ဒေါ်နယ်ထရမ့်ဟာ ရာဇဝတ်မှုစွဲချက်နဲ့ ရင်ဆိုင်ရမယ့် ပထမဆုံးသော အမေရိကန် သမ္မတဟောင်း ဖြစ်လာ

အန်တိုနီ ဇတ်ခါ နဲ့ ဂျု ရှာရင်

ဘီဘီစီ သတင်း၊ ဝါရှင်တန်

အရှက်ရစရာ သူ့အကြောင်းတွေကို လူသိရှင်ကြား ထုတ်မပြောဖို့ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲမတိုင်မီမှာ အပြာကား မင်းသမီးတယောက်ကို ငွေပေးတဲ့ အမှုအတွက် အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် တရားစွဲ ခံရဖို့ ရှိပါတယ်။

သူ့ကို စွဲမယ့်အမှု အသေးစိတ်ကိုတော့ ထုတ်မပြော ကြသေးပါဘူး။

သူနဲ့ ဇာတ်လမ်းဖြစ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုအကြောင်းကို မပြောဖို့ စတောန်မီ ဒန်နီရယ် ကို ဒေါ်လာ ၁၃၀,၀၀၀ ပေးပြီး နှုတ်ဆိတ်စေခဲ့သလား ဆိုတာကို တရားရုံးစွဲတင်ဖို့ ဂျူရီတရားသူကြီးအဖွဲ့တခုက ဆုံးဖြတ်ခဲ့ကြပါတယ်။

အခုအချိန်မှာ အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ ထရမ့်က သူဘာမှ အမှားမလုပ် ခဲ့ဘူး လို့ ငြင်းပယ်ထားပါတယ်။ သူဟာ ရာဇဝတ်မှု စွဲချက်နဲ့ ရင်ဆိုင်ရမယ့် ပထမဆုံး သမ္မတ (သို့မဟုတ်) သမ္မတဟောင်း တယောက် ဖြစ်လာပါတယ်။

ဒီအမှုကို လိုက်ပါစုံစမ်းနေတဲ့ မန်ဟန်တန် ခရိုင်ရုံးက အကျိုးဆောင်ရှေ့နေ အဲလ်ဗင် ဘရက် က မစ္စတာ ထရမ့်ရဲ့ ရှေ့နေဆီကို အသေးစိတ် မပြောထားတဲ့ စွဲချက်တွေ အတွက် “တရားစီရင်မှုကို ပူးပေါင်းလုပ်ဆောင်ပါ” လို့ သူဆက်သွယ် ပြောထား ကြောင်း အတည်ပြုပြောပါတယ်။

ဖလော်ရီဒါပြည်နယ်မှာ နေထိုင်တဲ့ သမ္မတဟောင်းဟာ တနင်္လာနေ့မှာ နယူးရော့ခ် မြို့ ကို လေယာဉ်နဲ့ လာရောက်ပြီး အင်္ဂါနေ့မှာ တရားရင်ဆိုင်လိမ့် မယ်လို့ ဒီအရေး တွေကို နီးနီးစပ်စပ် သိထားတဲ့ ရင်းမြစ် ၂ ခုကနေ ဘီဘီစီရဲ့ အမေရိကန် မီဒီယာ မိတ်ဖက်ဖြစ်တဲ့ စီဘီအက်စ် သတင်းဌာနကို ပြောပါတယ်။

တရားခွင်မှာ သူ့အပေါ်စွဲချက်တွေ ဖတ်ပြတာကို သူနား‌ထောင်ရမှာ ဖြစ်ပြီး အဲဒါက ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက်အထိ ကြာနိုင်ပါတယ်။

အမေရိကန် သမ္မတဟောင်းတွေ ကို လုံခြုံရေးယူပေးရတဲ့ အမေရိကန် ပြည်‌ထောင်စု လျှို့ဝှက်ထောက်လှမ်းရေး အဖွဲ့က သူ တရားရုံးကို လာတဲ့ ခရီးစဉ် လုံခြုံရေးအတွက် အဓိကနေရာကနေ ဆောင်ရွက်ပေးမှာပါ။

လက်ရှိ ဇနီး မယ်လင်နီယာ နဲ့ ဒေါ်နယ် ထရမ့်လက်ထပ်ပြီး နောက် တနှစ် ဖြစ်တဲ့ ၂၀၀၆ မှာ ဒေါ်နယ်ထရမ့်နဲ့ သူ ဇာတ်လမ်းဖြစ်ခဲ့ကြောင်း သူ့အတွေ့အကြုံကို ပြောဖို့အတွက် အပြာရုပ်ရှင် နာမည်ကျော် သရုပ်‌ဆောင် စတောန်မီ ဒန်နီရယ်က ၂၀၁၆ ခုနှစ်မှာ မီဒီယာတွေကို ဆက်သွယ်ခဲ့ပါတယ်။

မစ္စတာ ထရမ့်ရဲ့ အဖွဲ့က ဒီသတင်းကို ကြားပြီးတဲ့နောက် သူ့ရဲ့ ရှေ့နေ မိုက်ကယ် ကိုဟင်က ဒေါ်လာ ၁၃၀,၀၀၀ ကို မစ္စ ဒန်နီရယ်ကို ပေးပြီး ဒီဇာတ်လမ်းကို မပြောဖို့ လုပ်ခဲ့ပါတယ်။ ဒီလို လုပ်တာက ဥပဒေကို ချိုးဖောက်တာလို့ မဆိုနိုင်ပါဘူး။

ဒါပေမယ့် မစ္စတာ ထရမ့်က သူ့ရှေ့နေကို ဒီငွေတွေ ပြန်ပေးတဲ့အခါမှာ တရားရေး ဆိုင်ရာ အခကြေးငွေအဖြစ် ပေးခဲ့တယ်ဆိုတဲ့ မှတ်တမ်းကို တွေ့ရှိထားပါတယ်။ ဒါဟာ စီးပွားရေး မှတ်တမ်းတွေကို မစ္စတာ ထရမ့်က အမှားရေးသွင်းတာဖြစ်ပြီး ဒီလို လုပ်တာက နယူးရော့ခ်မှာ ရာဇဝတ်မှုမြောက်တယ်လို့ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။

အပြာ ရုပ်ရှင်သရုပ်ဆောင်နဲ့ ငြိခဲ့တဲ့ ဇာတ်လမ်းကို မဲဆန္ဒရှင်တွေ မသိစေအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မစ္စ ဒန်နီရယ်အတွက် ငွေပေးတာကို သူက ဖုံးကွယ်ဖို့ ကြိုးစားခဲ့တဲ့အတွက် သူဟာ ရွေးကောက်ပွဲ ဥပဒေတွေကို ဖောက်ဖျက်တယ်လို့လည်း အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။

ရာဇဝတ်မှုတခုကို ဖုံးကွယ်ဖို့ မှတ်တမ်းတွေကို ပုံဖျက်ပြောင်းလဲတာဟာ ကြီးလေးတဲ့ ရာဇဝတ်မှု တခုပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီအမှုက တိတိကျကျ ရှင်းရှင်းလင်းလင်း ရှိလှမယ့် အမှုမျိုး မဟုတ်ဘူးလို့လည်း အမှုစွဲတင်တဲ့နေရာမှာ ကျွမ်းကျင်ကြတဲ့ ရှေ့နေတွေက ဆိုကြပါတယ်။

ဒီလို စွဲချက်အတွက် ရှေ့မှာ ဥပမာက အနည်းအကျဉ်းသာ ရှိပါတယ်။ ရွေးကောက်ပွဲ ကမ်ပိန်း ကုန်ကျငွေ ဘဏ္ဍာရေး နဲ့ ပုဂ္ဂိုလ်ရေး အသုံးစားရိတ်ကြားမှာ ခြားထားတဲ့ စည်းကို ကျော်တဲ့အတွက် တချို့ နိုင်ငံရေးသမားတွေကို စွဲချက်တင်ကြတာတွေက အရှုံးနဲ့သာ တွေ့ခဲ့ကြရပါတယ်။

အခုတော့ မစ္စတာ ထရမ့်ဟာ တခြား ရာဇဝတ်မှု မသင်္ကာခံရသူတွေလိုမျိုးပဲ လက်ဗွေ မှတ်တမ်းယူတာ၊ သံသယတရားခံ အဖြစ် ဓာတ်ပုံ မှတ်တမ်းတင်တွေကို ခံရပါလိမ့်မယ်။

သူ့ ထုတ်ပြန်ချက်ထဲမှာ မစ္စတာ ထရမ့်က မန်ဟန်တန် ခရိုင် ရှေ့နေကို အတော်လေး ပုတ်ခတ် ပြောဆိုထားပါတယ်။

သူက ဒီရှေ့နေဟာ “ဂုဏ်သိက္ခာမဲ့တဲ့သူ” ဖြစ်ပြီး “ဂျိုးဘိုင်ဒန်ရဲ့ အညစ် အပတ်အလုပ် တွေကို လုပ်ပေးတဲ့သူ” လို့ စွပ်စွဲထားပါတယ်။

“ဒီမိုကရက်တွေက လိမ်တယ်၊ ညစ်တယ် “ထရမ့်ကို ရဖို့” ဘာမဆို လုပ်နေကြတာ၊ အခုလုပ်တာက တကယ့်ကို မယုံနိုင်စရာပဲ၊ ရွေးကောက်ပွဲကို စွက်ဖက်တယ်ဆိုပြီး အပြစ်မဲ့တဲ့ လူတယောက်ကို တရားစွဲကြတာ” လို့ သူက ဆိုပါတယ်။

သူကျင်လည်ခဲ့တဲ့ နယူးရော့ခ်မြို့မှာ စုံစမ်းစစ်ဆေးမှု မှန်သမျှကို မစ္စတာထရမ့်က သူ့ အတိုက်အခံတွေက နိုင်ငံရေးအရ သူ့အပေါ် “ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ” လို့ ပြောပြီး ထပ်ခါထပ်ခါ ပယ်ချခဲ့တာပါ။

ဒီမိုကရက်တစ်ပါတီဝင် တယောက်ဖြစ်တဲ့ မစ္စတာ ဘရက်က မစ္စတာ ထရမ့်ကို တရားစွဲတာက နိုင်ငံရေးအရ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

“အချက်အလက်တွေ၊ ဥပဒေနဲ့ သက်သေအထောက်အထားတွေ အပေါ်မှာသာ မူတည်ပြီး ကျွန်တော်တို့က အမှုကို တည်ဆောက်တာပါ” လို့လည်း ဒီလ အစောပိုင်းမှာ သူက တွိလုပ်ပါတယ်။

မစ္စတာ ထရမ့်ရဲ့ ရှေ့နေ ဆူဆန် နီချဲလ်က “မစ္စတာ ထရမ့်ဟာ ဘာပြစ်မှုမှ မကျူးလွန် ထားဘူး။ နိုင်ငံရေး အရ စွဲတဲ့ စွဲချက်တွေကို တရားရုံးမှာ ကျွန်မတို့ ပြန်လည် တိုက်ခိုက်သွားမယ်” လို့ ကြေညာချက်မှာ ပြောထားပါတယ်။

တရားစွဲပြီ ဆိုတဲ့ သတင်းထွက်လာပြီးတဲ့နောက် မစ္စ ဒန်နီရယ်က သူ့ကို ထောက်ခံ ကြတဲ့သူတွေကို ကျေးဇူးတင်ကြောင်း စကားပါးပါတယ်။

“ ကျွန်မ စာမပြန် နိုင်လောက်အောင် မက်ဆေ့တွေ အများကြီး ကျွန်မ ရခဲ့တယ်၊ (အောင်ပွဲခံ) ရှမ်ပိန် ခွက်ကိုလည်း လက်ထဲက မချနိုင်ဘူးလေ” လို့ သူက တွစ်တာကတဆင့် ရေးပါတယ်။

အခု ရာဇဝတ်ကြောင်းအမှုက ၂၀၂၄ သမ္မတရွေးကောက်ပွဲအပေါ်မှာလည်း သက်ရောက်မှု ရှိပါလိမ့်မယ်။ မစ္စတာ ထရမ့်က ရီပတ်ပလီကန် ပါတီက ရွေးမယ့် သမ္မတလောင်းပြိုင်ပွဲကို ဝင်ဖို့ရှိပြီး အဲဒီလို့ ဝင်မယ်လို့ ကြေညာထားသူတွေထဲ သူက လောလောဆယ်မှာ ရှေ့က ပြေးနေတာပါ။

ဒါပေမယ့် အမေရိကန်မှာ ရာဇဝတ်မှုနဲ့ အပြစ်ရှိသူပဲ ဖြစ်ဖြစ်၊ ထောင်ထဲကျနေသူ ဖြစ်ဖြစ် သမ္မတလောင်း ရွေးကောက်ပွဲကို မဝင်ရ၊ သမ္မတ အဖြစ်မလုပ်ရ ဆိုပြီး တားမြစ်ထားတဲ့ ဥပဒေမျိုး မရှိပါဘူး။

ကြာသပတေးနေ့ ညနေက ဖြန့်လိုက်တဲ့ သူ့ ကမ်ပိန်းအဖွဲ့ရဲ့ ရန်ပုံငွေ အလှူခံ အီးမေးလ်တွေမှာ ဒီတရားစွဲခံထားရတာကို ထည့်ရေးထားပါတယ်။

ကွန်ဂရက်လွှတ်တော်က ထိပ်တန်း ရီပတ်ပလီကန် အမတ်တွေကလည်း မစ္စတာ ထရမ့်ကို ထောက်ခံ ရပ်တည်ပေးထားပါတယ်။

အောက်လွှတ်တော် ဥက္ကဋ္ဌ ကက်ဗင် မက်ကာသီက “အဲလ်ဗင် ဘရက်ဟာ ကျွန်တော်တို့ရဲ့ သမ္မတ ရွေးကောက်ပွဲကို ဝင်ရောက် စွက်ဖက်ဖို့ ကြိုးစားပြီး ကျွန်တော်တို့ နိုင်ငံကို ပြန်ပြင်ဆင်လို့ မရနိုင်အောင် ဖျက်ဆီးလိုက်တာပဲ” လို့ ဆိုပါတယ်။

“သူက အကြမ်းဖက်သမား ရာဇဝတ်သားတွေကို လွှတ်ပေးပြီး သမ္မတ ဒေါ်နယ် ထရမ့်အပေါ်ကို ကျတော့ ကျွန်တော်တို့ အလေးအမြတ်ထားစရာ တရားရေး စနစ်ကို လက်နက်သဖွယ် အသုံးချနေတယ်” လို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ ဒီမိုကရက်တွေကတော့ တရားဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိစေရဘူး လို့ ထောက်ပြကာ တရားစွဲမှုကို ကြိုဆိုကြပါတယ်။

ကွန်ဂရက် လွှတ်တော် အမတ် အဒမ် ရှစ်ဖ် က “ဒီ တရားစွဲဆိုမှု၊ အမေရိကန် သမ္မတဟောင်း တယောက်ကို ဖမ်းမှု စတာတွေဟာ အမေရိကန်သမိုင်း တလျောက် လုံး မှာ မရှိဖူးသေးတဲ့ အဖြစ်တွေပါ” လို့ ပြောပြီး “မစ္စတာ ထရမ့်က တရားဥပဒေကို ချိုးဖောက်ခဲ့တာကြောင့် တရားစွဲခံရတာပါ” လို့ ပြောပါတယ်။

မစ္စတာ ထရမ့်ဟာ တခြား အမှုအများအပြားနဲ့လည်း စုံစမ်း စစ်ဆေးတာကို ခံရဦး မှာပါ။

၂၀၂၁ ဇန်နဝါရီလမှာဖြစ်ခဲ့တဲ့ ကက်ပီတယ်ဟေး လွှတ်တော်အဆောက်အဦ စီးနင်း ခံရမှုမှာ သူပါဝင် ပတ်သက်ခဲ့သလား၊ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ဂျော်ဂျီယာ ပြည်နယ်မှာ သူရှုံးတယ်ဆိုတဲ့ မဲရလဒ်ကို ပြောင်းလဲဖို့ သူကြိုးစားခဲ့သလား၊ သူ သမ္မတ ရာထူးက ထွက်ပြီး တဲ့နောက်ပိုင်းမှာ လျှို့ဝှက် စာရွက်စာတမ်းတွေကို သူ ဘယ်လို လုပ်ခဲ့သလဲ စတဲ့ အရေးတွေကလည်း စုံစမ်း စစ်ဆေးမယ့် ကိစ္စ တွေထဲမှာ ပါဝင်ပါတယ်။

၂၀၁၇ ကနေ ၂၀၂၁ အထိ သမ္မတ တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ထရမ့်ဟာ ရာထူး ရှိချိန်မှာပင် အောက် လွှတ်တော်အမတ်တွေရဲ့ လွှတ်တော်တွင်း စွပ်စွဲပြစ်တင်မှု ကို ၂ ကြိမ်တိုင် ရင်ဆိုင်ခဲ့ရဖူးပါတယ်။ ၂ ကြိမ်လုံးမှာ (သူ့ပါတီက အားကောင်းတဲ့) အထက် ဆီးနိတ် လွှတ်တော်မှာ သူ အပြစ်မရှိကြောင်း ကင်းလွတ်ခွင့်ရ ခဲ့ပါတယ်။