ဂျက်ဖရီ အက်ပ်စတိန်းရဲ့လိင်အရှုပ်တော်ပုံမှတ်တမ်းဖိုင်တွေအကြောင်းသိရသမျှ

    • ရေးသားသူ, တွမ် ဂျီယိုဟေဂန်နဲ့ ဂျိမ်းစ် ဖစ်ဇ်ဂါး
    • ရာထူးတာဝန်, ဘီဘီစီ သတင်း

"Epstein files" လို့ ခေါ်တဲ့ စကားလုံးဟာ ထရမ့်ရဲ့အုပ်ချုပ်ရေးအဖွဲ့ကို လပေါင်းများစွာ စိတ်ဖိစီးမှုပေးနေသလို ဖိအားနဲ့ အကျပ်အတည်းတွေကို ထပ်ချပ်မကွာ လိုက်စေတဲ့အထိ ပူပန်နေစေပါတယ်။

ဒါက ထောင်တွင်းမှာ သေဆုံးခဲ့ပြီဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုကျူးလွန်သူ၊ စီးပွားရေးသမား ဂျက်ဖရီအက်ပ်စတိန်းရဲ့ပြင်းထန်လှုပ်ခတ်လာတဲ့ အမှုနောက်ဆက်တွဲ ဖြစ်စဥ်တွေကြောင့်လည်းဖြစ်ပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ကို ထောက်ခံအားပေးသူတွေနဲ့ သူ့ရဲ့ရီပတ်ဘလီကန်ပါတီအတွင်းမှာကိုပဲ အက်ပ်စတိန်းအမှုနဲ့ပတ်သက်ပြီး စုံစမ်းမှုအတွင်း တွေ့ရှိခဲ့တာတွေကို ပွင့်လင်းမြင်သာချပြဖို့ ဖိအားပေးခံရမှုတွေက ပိုပြီးမြင့်တက်လာပါတယ်။

၂၀၂၅ နိုဝင်ဘာ ၁၂ ရက်မှာ အမေရိကန်အောက်လွှတ်တော် စုံစမ်းထောက်လှမ်းရေးကော်မတီက အက်ပ်စတိန်းအိမ်က ပိုင်ဆိုင်တဲ့စာရွက်စာတမ်းထောင်နဲ့ချီကို ဖွင့်ချထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ စာရွက်စာတမ်းတွေထဲမှာ ထရမ့်နာမည်ပါတဲ့ အီးမေးလ်တွေလည်း ပါဝင်နေပါတယ်။​

ဖွင့်ချပြီး နာရီပိုင်းအကြာမှာပဲ တရားရေးဌာနပိုင် အက်ပ်စတိန်း ဖိုင်တွေ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ထွက်ရှိလာရေးအတွက် လာမယ့်သီတင်းပတ်မှာ မဲခွဲဆုံးဖြတ်မယ်လို့ အောက်လွှတ်တော်က ကြေညာခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး လွှတ်တော် အစည်းအဝေးမှာ လူသိရှင်ကြား ဆွေးနွေးကြဖို့ လက်မှတ်ပေါင်း ၂၁၈ ခုနဲ့ စုပေါင်း တောင်းဆိုလိုက်ကြတာကြောင့် အခုလို လွှတ်တော်ရဲ့ကြေညာချက် ထွက်လာရတာဖြစ်ပါတယ်။

အက်ပ်စတိန်း မှတ်တမ်းဖိုင် ဆိုတာဘာလဲ

၂၀၀၈ ခုနှစ်တုန်းက ဂျက်ဖရီ အက်ပ်စတိန်းဟာ ဖလော်ရီဒါပြည်နယ်က ပမ်းဘိချ် ပင်လယ်ကမ်းစပ်မှာရှိတဲ့ အိမ်မှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ကို မဖွယ်မရာ ပွတ်သပ်ခဲ့တယ်လို့ အဲဒီမိန်းကလေးရဲ့မိဘတွေက တိုင်ကြားတာ ခံရပါတယ်။ အက်ပ်စတိန်းဟာ အစိုးရရှေ့နေတွေထံ အပြစ်ရှိကြောင်း ဝန်ခံခဲ့လို့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရခဲ့ပါတယ်။

သူ့ တစ်အိမ်လုံးမှာ မိန်းကလေးငယ်တွေရဲ့ ဓာတ်ပုံတွေ တွေ့ရှိရပြီး အရွယ်မရောက်သေးသူတွေကို ပြည့်တန်ဆာအဖြစ် သွတ်သွင်းမှုနဲ့ ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခံရပါတယ်။​အဲဒီအတွက်လည်း လိင်မှုကျူးလွန်သူအဖြစ် စာရင်းသွင်းခံရပေမဲ့ အပေါ်မှာပြောခဲ့တဲ့အတိုင်း အစိုးရရှေ့နေတွေနဲ့ရခဲ့တဲ့သဘောတူညီချက်ကြောင့် ကြီးလေးတဲ့ထောင်ဒဏ်တော့ ချမှတ်ခံခဲ့ရတာမျိုး မရှိခဲ့ပါဘူး။

အဲဒီနောက် ၁၁ နှစ်အကြာမှာတော့ အသက်မပြည့်သေးတဲ့မိန်းကလေးတွေပါဝင်နေတဲ့ လိင် ကွန်ရက်တစ်ခုကို စီမံသူတစ်ယောက်အနေနဲ့ သူ တရားစွဲခံရပါတယ်။​

ဒီအမှုအတွက် သူ ထောင်ထဲကနေ အမှုရင်ဆိုင်နေရတုန်းမှာပဲ အကျဥ်းထောင်ထဲ သူ သေဆုံးခဲ့ပါတယ်။​ သူ့သေဆုံးမှုကို ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုဆိုပြီး သတ်မှတ်ခံရပါတယ်။

အခုဖြစ်ရပ် နှစ်ခုအပေါ် စုံစမ်းစစ်ဆေးမှုကြောင့်ပဲ သက်သေအထောက်အထားနဲ့ စာရွက်စာတမ်းတွေ တပြုံကြီးလည်း ထွက်ပေါ်လာပါတယ်။ အဲဒီထဲမှာ ကျူးလွန်ခံခဲ့ရသူတွေရဲ့ထွက်ဆိုချက်တွေ၊ မျက်မြင်သက်သေတွေနဲ့ တွေ့ဆုံမေးမြန်းမှုမှတ်တမ်းတွေနဲ့ အမှုနဲ့သက်ဆိုင်တဲ့စာရွက်စာတမ်းတွေ အပါအဝင် အက်ပ်ပစတိန်းရဲ့ပိုင်ဆိုင်မှု အမျိုးမျိုးကို စီးနင်းရှာဖွေရာမှာ သိမ်းဆည်းရမိတဲ့ပစ္စည်းတွေအဖြစ် မှတ်တမ်းတင်ထားတာတွေ ပါဝင်ပါတယ်။

၂၀၂၁ ခုနှစ်တုန်းက မိန်းကလေးတွေကို လိင်ကုန်ကူးခဲ့မှု ကွင်းဆက်အရ ပူးပေါင်းကြံစည်မှုနဲ့ သူ့ရဲ့ ရည်းစားဟောင်း ဗြိတိန်သူ ဂိတ်စ်လိန်း မက်ဇ်ဝဲလ်ကိုလည်း သီးခြားစုံစမ်းစစ်ဆေးမှုတစ်ခုရှိခဲ့ပါတယ်။

ဂျက်ဖရီအက်ပ်စတိန်းရော သူ့ရဲ့ ရည်းစားဟောင်း ဗြိတိန်သူ ဂိတ်စ်လိန်း မက်ဇ်ဝဲလ်တို့ နှစ်ဦးလုံးဟာ အမျိုးသမီးငယ်တွေကို တစ်ဦးချင်းရော အုပ်စုလိုက်ပါ လူကုန်ကူးမှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ တရားရင်ဆိုင်ခဲ့ရပါတယ်။

အက်ပ်စတိန်းနဲ့ပတ်သက်ပြီး ဘာတွေ လူသိရှင်ကြားထွက်ပေါ်ခဲ့ပြီလဲ

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီအမှုတွေနဲ့ ပတ်သက်တဲ့စာရွက်စာတမ်းတွေဟာ အများပြည်သူ သိရှိ ကြည့်ရှုနိုင်အောင် ထုတ်ပြန်ခဲ့တာတွေ ရှိခဲ့ပြီးဖြစ်ပါတယ်။

နှစ်ကာလအဆင့်ဆင့်မှာ တချို့သော သက်သေ အထောက်အထားမှတ်တမ်းများကို အများသူငှာကြည့်ရှုနိုင်တဲ့ စနစ်ထဲကို ထည့်သွင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

အောက်လွှတ်တော် စုံစမ်းစစ်ဆေးရေးကော်မတီက ဖိုင်မှတ်တမ်းတွေကို အစုလိုက် ထုတ်ပြန်ခဲ့တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ လွှတ်တော်ကော်မတီက အက်ပ်စတိန်း ပိုင်ဆိုင်မှုတွေကို တရားဝင်စစ်ဆေးနိုင်အောင် သူတို့ကို လွှဲပေးဖို့ အခုနှစ်အစောပိုင်းက ဥပဒေကြောင်းအရ ဆင့်ခေါ်တောင်းဆိုခဲ့ပါတယ်။

စက်တင်ဘာလက ထွက်ရှိခဲ့တဲ့ မှတ်တမ်းတချို့ထဲမှာဆိုရင် ထရမ့်က အက်ပ်စတိန်းရဲ့ အသက် ၅၀ ပြည့်မွေးနေ့မှာ အက်ပ်စတိန်းဆီပေးပို့ခဲ့တယ်ဆိုတဲ့ မွေးနေ့ဆုတောင်းဆိုတာကို ဝေါစထရိဂျာနယ်က ဖော်ပြခဲ့ပါတယ်။

အမျိုးသမီးတစ်ယောက်ရဲ့ ကောက်ကြောင်းပုံမျိုး ရေးဆွဲထားတဲ့ပုံထဲမှာ စာသားကို ရိုက်နှိပ်ထားပြီး အဆုံးမှာတော့ "လျှို့ဝှက်တတ်သူတွေက ဘယ်တော့မှ အိုမင်းမသွားဘူး" ဆိုတဲ့စာသားနဲ့ "မိတ်ဆွေဆိုတာ အံ့သြစရာကောင်းတဲ့အရာတစ်ခု။ ပျော်ရွှင်တဲ့မွေးနေ့ပါ။ ပြီးတော့ နောက်ထပ်အံ့သြစရာလျှို့ဝှက်ချက်တွေ နေ့တိုင်း ရှိနိုင်ပါစေ" ဆိုတာမျိုးတွေပါဝင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ထရမ့်က အဲဒီဆောင်းပါးကို "အတု"လို့ဆို၊ ပယ်ချခဲ့ပြီး အဲဒီလိုရေးသားဖော်ပြမှုကို အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ ထရမ့် သမ္မတရာထူးတက်လာပြီးနောက် ရက်သတ္တပတ်တွေအတွင်းမှာပဲ "လျှို့ဝှက်အဆင့်လျှော့ချခဲ့တဲ့ အက်ပ်စတိန်းဖိုင်တွေ ပထမတစ်သုတ်'' ဆိုပြီး တရားရေးဌာနနဲ့ FBI တို့က ဖိုင်တချို့ကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလိုထုတ်တဲ့အခါ လက်ယာစွန်းတွေထဲက နာမည်ကြီး ဘလော့ဂါနဲ့ တက်ကြွလှုပ်ရှားသူတချို့ကို အိမ်ဖြူတော်အထိ ဖိတ်ခဲ့ပါတယ်။ ဒါပေမဲ့ ထုတ်လိုက်တဲ့စာမျက်နှာ ၃၄၁ မျက်နှာဟာ အပြင်မှာ ပျံ့နေခဲ့ပြီးသား စာရွက်တွေဖြစ်လို့ အိမ်ဖြူတော်အထိ အဖိတ်ခံရသူတွေလည်း စိတ်ပျက်ခဲ့ကြပါတယ်။​

အဲဒီထဲမှာ အက်ပ်စတိုင်းရဲ့ လေယာဥ်ပျံသန်းမှု ခရီးစဥ် မှတ်တမ်းတွေ ပါဝင်သလို သူနဲ့ ခင်မင်ရင်းတဲ့ ထင်ရှားကျော်ကြားသူတွေရဲ့ ကွန်တက်တွေပါဝင်တဲ့ သူ့ရဲ့အဆက်အသွယ်မှတ်တမ်းစာအုပ်လည်း ပါပါတယ်။ ဒါပေမဲ့ အဲဒီမှတ်တမ်းထဲမှာ တချို့သူတွေရဲ့ အမည်တွေကိုတော့ ဖုံးပိတ်ထားပါတယ်။

ဇူလိုင်လတုန်းကတော့ တရားရေးဌာနနဲ့ FBI က နောက်ထပ် ဖိုင်တွေ ထပ်ထုတ်ပြန်ဖို့ မရှိဘူးဆိုပြီး ရုံးတွင်းမှတ်တမ်းထဲမှာ ရေးသားခဲ့ပါတယ်။

Epstein files မှာ ဘယ်သူတွေ ရဲ့ အမည်တွေပါဝင်လဲ

ဂျက်ဖရီ အက်ပ်စတိန်းပိုင်ဆိုင်မှုတွေထဲက ထုတ်ယူခဲ့တဲ့ အီးမေးလ်တွေအတော်များများမှာ သမ္မတ ထရမ့်ရဲ့ အမည်က အကြိမ်တော်တော်များများပါနေပါတယ်။ ထရမ့်ကတော့ သူ အမှားအယွင်း တစုံတရာမလုပ်ထားဘူးလို့ ငြင်းဆိုပါတယ်။

စက်တင်ဘာတုန်းက ထုတ်လိုက်တဲ့ လေယာဥ်ပျံသန်းမှု ခရီးစဥ်ဇယားမှာ ဘီလျံနာ သူဌေး အီလွန်မာ့စ်၊ ဗြိတိသျှတော်ဝင်မင်းသားဟောင်း အန်ဒရူး (Prince Andrew) လို့ သိကြတဲ့ အင်ဒရူး မောင့်ဘက်တန် ဝင်ဆာရဲ့ နာမည်တွေလည်း ပါဝင်နေပါတယ်။

အင်ဒရူး မောင့်ဘက်တန်ဝင်ဆာကတော့ သူ အမှားအယွင်းတစုံတရာမလုပ်ခဲ့ဖူးတဲ့အကြောင်း အစောပိုင်းကတည်းက ငြင်းဆိုခဲ့ပါတယ်။ မာ့စ်ကို လည်း အက်ပ်စတိန်းက သူ့အိမ်ကို ဖိတ်ကြားဖူးတာ ခံခဲ့ရပေမဲ့ မာ့စ်က ဖိတ်ကြားချက်ကို သူလက်မခံခဲ့တဲ့အကြောင်း သတင်းတွေမှာ ပြောဖူးပါတယ်။​

The Wall Street Journal ရဲ့ သတင်းဖော်ပြချက်အရ ဂျက်ဖရီ အက်ပ်စတိန်းနဲ့ ပတ်သက်ပြီး ဖွင့်မချရသေးတဲ့ ဖိုင်ထဲမှာ ထရမ့်ရဲ့ နာမည်လည်း ပါဝင်တယ်လို့ပြောခဲ့သလို ရှေ့နေချုပ် ပန်ဘွန်ဒီကလည်း အဲဒီသဘောမျိုး မေလကပြောခဲ့ပါတယ်။ ဖိုင်တွေမှာ နာမည်ပါတယ်ဆိုတာနဲ့ အမှားအယွင်းလုပ်ထားတယ်လို့ ဆိုလိုရာမရောက်တဲ့အကြောင်းကိုလည်း သတင်းစာက ရေးပါတယ်။​

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူကတော့ အဲဒီသတင်းဟာ "အတု" လို့ ပြောပါတယ်။ ဒါပေမဲ့ ရိုက်တာ သတင်းဌာနကတော့ ထရမ့်နာမည် ပါနေတဲ့ကိစ္စကို အိမ်ဖြူတော်ဘက်က အငြင်းပွားတာမျိုးမရှိဘူးလို့ အမည်မဖော်လိုတဲ့အရာရှိတစ်ဦးက ပြောတဲ့အကြောင်း သတင်းရေးပါတယ်။

လူသိရှင်ကြား မဖြန့်ရသေးတဲ့ စာရွက်စာတမ်းတွေမှာ ပါတဲ့အကြောင်းအရာတွေဟာ ဘာတွေလဲဆိုတာ မသိနိုင်သေးပေမဲ့ အများပြည်သူကြည့်နိုင်အောင် ထုတ်ထားတဲ့ စာရွက်စာတမ်းတွေကိုကြည့်ရင် အက်ပ်စတိန်းနဲ့ အချိတ်အဆက်ရှိခဲ့ကြသူတွေထဲ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်အများအပြားရှိနေပါတယ်။

ဒါပေမဲ့ ဒီလိုနာမည်ပါရုံနဲ့ သူတို့အားလုံးက ဒီဖြစ်စဥ်တွေထဲ ပါဝင်ပတ်သက်နေသူတွေလို့ ပြောလို့မရပါဘူး။

၂၀၂၄ ခုနှစ်က တရားရုံးကထုတ်ပြန်ခဲ့တဲ့ နာမည်စာရင်းမှာဆိုရင် မောင့်ဘက်တန်ဝင်ဆာ၊ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ မိုက်ကယ်ဂျက်ဆင်တို့ အထိပါပြီး စာမျက်နှာ ၉၀၀ ခန့်ရှိပါတယ်။

အဲဒီထဲမှာ ဆက်နွှယ်သူတွေ၊ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ ကျူးလွန်ခံခဲ့ရသူတွေလည်းပါဝင်ပါတယ်။

အမေရိကန်သမ္မတဟောင်းနဲ့ ဗြိတိန်တော်ဝင် မင်းသားတို့ နှစ်ဦးစလုံးက အက်ပ်စတိန်းရဲ့ အမှုတွေနဲ့ ပတ်သက်ပြီး သူတို့ မသိရှိတဲ့အကြောင်း ပြောထားကြပါတယ်။ မိုက်ကယ်ဂျက်ဆင်ကတော့ ၂၀၀၉ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

အသစ်ထုတ်လိုက်တဲ့စာရွက်စာတမ်းတွေထဲမှာ အက်ပ်စတိန်းရဲ့ ရည်စားဟောင်း ဂစ်စလိန်း မက်ဇ်ဝဲလ်ရဲ့ အမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေလည်းပါဝင်ပါတယ်။ အဲဒီအမျိုးသမီးဟာ လောလောဆယ်မှာ ကလေးသူငယ်လိင်ကုန်ကူးမှုနဲ့ ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရပါတယ်။

အခု အောက်လွှတ်တော် မဲပေးရင် ဘာဆက်ဖြစ်မလဲ

ဖိုင်တွေအားလုံးကို လူသိရှင်ကြားဖွင့်ချလိုက်ဖို့အတွက် အမေရိကန်အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်မှုဟာ လာမယ့် သီတင်းပတ်အစောပိုင်းမှာ ဖြစ်လာနိုင်တယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က ပြောထားပါတယ်။

ဒီလို ဖွင့်ချဖို့ လွှတ်တော်အစည်းအဝေးမှာ အဆိုရောက်ဖို့ အောက်လွှတ်တော် ရီပတ်ဘလီကန်အမတ် လေးဦးနဲ့ ဒီမိုကရက်ပါတီ ၂၁၄ ဦးက လက်မှတ်ရေးထိုးခဲ့ကြတာပါ။

အက်ပ်စတိန်းအမှု စာရွက်စာတမ်းတွေဖွင့်ချရေး ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုရင် အထက်လွှတ်တော်ကို ဆက်သွားမှာဖြစ်ပါတယ်။

ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ်တွေကတော့ ဒါနဲ့ပတ်သက်ပြီး သူတို့ရပ်တည်ချက်ကို သိပ်အများကြီး မပြောသေးပါဘူး။ အထက်လွှတ်တော်မှာ မဲခွဲမှုအနိုင်ရဖို့ မဲ ၆၀ လိုအပ်ပါတယ်။ အဲဒီအရေအတွက်ရဖို့ သိပ်မလွယ်ပါဘူး။

ပြီးရင်တော့ အဲဒီမူကြမ်းဟာ အိမ်ဖြူတော် ဘဲဥပုံရုံးခန်းထဲက သမ္မတ စားပွဲခုံပေါ် ရောက်မှာဖြစ်ပါတယ်။​သမ္မတ လက်မှတ်ထိုးအတည်ပြုမှ ဥပဒေအဖြစ် အသက်ဝင်မှာဖြစ်ပေမဲ့ အဲဒီနေရာမှာ သမ္မတက ဗီတိုအာဏာသုံး ပယ်ချနိုင်ခွင့်ရှိနေပါတယ်။

ထရမ့်နဲ့ အက်ပ်စတိန်းရဲ့ ဆက်ဆံရေး သိရသမျှ

ထရမ့်နဲ့ အက်ပ်စတိန်းတို့ဟာ အသိုင်းအဝိုင်း လူမှုဆက်ဆံရေးအရ နှစ်အတော်အတန်ကြာတဲ့အထိ မိတ်ဆွေဖြစ်ခဲ့ကြပုံပေါ်ပါတယ်။

အရင်က ထွက်ရှိခဲ့တဲ့ ဖိုင်တွေအရ ထရမ့်အကြောင်း အချက်အလက်တွေကို အက်ပ်စတိန်းရဲ့ မိတ်ရင်းဆွေရင်းကြီးတွေရဲ့မှတ်တမ်းစာအုပ်ထဲမှာ တွေ့ရပါတယ်။ လေယာဥ်ပျံသန်းမှု မှတ်တမ်းတွေမှာလည်း အက်ပ်စတိန်းရဲ့လေယာဥ်နဲ့လိုက်ပါသူထဲ ထရမ့်နာမည် အကြိမ်ကြိမ်ပါနေပါတယ်။​

၁၉၉၀ ခုနှစ်ဝန်းကျင်မှာ ထရမ့်နဲ့ သူဟာ အထက်တန်းစား ပွဲလမ်းသဘင်တွေကို အတူတူတက်ရောက်ကြပြီး ကင်မရာတွေရှေ့အတူ ရှိခဲ့ကြပါတယ်။ မကြာသေးခင်က CNN ကဖော်ပြခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေထဲမှာ ထရမ့်ရဲ့မင်္ဂလာဆောင်ကို အက်ပ်စတိန်းတို့ တက်ရောက်ခဲ့တာတွေ့ရပါတယ်။ အဲဒီအချိန်က ထရမ့်က တီဗီအစီအစဥ်တင်ဆက်သူ မာလာမေပယ်လ်နဲ့ မင်္ဂလာဆောင်ခဲ့တဲ့ အချိန်ဖြစ်ပါတယ်။

ထရမ့်က အက်ပ်စတိန်းကို "အရမ်းကောင်းတဲ့သူ " လို့ ၂၀၀၂ ခုနှစ်တုန်းက ပြောခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်းမှာ အက်ပ်စတိန်းက သူဟာ ''ဒေါ်နယ်ထရမ့်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ခဲ့တာ ၁၀ နှစ်ရှိပါပြီ"လို့ ပြောခဲ့ပါတယ်။

ထရမ့်ဘက်က အပြောအရတော့ အက်ပ်စတိန်း ပထမအကြိမ် ဖမ်းဆီးခံရမှု မတိုင်ခင် ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကတည်းက သူတို့ အကွဲအပြဲ စခဲ့ပြီလို့ ဆိုပါတယ်။ ၂၀၀၈ ခုနှစ်လောက်မှာတော့ ''သူလုပ်တာတွေ ကျွန်တော် မကြိုက်ဘူး'' လို့ ထရမ့်ဘက်က ပြောခဲ့ပါတယ်။

အိမ်ဖြူတော်ကတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အက်ပ်စတိန်းရဲ့ အပြုအမူတွေကြောင့် ပြတ်တောက်ခဲ့တာလို့ သိပ်မကြာသေးခင်က တုံ့ပြန်ထားပါတယ်။ အက်ပ်စတိန်းရဲ့ "အကျင့်ပျက်လုပ်ရပ်တွေကြောင့်" ထရမ့်က ဖယ်ရှောင်ခဲ့တာလို့ အိမ်ဖြူတော်က ပြောပါတယ်။

ဝါရှင်တန်ပို့စ်ကတော့ သူတို့ ၂ ဦးရဲ့ ဆက်ဆံရေး ပြိုကွဲရတာဟာ ဖလော်ရီဒါရှိ အိမ်ခြံမြေလုပ်ငန်းအချို့ အပေါ် ပြိုင်ဆိုင်မှုကြောင့်ဖြစ်တယ်လို့ ရေးထားပါတယ်။

ဘာကြောင့် Epstein ကို စိတ်ဝင်စားကြတာလဲ

ထရမ့်ရဲ့ MAGA လှုပ်ရှားမှုရဲ့ အမာခံထောက်ခံသူတွေက အက်ပ်စတိုင်းရဲ့ ဘဝနဲ့ သေဆုံးခြင်းဆိုင်ရာအဓိက အမှန်တရားတွေကို တာဝန်ရှိသူတွေက ဖုံးကွယ်ထားတယ်လို့ယုံကြည်ကြပါတယ်။

MAGA လှုပ်ရှားမှုဆိုတာက (Make America Great Again- အမေရိကားကို ပြန်ကြီးမြတ်အောင်လုပ်ကြစို့ဆိုတဲ့) ဆိုတဲ့ ထရမ့်ရဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။

ကလေးသူငယ်တွေကို အဓမ္မပြုကျင့်ခဲ့သူတစ်ဦးက အမေရိကန်နိင်ငံရေးနဲ့ လူ့အဖွဲ့အစည်းရဲ့အမြင့်ဆုံးအဆင့်မှာ ကျင်လည်ကျက်စား သွားနိုင်ခဲ့ပြီး သူ့ကို နိုင်ငံတော်က အကာအကွယ်ပေးထားခဲ့တယ်လို့ အမာခံထောက်ခံသူတွေထဲက တချို့က ထင်မြင်ယူဆထားကြပါတယ်။ အဲဒီယူဆချက်တွေက Q လို့ ခေါ်တဲ့ အမည်ဝှက်နဲ့ ရေးထားသူကနေ စတင်ပျံ့နှံ့တာဖြစ်ပါတယ်။​

MAGA တွင်းက သြဇာလွှမ်းသူအချို့ကတော့ အက်ပ်စတိန်းက အစ္စရေး အေးဂျင့်လို့တောင် ထင်မြင်ပြောဆိုကြတာတွေ ရှိပါတယ်။​

ထရမ့်ကို ထောက်ခံသူ တချို့ကလည်း ဒီလိုထင်မြင်ယူဆချက်တွေ ထရမ့်နားမရောက်အောင် ပြန်ပုတ်ကြပါတယ်။ ပြီးခဲ့တဲ့လက ရီပတ်ဘလီကန်အောက်လွှတ်တော်ဟာ လွှတ်တော်ကို အစောဆုံးရပ်နားဖို့ ကြေညာခဲ့ပြီး အက်ပ်စတိန်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ရက်ပေါင်း ၃၀ အတွင်း ထုတ်ပြန်ဖို့ အတင်းအကြပ်ကြိုးပမ်းမှုတွေကို ရပ်တန့်ခဲ့ပါတယ်။

အက်ပ်စတိန်းအမှုနဲ့ ပတ်သက်ရင် အဖြေမထွက်နိုင်သေးတဲ့ မေးခွန်းပေါင်းများစွာရှိပါတယ်။ ဘာကြောင့် အက်ပ်စတိန်း အမှုအတွက် ဖလော်ရီဒါတရားရုံးက သက်ညှာတဲ့ ပြစ်ဒဏ်ချခဲ့တာလဲ၊ သူနဲ့ မက်ဇ်ဝဲလ်တို့ပဲ ဒီပြစ်မှုကျူးလွန်တာတွေကို လုပ်ဆောင်ခဲ့ကြတာလား၊ ဘာကြောင့် ထောင်ထဲမှာရှိနေချိန် သူ့ကိုယ်သူ အဆုံးစီရင်နိုင်ခဲ့သလဲ ... စတာတွေပါ။

ထရမ့်နဲ့ သူ့အဖွဲ့ဟာ အိမ်ဖြူတော်ကို ရောက်ဖို့ ခြေလှမ်းတုန်းက ဒီထင်မြင်ယူချက်တွေကို အရှိန်မြှင့်ပြောခဲ့ပေမဲ့ အခုအာဏာရလာချိန်မှာတော့ နောက်ထပ် ဖြေစရာမေးခွန်းတွေမရှိတော့ဘူးဆိုတာကို သူတို့ရဲ့အမာခံတွေကိုတောင် ယုံအောင်ပြောဖို့ မစွမ်းသာတော့ဘူးဆိုတာ သူတို့ကိုယ်တိုင် တွေ့လာကြပါတယ်။