လိင်ပြစ်မှုကျူးလွန်သူ အက်ပ်စတိုင်းနဲ့ စွပ်စွဲနေတဲ့အရှုပ်တော်ပုံကို ထရမ့် ဘာပြောလဲ

    • ရေးသားသူ, နာဒင်းယူဆစ်ဖ်
    • ရာထူးတာဝန်, BBC News

ပြီးခဲ့တဲ့ သြဂုတ်လက တင်ဆက်ခဲ့တဲ့ ဆောင်းပါးကို အချက်အလက်သစ်တချို့ဖြည့်စွက်ထားပါတယ်။

နိုဝင်ဘာ ၁၄ ရက် ဖြည့်စွက်ချက် - ၂၀၂၅ နိုဝင်ဘာ ၁၂ ရက် မှာ လွှတ်တော်ရဲ့ House Oversight Committee က Epstein estate ပိုင်ဆိုင်တဲ့ စာရွက်စာတမ်းထောင်နဲ့ချီကို ဖွင့်ချခဲ့ပါတယ်။ ထိုစာရွက်စာတမ်းတွေထဲမှာ ထရမ့်အကြောင်းကို ညွှန်းဆိုထားတဲ့ အီးမေးလ်တွေပါပါတယ်။

ဖွင့်ချပြီး နာရီပိုင်းအကြာမှာပဲ တရားရေးဌာနပိုင် Epstein ဖိုင်တွေ ပိုပြီးထွက်ရှိလာရေးအတွက်လာမယ့်သီတင်းပတ်မှာ မဲခွဲဆုံးဖြတ်မယ်လို့ အောက်လွှတ်တော်က ကြေညာခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သြဂုတ်လက ထရမ့်ဘယ်လိုတုံ့ပြန်ထားလဲ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လိင်ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိုင်းက မာရာလာဂိုကမ်းခြေကလပ် စပါးမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးငယ်တွေကို "ခေါ်ယူ"သွားပြီးတဲ့နောက် သူတို့နှစ်ဦးကြား ဆက်ဆံရေး ပြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။

စကော့တလန် ခရီးကနေ ပြန်လာတဲ့ ထရမ့်ကို အကျင့်ပျက် စီးပွားရေးသမား အက်ပ်စတိုင်း နဲ့ ဆက်ဆံရေးအပေါ် သတင်းထောက်တွေကမေးမြန်းချိန်မှာ သူက အဲဒီလို တုံ့ပြန်ခဲ့တာပါ။

"သူက ကျွန်တော့်ဆီက လူတွေကို ခေါ်သွားတယ်။ ထပ်မလုပ်ပါနဲ့လို့ ကျွန်တော် ပြောတယ်။ သူတို့က ကျွန်တော့်အတွက် အလုပ်လုပ်နေတာလေ။ အဲဒီနောက်မှာကို သူက နောက်ထပ် တချို့ကို ခေါ်ခဲ့သေးတယ်" လို့ ထရမ့်က ပြောပါတယ်။

"အဲဒါကို သူလုပ်လိုက်တာက သူနဲ့ ကျွန်တော်တို့ကြားက အဆုံးသတ်ပဲ။''

အက်ပ်စတိုင်းနဲ့ ပူးပေါင်းကြံစည်သူ အမျိုးသမီး ဂိတ်စ်လိန်း မက်ဇ်ဝဲလ်ရဲ့ ရှေ့နေအဖွဲ့ကတော့ မက်ဇ်ဝဲလ်အတွက် လုံခြုံရေး အကာအကွယ် ကောင်းကောင်းပေးမှသာ ကွန်ဂရက်မှာ သက်သေထွက်ဆိုမယ်လို့ ပြောပါတယ်။

အက်ပ်စတိုင်းအမှုတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာ ထပ်မံထုတ်ပြန်ပေးဖို့ အများပြည်သူရဲ့ ဖိအားတွေရှိနေချိန်မှာ အောက်လွှတ်တော်ကော်မတီက ထောင်ဒဏ် နှစ် ၂၀ ကျခံနေရတဲ့ မက်ဇ်ဝဲလ်ကို သြဂုတ်လ ၁၁ ရက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေရှေ့မှောက်မှာ သက်သေခံထွက်ဆိုဖို့ ဆင့်ခေါ်ထားတာ ဖြစ်ပါတယ်။

ဘီဘီစီရဲ့ မိတ်ဖက် အမေရိကန်သတင်းဌာန CBS က အဲဒီဆင့်ခေါ် စာကို ရရှိခဲ့ပါတယ်။ အဲဒီစာမှာတော့ ကင်းလွတ်ခွင့် ဒါမှမဟုတ် လွတ်ငြိမ်းချမ်းသာခွင့်ကို ရမယ်ဆိုရင်၊ ဒါမှမဟုတ် မေးခွန်းတွေကို ကြိုတင်ပို့ပေးမယ်ဆိုမှသာ ဆင့်ခေါ် မေးမြန်းမှာကို လက်ခံမယ်လို့ သူ့ရဲ့ ဥပဒေအကျိုးဆောင် အဖွဲ့က ပြောပါတယ်။

"အက်ပ်စတိုင်းက ကျွန်တော့်ဆီမှာ အလုပ်လုပ်နေသူတွေကို ခေါ်သွားခဲ့တယ်" လို့ ပြီးခဲ့တဲ့ရက်က စကော့တလန်မှာ ထရမ့်က ဖြေခဲ့တဲ့အပေါ် နောက်ရက်မှာ အက်ပ်စတိုင်းနဲ့ ထရမ့်ကြားက ဆက်ဆံရေးနဲ့ ပတ်သက်တဲ့မေးခွန်းတွေကို အကျယ်တဝင့် မေးဖို့ သတင်းထောက်တွေက ကြိုးစားခဲ့ကြပါတယ်။

''အလုပ်သမားတွေက အမျိုးသမီးငယ်တွေလား'' လို့မေးခဲ့ရာ ထရမ့်က "အဖြေကတော့ ဟုတ်ပါတယ်"လို့ တုံ့ပြန်ပါတယ်။ ပြီးတော့ ''သူတို့က သူ့ရဲ့ စပါးမှာ လုပ်နေတဲ့သူတွေ" လို့ ပြောပါတယ်။

သူတို့တွေထဲက တစ်ယောက်ကတော့ ဗာဂျီးနီးယား ဂျူဖရီဖြစ်ပြီး သူ့အသက် ၁၆ နှစ်အရွယ် ၂၀၀၀ ခုနှစ် နွေရာသီအတွင်း မာရာလာဂိုမှာ အလုပ်စလုပ်ခဲ့တာလို့ ထရမ့်က ပြောပါတယ်။

၂၀၁၉ ခုနှစ်မှာ ထုတ်ဖော်ခဲ့တဲ့ တရားရုံးစာရွက်စာတမ်းတွေအရ ဂျူဖရီက သူ စပါးမှာ အလုပ်လုပ်နေချိန်မှာ ဂိတ်စ်လိန်း မက်ဇ်ဝဲလ်က အက်ပ်စတိန်းကို နှိပ်နယ်ပေးဖို့ သူ့ကို ခေါ်ယူခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဗြိတန်က အင်ဒရူး မင်းသားနဲ့ အက်ပ်စတိုင်းတို့က လိင်ပိုင်းဆိုင်ရာမတော်မတရားလုပ်ခဲ့တယ်လို့ ဂျူဖရီ ကစွပ်စွဲထားပြီး နှစ်ဦးလုံးကတော့ စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။ ဂျူဖရီကတော့ ဒီနှစ်အစောပိုင်း သြစတြေးလျမှာ သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။

Air Force One ပေါ်မှာ ထရမ့်ရဲ့ မှတ်ချက်ချက်တွေက သူနဲ့ အက်ပ်စတိုင်းတို့ရဲ့ ဆက်ဆံရေး ဘယ်လိုအဆုံးသတ်သွားလဲဆိုတဲ့ သူ့ရဲ့ နောက်ဆုံး ပြောကြားချက်တွေပဲ ဖြစ်ပါတယ်။

"အကျင့်ပျက်လုပ်ရပ်တွေကြောင့်" သူ့ရဲ့ မာရာလာဂို ကလပ် ကနေ အက်ပ်စတိုင်းကို ထရမ့်က ထုတ်ပစ်ခဲ့တယ်လို့ အိမ်ဖြူတော်က ပြီးခဲ့တဲ့ သီတင်းပတ်က ပြောထားပါတယ်။

အကြောင်းပြချက်တွေကြား ကွဲလွဲမှု ရှိမရှိ သတင်းသမားတွေကမေးခဲ့တဲ့အပေါ် ထရမ့်က "ခင်ဗျားတို့ သိပါတယ်၊ ဒါက နည်းနည်းတော့ အတူတူပါပဲ" လို့ ထရမ့်ကပြောခဲ့ပါတယ်။

ထရမ့်နဲ့ အက်ပ်စတိုင်းက ဆယ်စုနှစ် တစ်ခုထက်ပိုတဲ့ကာလတွေအတွင်း သူငယ်ချင်းတွေဖြစ်ခဲ့ပေမဲ့ ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလတွေမှာ ဆက်ဆံရေးပြတ်တောက်ခဲ့ပါတယ်။

အက်ပ်စတိုင်းအမှုနဲ့ ဆက်နွှယ်နေတဲ့ အရာတွေကို ထုတ်ဖော်ပေးဖို့ ထရမ့် အစိုးရအဖွဲ့ တာဝန်ရှိသူတွေအပေါ် ဖိအားတွေတိုးလာတဲ့အတောအတွင်း မှာပဲ အုပ်ချုပ်ရေးပိုင်းရဲ့ ကိုင်တွယ်ဖြေရှင်းမှုအပေါ် မကျေနပ်မှုတွေ ကြီးထွားလာပါတယ်။ ကောလဟလထွက်နေတဲ့ "ဖောက်သည်စာရင်း"တစ်ခုကို ဖွင့်ချပေးဖို့ ပျက်ကွက်မှုအပါအဝင် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သမ္မတမဲဆွယ်ပွဲမှာ လိင်ပြစ်မှုကျူးလွန်သူနဲ့ ဆက်နွှယ်နေသူတွေအကြောင်း ဖိုင်တွေကို ထုတ်ပြန်ပေးမယ်လို့ ထရမ့်က ကတိပြုခဲ့ပါတယ်။

ဒါပေမဲ့ ဒီလအစောပိုင်းက မှတ်တမ်းတစ်ခုမှာ တရားရေးဌာနနဲ့ အက်ဖ်ဘီအိုင် က "ပြစ်မှုဆိုင်ရာ" စာရင်းမရှိဘူးလို့ ပြောပါတယ်။

တရားရေးဌာနအတွင်း အက်ပ်စတိုင်းနဲ့ ဆက်နွှယ်နေတဲ့ အထောက်အထားတွေထဲမှာ ထရမ့်ရဲ့ နာမည်ကို ပြောထားတဲ့အကြိမ်ရေ ရာနဲ့ချီ ပါဝင်နေတာကို ရှေ့နေချုပ် ပမ်ဘွန်ဒီက ထရမ့်ကို မေလသတင်း အကျဥ်းချုပ်အစီရင်ခံချိန် မှာအသိပေးခဲ့တယ်လို့ ဝေါစထရိဂျာနယ်က ရေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုဖိုင်တွေမှာ နာမည်ပါတာက မတော်မတရားလုပ်ထားတယ်ဆိုပြီး အတည်ပြုတာတော့ မဟုတ်ပါဘူး။

သူတို့နှစ်ယောက်ဟာ သူငယ်ချင်းဖြစ်နေစဉ်တစ်လျှောက်လုံး ပါတီတွေမှာ အတူတူ တွေ့ခဲ့ကြရပါတယ်။ အဲဒီပွဲတွေကို တက်ရောက်ခဲ့တဲ့ အမျိုးသမီးအနည်းဆုံး နှစ်ဦးက နောက်ပိုင်းမှာ ထရမ့်ကို လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု စွပ်စွဲချက်တွေနဲ့ ထွက်ပေါ်လာခဲ့တယ်။

သူတို့ထဲက တစ်ယောက်က ဂျေးလ်ဟာဖ့်ဖြစ်ပြီး သူက ၁၉၉၇ ခုနှစ် တရားစွဲဆိုမှုမှာ မာရာလာဂိုမှာ အမျိုးသမီးငယ်တွေအတွက် ကျင်းပတဲ့ပွဲတစ်ခုမှာ သူ့ကိုအတင်းအဓမ္မ နမ်းပြီး ကိုင်တွယ်ခဲ့တယ်လို့ ထရမ့်ကို စွပ်စွဲခဲ့ပါတယ်။ အဲဒီပွဲမှာ အက်ပ်စတိုင်းလည်း တက်ခဲ့တယ်လို့ နယူးယော့ခ်တိုင်မ်းက ဖော်ပြထားတယ်။ ထရန့်က စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး တရားစွဲဆိုမှုလည်း ရုပ်သိမ်းသွားခဲ့ပါတယ်။

နောက်ထပ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ မော်ဒယ်လ် စတေစီ ဝီလီယံ ကလည်း အက်ပ်စတိုင်းက ထရမ့်ကိုနှုတ်ဆက်ဖို့ မန်ဟတ်တန်က ထရမ့်တာဝါကို သူ့ကိုခေါ်ဆောင်ခဲ့ပြီးနောက် ထရမ့်က သူ့ရဲ့ ခန္ဓာကိုယ်ကို ထိကိုင်တာမျိုး လုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ သူ့ရဲ့ စွပ်စွဲချက်တွေကိုလည်း သမ္မတက ငြင်းဆိုထားပါတယ်။

ထရမ့်က "အပြောင်အပျက်ညစ်ညမ်းစာ"တစ်စောင်ကို ရေးသားပြီး ၂၀၀၃ ခုနှစ် သူ့မွေးနေ့ရက်မှာ အက်ပ်စတိုင်းဆီကိုပို့ခဲ့တယ်လို့ ဝေါစထရိဂျာနယ်က ပြီးခဲ့တဲ့သီတင်းပတ်က ဖော်ပြခဲ့ပါတယ်။

စနောက်ထားတဲ့ ပုံစံမျိုး "နက်နဲတာတွေက ဘယ်တော့မှ အိုမင်းမသွားဘူး"ဆိုတဲ့စာသားနဲ့ "မိတ်ဆွေဆိုတာ အံ့သြစရာကောင်းတဲ့ အရာတစ်ခု။ ပျော်ရွှင်တဲ့မွေးနေ့ပါ။ ပြီးတော့ နောက်ထပ်အံ့သြစရာလျှို့ဝှက်ချက်တွေ နေ့တိုင်းရှိနိုင်ပါစေ" ဆိုတာမျိုးတွေပါဝင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ထရမ့်က အဲဒီဆောင်းပါးကို "အတု"လို့ဆို၊ ပယ်ချခဲ့ပြီး အဲဒီလိုရေးသားဖော်ပြမှုကို အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ထရမ့်နဲ့ အက်ပ်စတိုင်းတို့က ပန်းဘိချ် ပင်လယ်ကမ်းစပ်မှာရှိတဲ့ အိမ်ခြံမြေတစ်ခုအတွက် ၂၀၀၄ ခုနှစ်က စကားများခဲ့ကြပြီး ဆက်ဆံရေးပြတ်တောက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တယ်။ ထရမ့်က နောက်ဆုံးမှာတော့ ငွေပိုပေးပြီး အဲဒီက အိမ်ကိုအရယူခဲ့တာ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်မှာ အက်ပ်စတိုင်းကို ပြည့်တန်ဆာမှုနဲ့ ဖလော်ရီဒါမှာ စွဲချက်တင်ခဲ့ပြီး နောက်ပိုင်း မှာ စွဲချက်တွေအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ လိင်ကုန်ကူးမှုဆိုင်ရာနဲ့ ပတ်သက်ပြီး ဗဟိုအစိုးရ စွဲချက်နဲ့ ၂၀၁၉ ခုနှစ်မှာ အဖမ်းခံခဲ့ရပြီး စစ်ဆေးစီရင်မှုမတိုင်ခင် ထောင်တွင်းမှာ သူ့ကိုယ်သူ အဆုံးစီရင်ခဲ့ပါတယ်။

အက်ပ်စတိုင်းရဲ့ လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှုကို ကူညီမှုနဲ့ ဆယ်စုနှစ်တစ်ခုအတွင်း အမျိုးသမီး ငယ်တွေကို အလွဲသုံးစားပြုမှုကို ကူညီမှုမှာ အပြစ်ရှိတယ်လို့ တွေ့ရှိတာကြောင့် မက်ဇ်ဝဲလ်ကတော့ ထောင်အနှစ် ၂၀ ချခံရပါတယ်။

လွှတ်တော်မစတင်ခင် ထွက်ဆိုဖို့အတွက် ပြီးခဲတဲ့သီတင်းပတ်က လွှတ်တော်ကြီးကြပ်ရေး ဥက္ကဋ္ဌ ဂျိမ်းကော်မာက သူ့ကို ဆင့်ခေါ်ခဲ့ပါတယ်။

သူရဲ့ ရှေ့နေတွေက သမ္မတထရမ့်ဆီက လွတ်ငြိမ်းချမ်းသာခွင့်အတွက် အယူခံဝင်ခဲ့ပြီး သူသာ "လွတ်ငြိမ်းချမ်းသာခွင့် ရမယ်ဆိုရင် ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား သက်သေခံဖို့ ဆန္ဒရှိပါတယ်" လို့ ရေးခဲ့ပါတယ်။

"ကန်တက်ကီ လွှတ်တော်အမတ်က သူ့ရဲ့ သက်သေခံချက်အတွက် လွှတ်တော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို အာမခံပေးဖို့ စဥ်းစားမှာမဟုတ်ဘူးလို့" ကော်မာရဲ့ ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့အစောပိုင်းမှာ ပြောခဲ့ပါတယ်။

"ကလေးငယ်တွေကိုလိင်ပိုင်းဆိုင်ရာကုန်ကူးခဲ့မှုအတွက် တစ်စုံတစ်ယောက်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးချင်တဲ့ ရီပတ်ဘလင်ကန်တွေ အဲဒီမှာ အများကြီး မရှိကြဘူး" လို့ ကော်မာက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း CNN ကိုပြောခဲ့ပါတယ်။

မက်ဇ်ဝဲလ်ကို လွတ်ငြိမ်းချမ်းသာခွင့် သူ့အနေနဲ့ ပေးမလားလို့ မေးတဲ့အခါ သူ့လုပ်ပိုင်ခွင့် အတိုင်းအတာတွင်းမှာရှိတယ်လို့ ဆိုနိုင်ပေမဲ့ သူ့အနေနဲ့ အဲဒီလိုမျိုး "မစဥ်းစားဖူးဘူး" လို့ ထရမ့်က သတင်းထောက်တွေကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်းပြောခဲ့ပါတယ်။