ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကန်သမ္မတဟောင်းကလင်တန်တို့ ဇနီးမောင်နှံ အက်ပ်စတိန်းအမှုအတွက် အစစ်ဆေးခံမယ်
ထောင်ထဲမှာသေဆုံးခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်သား ဂျက်ဖရီအက်ပ်စတိန်းနဲ့ ဆက်နွှယ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန်နဲ့ သူ့ရဲ့ ဇနီး နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်တို့ အောက်လွှတ်တော်ကော်မတီ စုံစမ်းစစ်ဆေးမှုမှာ ထွက်ဆိုဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။
ဒီလိုလာရောက် အစစ်ဆေးခံဖို့ လပေါင်းများစွာ လိပ်ခဲတည်းဖြစ်ပြီးတဲ့နောက်မှာ သူတို့နှစ်ဦး စစ်ဆေးမှုခံယူဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မယ့်ရက် မတိုင်ခင် အခုလိုအစစ်ဆေးခံမယ်လို့ပြောလာတာပါ။
ဘီလ်ကလင်တန်က ၂၀၁၉ ခုနှစ်မှာ အကျဉ်းထောင်တွင်းမှာ သေဆုံးခဲ့တဲ့အက်ပ်စတိန်းနဲ့ နီးစပ်သူအဖြစ် လူသိများပါတယ်။
ဒါပေမဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေအကြောင်း သူ မသိရှိထားသလို အက်ပ်စတိန်းနဲ့လည်း လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကတည်း အဆက်သွယ်ဖြတ်ထားတယ်လို့ ကလင်တန်က ငြင်းဆိုထားပါတယ်။
လာရောက်အစစ်ဆေးခံမယ့် ရက်အတိအကျကိုတော့ မသိသေးပါဘူး။ ဒါဟာ ၁၉၈၃ ခုနှစ် အမေရိကန်သမ္မတဟောင်း ဂျရတ်ဖော့ ပြီးရင် နောက်ထပ်အမေရိကန် သမ္မတဟောင်းတစ်ဦးက အောက်လွှတ်တော်ကော်မတီ ရှေ့မှောက် အစစ်ဆေးခံရမှာဖြစ်ပါတယ်။
ကလင်တန် ဇနီးမောင်နှံဟာ လွှတ်တော်ကော်မတီရှေ့မှောက်ကို အရောက်လာဖို့ တောင်းဆိုချက်ကို တင်းခံနေတာကြာပြီဖြစ်ပါတယ်။ နှစ်ယောက်စလုံးကတော့ သူတို့ဟာ အက်ပ်စတိန်းအကြောင်း သိတာနည်းတယ်လို့ဆိုတဲ့ ကျမ်းကျိမ်ထားတဲ့ပြောဆိုချက်တွေကို ပေးပြီးပြီဖြစ်တာကြောင့်လို့ အကြောင်းပြပါတယ်။
လွှတ်တော်ကော်မတီက သူတို့ကို ဥပဒေကြောင်းအရ ဆင့်ခေါ်တာတွေကိုလည်း ''သမ္မတ ထရမ့်က ညွှန်ကြားလို့ သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေကို အရှက်ရအောင်ကြိုးပမ်းတဲ့ ပရိယာယ်ဆင်မှု ထက်မပိုဘူး'' လို့ဆိုပြီး ပယ်ချထားပါတယ်။
သမ္မတ ထရမ့်ရဲ့ ရီပတ်ဘလီကန်ပါတီအမတ်တွေ ဦးဆောင်တဲ့ အမေရိကန်အောက်လွှတ်တော် စုံစမ်းထောက်လှမ်းရေးကော်မတီဟာ နောက်ပိုင်းမှာတော့ ကလင်တန် ဇနီးမောင်နှံကို ဆင့်ခေါ်မှုကို မထီမဲ့မြင်ပြုလုပ်တယ်လို့ ဆုံးဖြတ်ခဲ့ပြီး ဒါကို ဒီမိုကရက်အမတ်အတော်များများကလည်း ထောက်ခံသွားပါတယ်။
ဒါပေမဲ့ စနေနေ့တုန်းကတော့ ကလင်တန်ရဲ့ရှေ့နေတွေဟာ ဘေလ် ကလင်တန်က ၄ နာရီကြာ အင်အာဗျူးကို လက်ခံပြီး လွှတ်တော်ကော်မတီရဲ့အစစ်ခံမယ်လို့ ကမ်းလှမ်းပါတယ်။ ဒါပေမဲ့ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ ဂျိမ်းစ် ကိုမာကတော့ သမ္မတဟောင်းဟာ မေးခွန်းတွေကို ပျက်ပြားအောင်လုပ်ပြီး အချိန်ကုန်သွားအောင်လုပ်လိမ့်မယ်ဆိုတဲ့ စိုးရိမ်ချက်ရှိကြောင်း ပြောပါတယ်။
တနင်္လာနေ့ ညနေက ဘီလ်ကလင်တန်ရဲ့ကိုယ်ရေးအရာရှိက ကလင်တန်တို့ ဇနီးမောင်နှံ နှစ်ဦးဟာ လွှတ်တော် ကော်မတီရှေ့ လာရောက်အစစ်ဆေးခံမယ်လို့ ထုတ်ပြောပါတယ်။
''သမ္မတဟောင်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်းက အဲဒီမှာ ရှိနေလိမ့်မယ်။ လူတိုင်းနဲ့ သက်ဆိုင်တဲ့ကိစ္စတခုမှာ သူတို့မပတ်သက်ကြောင်း ရှင်းပြဖို့ စံနမူနာတစ်ခုအဖြစ် သူတို့ မျှော်လင့်နေကြတယ်"လို့ ကိုယ်ရေးအရာရှိက ပြောပါတယ်။
အက်ပ်စတိန်းရဲ့ကျူးလွန်မှုတွေကနေ လွတ်မြောက်ခဲ့သူတွေကတော့ ဘီလ်ကလင်တန်ကို တိုက်ရိုက် စွပ်စွဲပြောဆိုမှုတွေ ပြုလုပ်ထားတာတော့ အခုချိန်အထိ မရှိသေးပါဘူး။
အက်ပ်စတိန်းရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်မှတ်တမ်းများအရ ကလင်တန်ဟာ ၂၀၀၂နဲ့ ၂၀၀၃ ခုနှစ်တွေမှာ နိုင်ငံတကာ လေယာဉ်လေးစင်း စီးနင်းခဲ့ကြောင်း အထောက်အထားတွေရှိပါတယ်။
သမ္မတဟောင်းရဲ့ဓာတ်ပုံတွေဟာ ၂၀၁၉ ခုနှစ်က လိင်ပိုင်းဆိုင်ရာလူကုန်ကူးမှုပုဒ်မနဲ့ အမှုဖွင့်ခံရတဲ့ အက်ပ်စတိန်းရဲ့နေအိမ်မှာ ပေါ်လာခဲ့ပြီး အဲဒီဓာတ်ပုံတွေက ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သူနဲ့သက်ဆိုင်တယ်ဆိုတဲ့အချက်အလက်တွေက တရားရေးဌာနက ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။
ဓာတ်ပုံတစ်ပုံမှာ သမ္မတဟောင်းကလင်တန်က ရေကူးကန်တစ်ခုမှာ ရေကူးနေပြီး နောက်တစ်ပုံတစ်ပုံကတော့ ရေနွေးကန်လို့ ထင်ရတဲ့ နေရာမှာ လက်ကို ခေါင်းနောက်တွင်ထားပြီး ပက်လက်လှန်လှဲနေတဲ့ ပုံဖြစ်ပါတယ်။
ကလင်တန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယူရီညာကပြီးခဲ့တဲ့ ဒီဇင်ဘာလက တရားရေးဌာနက ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေက ဆယ်စုနှစ်များစွာကြာပြီဖြစ်ပြီး ကလင်တန်ဟာ အက်ပ်စတိန်းရဲ့ ရာဇဝတ်မှုတွေ မပေါ်ပေါက်ခင်ကတည်းက ဆက်ဆံရေး ရပ်တန့်သွားပြီဖြစ်ကြောင်း ပြောထားပါတယ်။
ကလင်တန်မိသားစုဟာ ပြီးခဲ့တဲ့လက အောက်လွှတ်တော်ကော်မတီဥက္ကဋ္ဌ ဂျိမ်းစ်ကိုမာဆီကို အက်ပ်စတိန်းရဲ့ စုံစမ်းစစ်ဆေးမှုကို ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ဝေဖန်တဲ့စာတစ်စောင် ရေးသားခဲ့ပါတယ်။
"ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့ အက်ပ်စတိန်းအမှုအတွက် စုံစမ်းစစ်ဆေးမှုတွေနဲ့ပတ်သက်ပြီး ဥက္ကဋ္ဌတစ်ဦးအနေနဲ့ ချမှတ်ခဲ့တဲ့ဦးစားပေးကိစ္စတွေက အစိုးရရဲ့အခန်းကဏ္ဍနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ရှာဖွေတွေ့ရှိရာမှာ တိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့တယ်"လို့ စာမှာဖော်ပြထားပါတယ်။
သူတို့က ထပ်လောင်းပြောကြားရာမှာ "ခင်ဗျားတို့ လုပ်နေတဲ့အရာအတွက် ပါတီနိုင်ငံရေးကလွဲလို့ တခြားယုတ္တိရှိတဲ့ရှင်းပြချက် မရှိပါဘူး"
ကလင်တန်မိသားစုထံ ဆင့်ခေါ်စာကို နှစ်ပါတီလုံးက ထောက်ခံမဲပေးမှုနဲ့ အတည်ပြုခဲ့ကြောင်း ကိုမာက မှတ်ချက်ပြုခဲ့ပြီး "ဥပဒေအထက်မှာ မည်သူမျှမရှိစေရ'' လို့ပြောထားပါတယ်။
"ကျွန်တော်တို့ဟာ သမ္မတကလင်တန်ရဲ့ ဥပဒေအဖွဲ့နဲ့ လပေါင်းများစွာ ဆက်သွယ်ခဲ့ပြီး သူတို့ကို လာဖို့၊ တစ်ရက်ပေးဖို့ အခွင့်အရေးတွေ ပေးခဲ့ပေမယ့် သူတို့က နှောင့်နှေးနေကြတယ်" လို့ ကင်တပ်ကီ ရီပတ်ဘလီကန် အမတ်က ပြောပါတယ်။
အက်ပ်စတိန်း မှတ်တမ်းဖိုင် ဆိုတာဘာလဲ
၂၀၀၈ ခုနှစ်တုန်းက ဂျက်ဖရီ အက်ပ်စတိန်းဟာ ဖလော်ရီဒါပြည်နယ်က ပမ်းဘိချ် ပင်လယ်ကမ်းစပ်မှာရှိတဲ့ အိမ်မှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ကို မဖွယ်မရာ ပွတ်သပ်ခဲ့တယ်လို့ အဲဒီမိန်းကလေးရဲ့မိဘတွေက တိုင်ကြားတာ ခံရပါတယ်။ အက်ပ်စတိန်းဟာ အစိုးရရှေ့နေတွေထံ အပြစ်ရှိကြောင်း ဝန်ခံခဲ့လို့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရခဲ့ပါတယ်။
သူ့ တစ်အိမ်လုံးမှာ မိန်းကလေးငယ်တွေရဲ့ ဓာတ်ပုံတွေ တွေ့ရှိရပြီး အရွယ်မရောက်သေးသူတွေကို ပြည့်တန်ဆာအဖြစ် သွတ်သွင်းမှုနဲ့ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခံရပါတယ်။အဲဒီအတွက်လည်း လိင်မှုကျူးလွန်သူအဖြစ် စာရင်းသွင်းခံရပေမဲ့ အပေါ်မှာပြောခဲ့တဲ့အတိုင်း အစိုးရရှေ့နေတွေနဲ့ရခဲ့တဲ့သဘောတူညီချက်ကြောင့် ကြီးလေးတဲ့ထောင်ဒဏ်တော့ ချမှတ်ခံခဲ့ရတာမျိုး မရှိခဲ့ပါဘူး။
အဲဒီနောက် ၁၁ နှစ်အကြာမှာတော့ အသက်မပြည့်သေးတဲ့မိန်းကလေးတွေပါဝင်နေတဲ့ လိင် ကွန်ရက်တစ်ခုကို စီမံသူတစ်ယောက်အနေနဲ့ သူ တရားစွဲခံရပါတယ်။
ဒီအမှုအတွက် သူ ထောင်ထဲကနေ အမှုရင်ဆိုင်နေရတုန်းမှာပဲ အကျဥ်းထောင်ထဲ သူ သေဆုံးခဲ့ပါတယ်။ သူ့သေဆုံးမှုကို ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုဆိုပြီး သတ်မှတ်ခံရပါတယ်။
အခုဖြစ်ရပ် နှစ်ခုအပေါ် စုံစမ်းစစ်ဆေးမှုကြောင့်ပဲ သက်သေအထောက်အထားနဲ့ စာရွက်စာတမ်းတွေ တပြုံကြီးလည်း ထွက်ပေါ်လာပါတယ်။ အဲဒီထဲမှာ ကျူးလွန်ခံခဲ့ရသူတွေရဲ့ထွက်ဆိုချက်တွေ၊ မျက်မြင်သက်သေတွေနဲ့ တွေ့ဆုံမေးမြန်းမှုမှတ်တမ်းတွေနဲ့ အမှုနဲ့သက်ဆိုင်တဲ့စာရွက်စာတမ်းတွေ အပါအဝင် အက်ပ်ပစတိန်းရဲ့ပိုင်ဆိုင်မှု အမျိုးမျိုးကို စီးနင်းရှာဖွေရာမှာ သိမ်းဆည်းရမိတဲ့ပစ္စည်းတွေအဖြစ် မှတ်တမ်းတင်ထားတာတွေ ပါဝင်ပါတယ်။
၂၀၂၁ ခုနှစ်တုန်းက မိန်းကလေးတွေကို လိင်ကုန်ကူးခဲ့မှု ကွင်းဆက်အရ ပူးပေါင်းကြံစည်မှုနဲ့ သူ့ရဲ့ ရည်းစားဟောင်း ဗြိတိန်သူ ဂိတ်စ်လိန်း မက်ဇ်ဝဲလ်ကိုလည်း သီးခြားစုံစမ်းစစ်ဆေးမှုတစ်ခုရှိခဲ့ပါတယ်။
ဂျက်ဖရီအက်ပ်စတိန်းရော သူ့ရဲ့ ရည်းစားဟောင်း ဗြိတိန်သူ ဂိတ်စ်လိန်း မက်ဇ်ဝဲလ်တို့ နှစ်ဦးလုံးဟာ အမျိုးသမီးငယ်တွေကို တစ်ဦးချင်းရော အုပ်စုလိုက်ပါ လူကုန်ကူးမှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ တရားရင်ဆိုင်ခဲ့ရပါတယ်။