ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ချာလီ ကာ့ - လူငယ်စုဝေးမှု အားကောင်းစေခဲ့တဲ့ သြဇာရှိ ကွန်ဆာဗေးတစ်
- ရေးသားသူ, ဂျူ ရှီယာရင် နဲ့ အန်နာ ဖာဂိုင်း
- ရာထူးတာဝန်, ဝါရှင်တန် ဒီစီ
ချာလီ ကာ့ ဟာ အမေရိကန်ပြည်ထောင်စုမှာ ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူနဲ့ သတင်းမီဒီယာနဲ့ လူထုဆက်ဆံရေးမှာ အောင်မြင်တဲ့သူတစ်ဦးဖြစ်သလို သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ခိုင်ကြည်တဲ့မဟာမိတ်တစ်ဦးလည်းဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ် ကာ့ ဟာ သူ ပူးတွဲတည်ထောင်ထားတဲ့ Turning Point USA အဖွဲ့က ယူ့တာ ကောလိပ်မှာ ပြုလုပ်နေတဲ့စကားရည်လုပွဲမှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပါတယ်။ အခုပစ်ခတ်မှုဟာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ရဲတပ်ဖွဲ့က မှတ်ယူထားပါတယ်။
"လူတော် အကျော်အမော် ချာလီ ကာ့ ဆုံးပါးပါပြီ။ အမေရိကန်က လူငယ်တွေကို ချာလီလောက် ဘယ်သူမှ နားမလည်နိုင်ပါဘူး။ ချာလီဟာ အမေရိကန် လူငယ်တွေရဲ့အသည်းနှလုံးကို ချုပ်ကိုင်နိုင်ခဲ့သူပါ'' လို့ သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့လူမှုကွန်ရက် Truth Social မှာ ကြေညာပါတယ်။
Turning Point အဖွဲ့ကို သူ့အသက် ၁၈ နှစ်မှာ စဖွဲ့ခဲ့ပါတယ်။ လစ်ဘရယ်ဘက်ကို ယိမ်းတဲ့ အမေရိကန် ကောလိပ်တွေမှာ ကွန်ဆာဗေးတစ် အတွေးအခေါ်အယူဆတွေ အခြေတည်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ယူတာ့တက္ကသိုလ်က ဘာသာရပ်ပေါင်းစုံက ကျောင်းသားတွေတက်ရောက်ကြတဲ့ Turning Point ရဲ့ ပွဲအတွင်း သူ့ဆွေးနွေးနေကြအကြောင်းအရာတွေနဲ့ပတ်သတ်ပြီး စကားရည်လုဖို့ ကာ့ကို ဖိတ်ကြားမှုကြောင့် အဲဒီပွဲကို တက်ရောက်နေချိန် ဗုဒ္ဓဟူးနေ့မှာ ပစ်ခတ်ခံခဲ့ရတာပါ။
သူ့ရဲ့ဆိုရှယ်မီဒီယာနဲ့ သူ့ရဲ့နာမည်နဲ့ထုတ်လွှင့်တဲ့ နေ့စဥ် ပေါ့ကတ်စ်တွေဟာ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ်စားဆင်ယင်နေထိုင်သူတွေရဲ့ သရုပ်လက္ခဏာ၊ ရာသီဥတုပြောင်းလဲမှု၊ ယုံကြည်မှုနဲ့ မိသားစုစံ တန်ဖိုးတွေစတဲ့အကြောင်းအရာတွေကို ကျောင်းသားတွေနဲ့ ဆွေးနွေးပေးဖို့ မကြာခဏဆိုသလို ပရိသတ်တွေက ကမ်းလှမ်းခြင်းကို ခံခဲ့ရပါတယ်။
"ချာလီကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ နိုင်ငံကိုချစ်တဲ့စိတ်၊ သူရဲ့စိတ်ဓာတ်စတာတွေနဲ့ မယုံကြည်နိုင်လောက်ကို တော်တဲ့သူပါ။ ရှိသမျှတွေထဲမှာမှ အားအကောင်းဆုံးသော လူငယ်အဖွဲ့အစည်းတစ်ခုကို တည်ဆောက်တဲ့တကယ့်ကို ကောင်းမွန်တာတွေ လုပ်ခဲ့သူပါ" လို့ ထရမ့် ပြောထားတဲ့အသံဖိုင်နဲ့ သူ့ရဲ့ပေါ့ကတ်စ်အစပိုင်းကို ကာ့က စတင်လေ့ရှိပါတယ်။
အကျိုးအမြတ် မယူတဲ့သူ့အဖွဲ့ Turning Point ကို အမေရိကန်မှာ ဘားရတ် အိုဘားမား ၂၀၁၂ မှာ ပြန်လည်ရွေးကောက်ခံခဲ့ရပြီးနောက် စတင်ခဲ့တာဖြစ်ပြီး သူ့ဘဝရဲ့ အလှည့်အပြောင်းလည်းဖြစ်ခဲ့ပါတယ်။
ဒီအဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့ လူငယ်တွေအတွက် ရည်ရွယ်ပြီး "ဘဏ္ဍာရေးဆိုင်ရာတာဝန်ယူ၊ တာဝန်ခံမှုစည်းမျဥ်းတွေကို မြှင့်တင်တာ၊ အစိုးရတစ်ရပ်ရဲ့လုပ်ပိုင်ခွင့်ကို အကန့်အသတ်နဲ့ထားတာ'' လို အယူအဆတွေကို မြှင့်တင်ဖို့ဖြစ်ပါတယ်။ အခုတော့ အမေရိကန်တလွှား ကောလိပ်ပေါင်း ၈၅၀ မှာ သူ့အဖွဲ့ခွဲတွေရှိနေပါပြီ။
ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ထရမ့်ရွေးကောက်ပွဲမှာ ထရမ့်နဲ့ အခြား ရီပတ်ပလီကန် အမတ်လောင်းတွေအတွက် မဲဆန္ဒရှင်တွေ မဲရုံလာပြီး မဲပေးကြဖို့ ကြိုးပမ်းမှုမှာ အခရာကျတဲ့နေရာက ပါဝင်ခဲ့ပါတယ်။
အရီဇိုးနားပြည်နယ်မှာ မဲဆန္ဒရှင် ထောင်သောင်းချီ ထရမ့်အတွက် မဲထည့်ကြအောင် ကူညီခဲ့ပြီး အဲဒီပြည်နယ်မှာ ထရမ့်အတွက် မဲအရေအတွက် အလှည့်အပြောင်းဖြစ်အောင် ချာလီ ကာ့က လုပ်ပေးနိုင်ခဲ့တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံထားရပါတယ်။
ထရမ့်ရဲ့ ရွေးကောက်ပွဲအောင်မြင်မှုတွေရပြီးနောက်မှာတော့ ဝါရှင်တန်ဒီစီမှာ၊ ဇန်နဝါရီလက လုပ်ခဲ့တဲ့ထရမ့်ရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲကို သူ တက်ရောက်ခဲ့ပြီး ထရမ့်သမ္မတသက်တမ်းကာလ ၂ ခုအတွင်း သမ္မတရုံးကို ပုံမှန်အဝင် အထွက်လုပ်နိုင်တဲ့အထိ ကာ့နဲ့ ထရမ့်တို့အကြား ဆက်ဆံရေးဟာ ကြီးထွားလာခဲ့ပါတယ်။
ဒီနှစ်အစောပိုင်းမှာလည်း ကာ့ဟာ ထရမ့်ရဲ့သား ဒေါ်နယ် ထရမ့် ဂျူနီယာနဲ့အတူ ဂရင်းလန်းကို ခရီးသွားပြီး အဲဒီနောက်ပိုင်းမှာတော့ အဲဒီတုန်းက သမ္မတ ရာထူးယူဖို့ရှိနေတဲ့ ထရမ့်က ဂရင်းလန်းကို အမေရိကန် ပိုင်သင့်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။
ကာ့ ဟာ ဗိသုကာပညာရှင်ရဲ့သားတစ်ယောက်ဖြစ်သလို ချီကာကိုမြို့ လူကုံထန် အရပ်မှာ ကြီးပြင်းခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ဆိုင်တဲ့တက်ကြွလှုပ်ရှားမှုတွေမှာ အာရုံစိုက်နိုင်ဖို့ ချီကာဂိုအနီး ဒေသကောလိပ်မှာ ပညာသင်ယူနေရာကနေ သူ့သဘောနဲ့သူ ကျောင်းထွက်ခဲ့ပါတယ်။
West Point စစ်တက္ကသိုလ်ကိုလျှောက်ထားခဲ့ပေမယ့် ဝင်ခွင့် မရခဲ့ပါဘူး။ ခေတ်လွန်အကြောင်း အရာလိုမျိုး ပညာရပ်ဆိုင်တဲ့အကြောင်းတွေကို ကျောင်းသားတွေ၊ တက္ကသိုလ်ဆရာတွေနဲ့ စကားရည်လုတဲ့အချိန်မှာ အထက်တန်းစား လူ့မလိုင်တွေရဲ့ စစ်တက္ကသိုလ်၊ ကောလိပ်ဘွဲ့မရတဲ့ သူ့ရဲ့ချို့ယွင်းမှုလို့ သူ ကောလိပ်မပြီးတဲ့ကြောင်းကို ဟာသနှောပြောလေ့ရှိသူပါ။
တကယ်တော့ ကာ့ဟာ လူထုဟောပြောမှုကို အားကောင်းမောင်းသန် ပြောနိုင်ဆိုနိုင်သူ ဖြစ်ပါတယ်။ နိုင်ငံတလွှားက ရီပတ်ဘလီကန်ပွဲတွေမှာ ဟောပြောလေ့ရှိပြီး လက်ဖက်ရည် ပါတီပွဲ (Tea Party) လို ရှေးရိုးစွဲလွန်လှုပ်ရှားမှုမှာ ပါဝင်သူတွေကြား အတော်လေး လူသိများ ကျော်ကြားသလို သူ့ရဲ့ နေ့စဉ်ထုတ်လွှင့်တဲ့ ကွန်ဆာဗေးတစ် ရေဒီယိုစကားဝိုင်းတွေဟာ လူမှုကွန်ရက်မှာဆိုရင် ဖော်လိုဝါသန်းနဲ့ချီပြီးရခဲ့ပါတယ်။
ဒီနှစ်အစောပိုင်းမှာလည်း အောက်စဖို့ ယူနီယံမှာ အလားတူ ဟောပြောခဲ့ပြီး ထရမ့်ရဲ့ Make America Great ဆိုတဲ့စည်းရုံးမှုကို ကိုးကားရည်ညွှန်းပြီး ကြီးကျယ်တဲ့အယူဝါဒဆိုတဲ့ စာအုပ်ကို ၂၀၂၀ ခုနှစ်အတွင်း ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်က အရောင်းရဆုံးစာရင်းဝင်ခဲ့ပါတယ်။
အရီဇိုးနားပြည်နယ်အလှမယ်ဟောင်းနဲ့ အိမ်ထောင်ကျပြီး ကလေး ၂ ယောက် ထွန်းကားပါတယ်။ သူ သက်ဝင်ယုံကြည်တဲ့ ခရစ်ယာန်ဘာသာဝင်ဖြစ်မှုနဲ့ သူ့မိသားစုဟာ သူ့ဘဝ နိုင်ငံရေးမှာ အခြေပြု ဗဟိုပြုရာဖြစ်ခဲ့ပါတယ်။ သူ့ကို အနာဂတ် ကွန်ဆာဗေးတစ်လှုပ်ရှားမှုအဖြစ် မြင်သလို လူနဲ့ အယူဝါဒတွေကို နှစ်ခြမ်းကွဲစေသူအဖြစ်လည်း မြင်ကြပါတယ်။
လက်နက်ထိန်းချုပ်ရေးဟာ သူတက်တဲ့ပွဲတွေနဲ့ ပေါ့ကတ်စ်တွေမှာ သူဆွေးနွေးပြောဆိုလေ့ရှိတဲ့ နိုင်ငံရေးနဲ့ လူမှုရေးပြဿနာတွေများစွာထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လအနည်း ငယ်တုန်းကတော့ ကာ့က "ကံမကောင်း အကြောင်းမလှတာက ဒါနဲ့အတူ ပေးဆပ်ရတာက ပါဝင်လာတယ်။ ဖွဲ့စည်းပုံပါ ဒုတိယ ပြင်ဆင်ချက်ကို ရနိုင်ဖို့ သေနတ်ကြောင့်ဖြစ်တဲ့ သေဆုံးမှု အချို့တော့ နှစ်စဉ် ရှိနေတာပေါ့လေ''လို့ ပြောခဲ့ဖူးပါတယ်။
ဆန့်ကျင်ဘက်လိင်လိုပြောင်းလဲဝတ်ထားနေထိုင်သူတွေနဲ့ ကိုဗစ်ကပ်ရောဂါဘေးအပေါ် သူ ယုံရခက်ခက်ဆိုတဲ့အမြင်တွေကိုလည်း ဖြန့်သူဖြစ်ပါတယ်။ ပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲဟာ ထရမ့် နိုင်ရမယ့်အစား တစ်ပါးသူနိုင်သွားတယ်ဆိုတဲ့ မှားယွင်းတဲ့အပြောကိုလည်း လူသိရှင်ကြား သူ ပျံ့အောင်လုပ်ပါတယ်။
ဒါပေမယ့်လည်း ကာ့ တစ်ယောက် အခုလို သေဆုံးတဲ့အထိ ပစ်ခတ်ခံခဲ့ရတဲ့အခြေအနေနဲ့ ပတ်သက်ပြီး တချို့ကတော့ ကာ့ အမြင်ကို လေးစားကြောင်းပြောပြီး ကာ့ဟာ မတူညီတဲ့စိတ်ကူးတွေကို ငြင်းခုံပိုင်ခွင့်ကို အားပေးခဲ့သူလို့ တုံ့ပြန်ကြပါတယ်။
''သူလုပ်တဲ့သူ့ကြိုးပမ်းချက် တစ်ခုလုံးဟာ အမြင် အယူ မတူကွဲပြားသူတွေကြားထဲအထိ ရောက်ဖို့ ရည်ရွယ်တယ်။ အကြမ်းဖက်တာမဟုတ်ဘဲ အပြောနဲ့ဆွေးနွေးငြင်းခုံကြပြီး ဖြေရှင်းစရာတွေကို ဖြေရှင်းနိုင်ဖို့ ဦးတည်တယ်'' လို့ နှစ်ခြင်းခေါင်းဆောင်မှုဆိုင်ရာစင်တာက အမှုဆောင်ချုပ် ဝီလီယံ ဝုဖ်က လူမှုကွန်ရက် X ပေါ်မှာ ရေးတင်ပါတယ်။