော့ ပါကစ္စတန် ကိုယ်စားပြုပြီး သွားရောက် ယှဥ်ပြိုင်ရမှာကို ဂုဏ်ယူပေမယ့် ဘာကြောင့် အခုလို ဆိုးရွားတဲ့ တုံ့ပြန်မှုတွေ ရသလဲ ဆိုတာကို နားမလည် နိုင်အောင် ဖြစ်ရတယ်။ အမျိုးသားတွေ ခန်းလုံးပြည့် ရှိတဲ့နေရာမှာ ရေကူး၀တ်စုံ၀တ်ပြီး လမ်းလျှောက်ပြရလို့ ရှုတ်ချကြတာ ဖြစ်မယ်လို့ သူ့အနေနဲ့ထင်ကြောင်း ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် Zoom meeting ကတဆင့် ဒုတိယအဆင့် အလှမယ် ရွေးပွဲတုန်းကဆိုရင် တိုင်းပြည်အတွက် တစ်ခုခု လုပ်ရမယ်ဆိုရင် ဘာလုပ်ပေးချင်လဲလို့ မေးမြန်းခံခဲ့ရပြီး သူကတော့ ပါကစ္စတန်မှာ ခေတ်နောက်ပြန်ဆွဲ အယူအဆတွေကို ပြောင်းလဲပစ်ချင်ပါတယ်လို့ ပြောခဲ့ကြောင်း သူက ပြန်ပြောပြပါတယ်။
ဒီပြောဆိုချက်ကို တကယ်လက်တွေ့ အကောင်အထည်ဖော်ဖို့ ခက်ခဲလှပြီး မယ်စကြဝဠာ ၀င်ပြိုင်ဖို့ အရွေးခံရတဲ့ အဆင့်မှာတောင် အကြီးအကျယ် ရှုတ်ချမှုနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေမှာ ရှိနေတာပါ။
တချိန်တည်းမှာ တခြား မော်ဒယ်တွေ၊ စာရေးဆရာတွေနဲ့ သတင်းထောက်တွေက သူ့ကို ချီးမွမ်း ထောပနာပြုကြသလို သတင်းသမား မာရီရာနာ ဘဘာကလည်း ဉာဏ်ပညာထက်မြက်တဲ့ အလှမယ်လို့ X (အရင်ကတွစ်တာ) ပေါ်မှာ ရေးသားခဲ့ပါတယ်။
ပါကစ္စတန် အလှမယ် ဗက်နစ်ဆာ အာမက်ကလည်း နိုင်ငံတကာအဆင့်ပွဲတွေမှာ Mister Parkistan အဖြစ်၀င်ပြိုင်တာကို လက်ခံတဲ့ အမျိုးသားထုကြီးက အမျိုးသမီးတွေရဲ့ အောင်မြင်မှုကို ဘာလို့ ပြဿနာတရပ်လို မြင်နေကြတာလဲလို့ VOA အူရဒူနဲ့ တွေ့ဆုံခန်းမှာ မေးခွန်းထုတ် ခဲ့ပါတယ်။
ကရာချိ အခြေစိုက် စာရေးဆရာလည်းဖြစ် ဝေဖန်သုံးသပ်သူ တယောက်လည်း ဖြစ်တဲ့ ရာဖေး မက်ဟုဒ် ကတော့ ပါကစ္စတန်ဟာ သဘောထား ကွဲပြားမှု များပြီး အမျိုးသမီးတွေနဲ့ ပတ်သက်ရင် အတိမ်းအစောင်းမခံတာက အဆိုးဆုံးပဲလို့ ဆိုပါတယ်။
တကယ်တော့ ပါကစ္စတန်မှာ သမားရိုးကျ လမ်းစဥ်ကို ဖောက်ထွက်ပြီး အလယ်အလတ်လမ်းစဥ်ကိုတောင် ကျော်လွန်တဲ့ သမိုင်း၀င် ဖြစ်ရပ်တွေ ရှိခဲ့ဖူးပါတယ်။
၁၉၅၀ ကနေ ၁၉၇၀ အထိ ထုတ်ဝေခဲ့တဲ့ အာရုံဦး သတင်းစာ ဆိုရင် ကရာချိမြို့လယ်က အရင် အယ်ဖင်စတုံး လို့ခေါ်တဲ့ လမ်းနားက အမျိုးသမီးတွေ၊ ဗိုက်သားလှုပ် ကချေသည်တွေ ဖျော်ဖြေတဲ့ ကလပ်ရဲ့ ကြော်ငြာတွေ ထည့်ပေးလေ့ရှိပါတယ်။ အဲဒီလိုကလပ်တွေဟာ တက်ကြွ လှုပ်ရှားသူတွေ၊ သံတမန်တွေ၊ နိုင်ငံရေးသမားတွေ၊ လေယာဥ်မယ်တွေ အပြင် လူငယ်လူရွယ်တွေ လာရောက်လေ့ရှိတဲ့ နေရာတွေပါ။
ကရာချိမြို့က မက်ထရိုပိုးလ် ဟိုတယ် ဆိုရင်လည်း အဆို ၊ အတီး ၊ ဂျက်ဇ် ဂီတ ဖျော်ဖြေမှုတွေမှာ လူကြိုက်များလှပါတယ်။
၁၉၇၃ မှာတော့ ပါကစ္စတန် ပါလီမန်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ နိုင်ငံကို မွတ်ဆလင် တိုင်းပြည်၊ အစ္စလာမ်ဘာသာကို အများကိုးကွယ်တဲ့ ဘာသာအဖြစ် သတ်မှတ်ခဲ့ပါတယ်။
နောက် ၄ နှစ် အကြာမှာတော့ ၀န်ကြီးချုပ် ဇာဖစ်ခါ အလီဘူတိုကို ဖယ်ရှားပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဇီယာ အယ်လ် ဟတ်ခ်က အာဏာသိမ်းလိုက်တာကြောင့် ဆယ်စုနှစ်နဲ့ချီ အခုချိန်ထိ အစ္စလာမ်မစ် ဥပဒေလို ပြင်းထန်တဲ့ စည်းမျဥ်းဥပဒေတွေကို အသက်သွင်းပြီး လူမှုအသိုင်းအ၀ိုင်းဟာလည်း ရုတ်ခြည်း ပြောင်းလဲသွားခဲ့ရပါတယ်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ဥပဒေပညာရှင်တွေကတော့ ပါကစ္စတန်ကို ပြင်းထန်တဲ့ ဥပဒေတွေအောက်က တိုင်းပြည်လို့ ခေါ်ကြပါတယ်။
ဒီနေ့ခေတ်အခါမှာတော့ ပါကစ္စတန်မှာ ညကလပ်တွေလည်း ပျောက်ကွယ်ကုန်ပြီး မက်ထရိုပိုလ် ဟိုတယ်လည်း ပြိုကျတော့မယ့် အခြေအနေမှာ ရှိသလို ကာစီနို ကစားတဲ့ ပစ္စည်းတွေလည်း ဟိုတစ ဒီတစနဲ့ ဖြစ်နေပါပြီ။
ဒါပေမယ့် ဘယ်လိုအရာတွေက လူမှုအသိုင်းအ၀ိုင်းက လက်ခံသင့်သလဲ၊ ဘယ်အရာတွေကတော့ဖြင့် ပစ်ပယ်သင့်လဲ ဆိုတဲ့ ကန့်သတ်ချက်ဘောင်တွေကို တွန်းလှန်နေသူ မစ္ စရိုဘင်လို လူတွေက ပါကစ္စတန်ကို လွတ်လပ်ပြီး သဘောထား ပျော့ပြောင်းတဲ့ လူမှုအသိုင်းအ၀ိုင်း ဖြစ်လာဖို့ ပြင်းပြင်းပြပြ ဆန္ဒရှိနေကြပါတယ်။
ကရာချိမြို့က နာမည်ကြီး စိန့်ပတ်ထရစ်ကျောင်းမှာ အထက်တန်းအောင်ပြီး အစိုးရဖွင့်တဲ့ စီးပွားရေး ကောလိပ်ကနေ ဘွဲ့ရခဲ့တဲ့ မစ္စရိုဘင်ကတော့ သူဘာမှ အမှားမလုပ်ခဲ့ကြောင်းနဲ့ နိုင်ငံကိုယ်စားပြုပြီး ကမ္ဘာ့အဆင့်ပွဲတွေ ၀င်ပြိုင်တာဟာ ဥပဒေဘောင် ကျော်လွန်တဲ့ လုပ်ရပ်မဟုတ်သလို သမားရိုးကျ ရှေးရိုးစွဲ အယူအဆတွေကို တိုက်ဖျက်သွားမယ်လို့ ပြောပါတယ်။