စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့်ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး

ပဲခူးမြို့ရဲ့ အထင်ကရစာသင်တိုက်၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ရဲ့ ပဓာနနာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဇွန် ၁၉ ရက်က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် တစ်နေရာမှာ သေနတ်ပစ်ခတ်ခံရပြီး ပျံလွန်တော်မူခဲ့တဲ့သတင်းက သံဃာထုကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပါတယ်။

အဲဒီသေနတ်ပစ်ခတ်မှုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလုပ်ခဲ့တာလို့ ပစ်ခတ်ခံရတဲ့ နေရာမှာရှိနေခဲ့တဲ့ ကန်သုံးဆင့်ကျောင်း ဆရာ‌တော်ဘဒ္ဒန္တဂုဏိကာဘိဝံသကထုတ်ဖော်မိန့်ကြားလိုက်ပါတယ်။

ဇွန် ၂၀ ရက် မနက်ပိုင်းက ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်မှာပြုလုပ်တဲ့ ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ရဲ့ အန္တိမစျာပန အစီအစဥ်အစည်းအဝေးမှာ ဆရာတော်သံဃာတော်တွေနဲ့ ဧည့်ပရိသတ်တွေရှေ့မှာ ကြုံခဲ့ရတဲ့ဖြစ်စဥ်ကို ရှင်းပြမိန့်ကြားခဲ့တာဖြစ်ပါတယ်။

'' ခင်ဗျားတို့ ရက်စက်လှချည်လားဗျာ။ ဘုန်းကြီး‌တွေကို ဒီလောက်အထိရက်စက်ရလား'' လို့ ပစ်ခတ်မှုဖြစ်တဲ့နေရာမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကန်သုံးဆင့်ကျောင်း ဆရာ‌တော်က ပြန်ပြီးမေးခွန်းထုတ်ခဲ့ပါတယ်။

ဆရာတော်နှစ်ပါး ဘယ်လိုပစ်ခတ်ခံခဲ့ရတာလဲ

ရန်ကုန်၊ ကန်သုံးဆင့်ကျောင်း ဆရာ‌တော်ဘဒ္ဒန္တဂုဏိကာဘိဝံသနဲ့ ပဲခူး၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသတို့ဟာ ဇွန် ၁၉ ရက် မနက် ၆ နာရီကျော်မှာ ရန်ကုန်လေဆိပ်ကတဆင့် မန္တလေးကို လေကြောင်းခရီးနဲ့ ကြွရောက်ခဲ့ကြပါတယ်။

ဇွန် ၂၀ ရက်မှာ မန္တလေးမြို့ ရွှေကျင်ဂိုဏ်းချုပ်ရှိတဲ့ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန) မှာ ပြုလုပ်မယ့်အစည်းအဝေးကိုတက်ရောက်ကြဖို့ဖြစ်ပါတယ်။

ဆရာတော်ကြီး ၂ ပါးဟာ ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင်ဆရာတော်တွေဖြစ်ကြသလို ရွှေကျင်ဂိုဏ်းကြီးရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေလည်းဖြစ်ပါတယ်။

မန္တလေးတံတားဦးလေဆိပ်ကို မနက် ၈ နာရီကျော်မှာ ရောက်ခဲ့ကြတယ်လို့ ကန်သုံးဆင့်ဆရာတော်က အချိန်အတိအကျနဲ့မိန့်ကြားပါတယ်။

နေ့ဆွမ်းဘုဥ်းပေးချိန်မတိုင်ခင်မှာ ဆရာတော်နှစ်ပါးကို လာကြိုသူယာဥ်မောင်းရဲ့ အစီအစဥ်နဲ့ တံတားဦးက တဆင့် ကန်သုံးဆင့်ဆရာတော်ရဲ့ မွေးရပ်ရွာ ငါန်းဇွန်မြို့နယ်ထဲက ပန်းချီကမ္မရွာကို ထွက်ခွာခဲ့ကြပါတယ်။

ကမ္မရွာက ဆရာတော်သံဃာတော်တွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် တံတားဦးဘက်ကို ကားနဲ့ပြန်ကြွချိန် မနက် ၁၀ နာရီခွဲအချိန် ကမ္မရွာအထွက် ၁ မိုင်ကျော်အကွာအဝေးမှာ စစ်ကောင်စီ Faw ကားနဲ့ ကြုံခဲ့ပြီး ဆရာတော် နှစ်ပါး စီးနင်းလိုက်ပါလာတဲ့ အိမ်စီးကား ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

'' နာရီဝက်နဲ့ တံတားဦးပြန်ရောက်အောင်ပဲ ကားဆရာကို မြန်မြန်လေးမောင်းဖို့၊ ကားတံခါးပိတ်ပြီးအဲယားကွန်းဖွင့်ဆိုပြီး ‌မောင်းခိုင်းခဲ့ပါတယ်'' လို့ ကန်သုံးဆင့်ကျောင်း ဆရာ‌တော်ဘဒ္ဒန္တဂုဏိကာဘိဝံသက ယာဥ်မောင်းကို ပြောခဲ့တဲ့စကားနဲ့ သေနတ်ပစ်ခတ်မခံရခင်အခြေအနေကို ရှင်းပြမိန့်ပါတယ်။

သက်တော် ၈၀ နီးပါး ဆရာတော်နှစ်ပါး ပါတဲ့ အိမ်စီးကားဟာ သေနတ်နဲ့ ၇ ချက်ထက်မနည်း ဝိုင်းဝန်းပစ်ခတ်ခံရတာကြောင့် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ‌ရဲ့ ဦးခေါင်းကို သေနတ်ထိမှန်လို့ ကားထဲမှာပဲ ကံတော်ကုန်ခဲ့ပါတယ်။

'' သေနတ်နဲ့ဝိုင်းပစ်ပါတယ်။ ကားမှာ ၇ ချက် ၈ ချက်လောက်မှန်ပါတယ်။ ဘုရားတပည့်တော်ရဲ့ သင်္ကန်းတွေ သွေးအလိမ်းလိမ်းအကပ်ကပ်ဖြစ်နေပါတယ်''

'' ကားထဲကိုကြည့်လိုက်တဲ့အခါမှာ အရှင်ဘုရားတို့ရဲ့ ညီတော်၊နောင်တော်၊ ဒါကာ၊ ဒါယိကာမတို့ရဲ့ ဝင်းနိမ္မိတာရုံဆရာ‌တော်ဟာ ခေါင်းငိုက်စိုက်ကျပြီး အသက်မရှိတော့ပါဘူးဘုရား'' လို့ သူမျက်မြင်ကြုံခဲ့ရတဲ့အခြေအနေကို ကန်သုံးဆင့်ကျောင်း ဆရာ‌တော်က မိန့်ကြားပါတယ်။

ဆရာတော်ကြီးနှစ်ပါး ပါလာတဲ့ ကားက ဆွမ်းချိန်မှီဖို့ အမြန်မောင်းချိန်မှာ လမ်းပေါ် မှာသွားနေတဲ့ စစ်ကောင်စီ Faw ကားနဲ့တိုးပြီး ရှောင်တိမ်းမောင်းနှင်ခဲ့ပေမဲ့ စစ်ကောင်စီတပ်ဖွဲ့တွေပါလာတဲ့ Faw ကားပေါ်ကနေ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဖြစ်စဥ်မှန်ကိုသိတဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက် က ဆရာတော် တစ်ပါးက မိန့်ပါတယ်။

'' Faw ကားကရှေ့ကပိတ်နေတယ်။ အဲဒါကိုကားဆရာက ကွေ့ရှောင်မောင်းတယ်။ အမြန်လည်းမောင်းတာပေါ့။ အဲဒါကို Faw ကားပေါ်ကလှမ်းပစ်တာပါ'' ဝင်းနိမ္မိတာရုံကျောင်းတိုက် က ဆရာတော် တစ်ပါးက မိန့်ပါတယ်။

‘’ အလွန်အင်မတန်မှ စာတော်တဲ့၊ သာသနာမှာအလွန်အင်မတန်မှအားကိုးရတဲ့ ဝင်းနိမ္မိတာရုံဆရာတော်ဆုံးရှုံးရတဲ့အတွက် ယူကြုံးမရဖြစ်ရပါတယ်၊ ယူကြုံးမရဖြစ်ရပါတယ်၊‘’ လို့ ဝမ်းနည်းစိတ်ကြောင့် တိမ်ဝင်သွားဟန်ရှိတဲ့အသံကို အားတင်းရင်း ကန်သုံးဆင့်ကျောင်း ဆရာ‌တော် ဘဒ္ဒန္တဂုဏိကာဘိဝံသက သံဃာထုနဲ့ ဧည့်ပရိသတ်ကို မိန့်ကြားပါတယ်။

'' ခင်ဗျားတို့ ရက်စက်လှချည်လားဗျာ။ ဘုန်းကြီး‌တွေကို ဒီလောက်အထိရက်စက်ရလား လို့ ဖောကားပေါ်မှာပါတဲ့ ရှင်းရှင်းပြောရရင် စစ်ဗိုလ်စစ်သားတွေပါ’’

‘’ အရှင်ဘုရားတို့ကို ဘုန်းကြီးမှန်းမသိလို့ပါ။ အရှင်ဘုရားတို့က ကားတံခါးလည်းပိတ်ထားတော့ ရန်သူကားထင်လို့ ပစ်လိုက်ပါတယ်ဘုရားလို့ သူတို့ကိုယ်တိုင်ဝန်ခံပါတယ်’’ လို့ ကန့်သုံးဆင့်ဆရာတော်က ပြန်လည်မိန့်ကြားခဲ့ပါတယ်။

ဘီဘီစီက ဝင်းနိမ္မိတာရုံကျောင်းတိုက်က သံဃာ ၂ ပါးထက်မနည်းနဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို ကိုင်တွယ်ပြင်ဆင်ရတဲ့ သံဃာ ၂ ပါး ကတော့ ဝင်းနိမ္မိတာရုံဆရာတော်ကြီးရဲ့ ညာဘက်နားအုံနောက်ဘက်မှာ သေနတ်ကျည်ဒဏ်ရာ‌ရှိနေတယ်လို့ဆိုပါတယ်။

'' ဆေးစစ်ချက်ကိုတော့ ဆရာတော်တို့ ကလိုချင်ပါတယ်။ ဒါပေမဲ့ ရုပ်ကလာပ်တော်ကို ပြန်ရဖို့ကို အားစိုက်ခဲ့ကြတော့ ဆေးစစ်ချက်ကိုမသိကြပါဘူး။ မေးလည်း မမေးဖြစ်သလို သူတို့လည်းမပေးပါဘူး'' လို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်က သံဃာတော် တစ်ပါးကမိန့်ပါတယ်။

ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို ဇွန် ၁၉ ရက် ညပိုင်းက မန္တလေးကနေ ပဲခူးမြို့ကို ပြန်လည်ပင့်ဆောင်ခဲ့တာဖြစ်ပြီး ဇွန် ၂၀ ရက်မနက်အရုဏ် ၄ နာရီအချိန်မှာ ကျောင်းတိုက်ကို ရောက်ရှိခဲ့ပါတယ်။

'' ဦးဇင်းတို့ဆရာတော်ကြီးက ၇ ချက် ၈ ချက်လောက်ပစ်ခံရတဲ့အထဲမှာ ချက်ကောင်းတစ်ချက်ကို သွားမိတာမျိုးဖြစ်နေတယ်။ အချိန်မီဆေးကုသခွင့်လည်းမရခဲ့ဘူး၊ အပြင်မှာလည်းသွေးထွက်လွန်ပြီးအရမ်းကြာသွားတယ်။ ဆရာတော်ရဲ့ မျက်နှာတော်တွေလည်းပြောင်းသွားရတယ်'' လို့ ရုပ်ကလာပ်ကို ကိုင်တွယ်ပြင်ဆင်ရတဲ့ သံဃာတစ်ပါးက မိန့်ပါတယ်။

အသက်ရှင်ကျန်တဲ့ ကန်သုံးဆင့်ဆရာတော်ဘယ်လိုကြုံခဲ့ရလဲ

ပစ်ခတ်ခံရပြီးနောက်မှာ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ရဲ့ ကံတော်ကုန်နေတဲ့ ရုပ်ကလာပ်က ကားထဲမှာ ရှိနေပြီး ကန်သုံးဆင့်ဆရာတော်ကတော့ သွေးအလိမ်းလိမ်းပေကျံနေတဲ့ သင်္ကန်းရုံနဲ့အတူ ကားအပြင်ဘက်မှာ ၂ နာရီထက်မနည်း နေခဲ့ရပါတယ်။

ယာဥ်မောင်းကလည်း လက်သုံးချောင်းပြတ်ထားတဲ့ဒဏ်ရာနဲ့ ပစ်ခတ်မှုဖြစ်တဲ့နေရာမှာပဲ ရပ်နေရတယ်လို့ သိရပါတယ်။

စစ်တပ်အရာရှိလို့ ယူဆရသူက ပစ်ခတ်ခံရတဲ့ ကားအနားကိုမကပ်ဖို့နဲ့ တယ်လီဖုန်း ဆက်သွယ်တာတွေ မလုပ်ဖို့ ကန်သုံးဆင့်ဆရာတော်ကြီးကိုတားမြစ်ခဲ့တယ်လို့ ဆိုပါတယ်။

‘’ ဆွမ်းလည်းမဘုဥ်းပေးရဘဲ အဲဒီနေရာမှာ ၂ နာရီလောက်ကြာခဲ့ပါတယ်’’ လို့ ကန်သုံးဆင့်ဆရာတော်ကြီး ကကြုံခဲ့ရတဲ့အခြေအနေကို မိန့်ကြားပါတယ်။

နာရီနဲ့ချီကြာလာပြီး ဆေးကုသခွင့်လည်းမရတာကြောင့် လာရင်းလမ်းဖြစ်တဲ့ ကမ္မရွာကို ပြန်သွားခွင့်ပေးဖို့ စစ်တပ်အရာရှိကို ကန်သုံးဆင့်ဆရာတော်က မေးခဲ့ချိန်မှာလည်း ချက်ချင်းခွင့်မပြုခဲ့ပါဘူး။

အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်ဘက်က တံတားဦးအထိ လိုက်ပါပို့ဆောင်မယ်လို့ ပြောပေမဲ့ဆရာတော်ကြီးက လက်မခံဘဲ ပန်းချီကမ္မရွာကနေ ကိုယ့်အစီအစဥ်နဲ့ သွားမယ့်အကြောင်းတုံ့ပြန်ခဲ့ပါတယ်။

‘’ နောက်ပိုင်းကျမှ အရှင်ဘုရားရွာကိုကြွပါ။ အရှင်ဘုရားရဲ့ ဖုန်းတွေကိုတော့ ထားခဲ့ပါလို့ပြောပါတယ်’’

‘’ ဘုန်းကြီးတို့ ဒုက္ခအမျိုးမျိုးရောက်ခဲ့ရပါတယ်’’ လို့ ကန်သုံးဆင့်ဆရာတော် က ကိုယ်တိုင်ကြုံခဲ့ရတဲ့အခြေအနေကို ပြန်လည်မိန့်ကြားခဲ့ပါတယ်။

ဇွန် ၁၉ ရက် ညနေ ၅ နာရီခန့်မှာတော့ ကမ္မရွာကနေ ကန်သုံးဆင့်ဆရာတော်ရဲ့ ဒကာရဲ့ ကားနဲ့ တံတားဦးဆေးရုံကိုကြွရောက်ခဲ့သလို ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ရဲ့ ရုပ်ကလာပ် ကိုလည်း မန္တလေး ကုသိုလ်တော်အသင်းရဲ့ကားနဲ့ တံတားဦးဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ရဲ့ ရုပ်ကလာပ် ကို ရက်ရှည်ခံဆေးမထိုးခိုင်းတာကြောင့် ဆေးထိုးဖို့ကိုလည်း ဆရာတော်ကြီးတွေ ကိုယ့်အစီအစဥ်နဲ့ ကိုယ်စီစဥ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

‘’ ဘုန်းကြီးတို့အဲဒီမှာတော်တော်ကြာပါတယ်။ ကြာတဲ့အခါမှာ ဘုန်းကြီးတို့ကို ဘယ်သူမှသိပ်မကူညီပါဘူး။ သူတို့ဘက် က မကူညီပါဘူး ‘’ လို့ ကန်သုံးဆင့်ဆရာတော်က ကိုယ်တွေ့ကြုံခဲ့ရတဲ့အခြေအနေကို ပြန်မိန့်ချိန်မှာထည့်ပြောပါတယ်။

ဒါအပြင် ကျည်မှန်တဲ့ကားမှန်ကွဲစစင်လို့ ဦးခေါင်းဒဏ်ရာရထားတဲ့ ကန်သုံးဆင့် ဆရာတော်ကြီးကို စစ်ကောင်စီဘက်က တံတားဦး ဆေးရုံမှာ ၃ ကြိမ်ထက်မနည်း စစ်မေးတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

‘’ ဘုန်းကြီးကို ခဏခဏလာစစ်တယ်။သူတို့လိုချင်တဲ့စကားလုံးရအောင်။ ဘုန်းကြီးကလည်းအဖြစ်မှန်ကိုပြောတယ်။ သူတို့လိုချင်တဲ့စကားလုံးမရဘူး’’ လို့ ဆိုပါတယ်။

အဲဒီနောက် ကန်သုံးဆင့် ဆရာတော်ကြီးကို တံတားဦးဆေးရုံကတဆင့် စစ်တပ်တပ်စွဲထားတဲ့ မန္တလေးနန်းတွင်းကို ဆေးကုသဖို့ ဆိုပြီး ပင့်ဆောင်သွားခဲ့တာ ည ၉ နာရီအထိ ရှိခဲ့ရတယ်လို့ဆိုပါတယ်။

‘’ တပည့်တော်တို့ဆေးကုပေးမယ်။ တိုင်းမှူးကလည်းမေးစရာရှိတာမေးပါဦးမယ် ဘုရားဆိုပြီး သူတို့မေးစရာရှိတာမေးပါတယ်။ ခေါင်းကို သုံးချက်ချုပ်ပေးပြီး ပတ်တီးစည်းပေးလိုက်ပါတယ်’’

‘’ နန်းတွင်းထဲမှာ ဘုန်းကြီးကို ၅ ခါလောက်စစ်ဆေးပါတယ်။ ဒါပေမဲ့ ဘုန်းကြီးကတော့ ရှေ့ကပြောပြီးသားစကားကို နောက်စကားနဲ့တူအောင် ဘုန်းကြီးထွက်ဆိုပါတယ်။ ည ၁၀ နာရီကျမှ စည်ရှင်ကျောင်းတိုက်( မန္တလေး ၊မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ကျောင်း) ကိုပြန်ရောက်ပါတယ်’’ လို့ ကန်သုံးဆင့် ဆရာတော်ကြီး ဇွန် ၁၉ ရက် တစ်ရက်လုံးဖြစ်ခဲ့တဲ့ဖြစ်စဥ်ကို ရှင်းလင်းမိန့်ကြားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်မှုကို သံဃာထုဝေဖန်

စစ်ကောင်စီထိန်းချုပ် ရုပ်သံမီဒီယာတွေရဲ့ ဇွန် ၁၉ ရက် ညပိုင်းသတင်းထုတ်ပြန်ချက်မှာတော့ မန္တလေးတိုင်း၊ မြို့သာမြို့နဲ့ ပန်းချီကမ္မရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ PDF အဖွဲ့ တို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မူဖြစ်ချိန် ဆရာတော် ၂ ပါးပါတဲ့ကားဟာ PDF အဖွဲ့ရဲ့ပစ်ခတ်မူကို ခံခဲ့ရတယ်ဆိုပြီး ထုတ်ပြန်ပါတယ်။

ဘီဘီစီက ငါန်းဇွန်ဒေသခံအချို့ကို ဆက်သွယ်မေးရာမှာတော့ မြို့သာ - ငါန်းဇွန်လမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို ဆရာတော် နှစ်ပါးပစ်ခတ်ခံရတဲ့နေရာဟာ စစ်ကောင်စီတပ်တွေစိုးမိုးတဲ့လမ်းပိုင်းဖြစ်တယ်လို့ ဖြေကြားကြပါတယ်။

ရွှေကျင်ဂိုဏ်းက သံဃာထုအပါအဝင် သံဃာအများစုကတော့ စစ်ကောင်စီရဲ့ ငြင်းဆို ထုတ်ပြန်ချက်ဟာ ဆရာတော်ကြီးတွေကိုမလေးစားရာရောက်တယ်လို့ တုံ့ပြန်ကြပါတယ်။

ဝင်းနိမ္မိတာရုံကျောင်းတိုက်က သံဃာတစ်ပါးကတော့ '' ဦးဇင်းတို့ ဖြစ်ပျက်သွားတဲ့အခြေအနေကို နားလည်ပေးလို့ရတယ်။ ဒါပေမဲ့ မြဝတီက ည ၈ နာရီသတင်းမှာကျ‌တော့ PDF ကလုပ်တာပါလို့ လိမ်လည်ထုတ်ပြန်တာကအားလုံးကို လုပ်ချင်တာလုပ်မယ်ဆိုတာမျိုး ဖော်ပြနေတယ်။ စစ်တပ်ကို ကိုယ်လုပ်ရင်လုပ်တယ်လို့ ဝန်ခံစေချင်တယ်’’ လို့ မိန့်ကြားပါတယ်။

ဇွန် ၁၉ ရက် က စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မတိုင်ခင်မှာ မန္တလေးတိုင်းသာသနာရေးဦးစီးဌာန၊ သာသနာရေးမှူးရုံးက ညွှန်ကြားရေးမှူး ဦးကျော်လှိုင်ရဲ့ လက်မှတ်ပါတဲ့ ကနဦးအစီရင်ခံက လူမှုကွန်ရက်မှာ တင်ကြိုထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

အဲဒီအစီရင်ခံစာမှာ ကန်သုံးဆင့်ဆရာတော်ရဲ့ ဇာတိ ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာက အပြန် မြို့သာနဲ့ ပန်းချီကမ္မရွာအကြားမှာ လုံခြုံရေးကင်းလှည့်နေသူတွေ( စစ်ကောင်စီတပ်) နဲ့တွေ့ရှိခဲ့ပြီး ကားကိုရပ်တန့်ခိုင်းရာ မှန်မချဘဲ ကားကိုမောင်းနှင်သွားတဲ့အတွက် လုံခြုံရေးတပ်တွေကပစ်ခတ်ခဲ့တာလို့ဖော်ပြခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီထောက်ခံသူတွေက စာအတုဆိုပြီး အစောပိုင်းမှာ ငြင်းချက်ထုတ်ခဲ့ကြပါတယ်။

'' စာကအစစ်ဖြစ်ခဲ့ပြီး ပျံ့နှံ့ခဲ့လို့ သာသနာရေး မန္တလေးရုံးကလူတွေ စစ်ဆေးခံနေရတယ်'' လို့ သာသနာရေးအသိုင်းအဝိုင်းကရင်းမြစ်တစ်ဦးကပြောပါတယ်။

ဇွန် ၂၀ ရက်ညပိုင်း အထိ ဆရာတော် ၂ ပါး ပစ်ခတ်ခံရပြီး ၁ ပါး ပျံလွန်တော်မူခဲ့တဲ့ဖြစ်စဥ်အပေါ်မှာ စစ်ကောင်စီဘက်က ထပ်မံထုတ်ပြန် ဖြေရှင်းတာမျိုးမရှိသေးပါဘူး။

‘’ ဖြစ်စဥ်မှန်ကို စစ်ကောင်စီကိုယ်တိုင်ဝန်ခံဖြေရှင်းပေးဖို့လိုပါတယ်’’ လို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်က သံဃာတစ်ပါးကမှတ်ချက်ပြုပါတယ်။

၂၀၂၁ အာဏာသိမ်းချိန် ဝင်းနိမ္မိတာရုံဆရာတော်ကြီးရဲ့ တုံ့ပြန်မှု

၂၀၂၁ ခုနှစ်စစ်တပ်ကအာဏာသိမ်းချိန် အစောပိုင်းကာလမှာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီးရှုတ်ချကြောင်းနဲ့ ဆန္ဒပြလူထုကိုအထိခိုက်နည်းတဲ့နည်းလမ်းနဲ့ဖြေရှင်းဖို့ဆိုပြီး ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဦးဆောင်ပြီး ပဲခူးမြို့ပေါ်က ဆရာတော်၊ သံဃာတော်တွေက စစ်ကောင်စီကို မေတ္တာရပ်ခံစာထုတ်ပြန်တာရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့တိုးတက်မှုနဲ့ မျိုးဆက်သစ်အနာဂတ်လူငယ်တွေရဲ့ မျှော်လင့်ချက်ကိုရိုက်ချိုးဖျက်ဆီးလိုက်တဲ့ အဓမ္မအာဏာသိမ်းမှုကို လက်မခံမလိုလား‌လို့ မျက်ရည်စိုရွှဲ ငိုပွဲဝင်နေကြတဲ့ အသက်ရင်း ဆန္ဒထုတ်ဖော်နေကြတဲ့ ရဟန်းရှင်လူ ပြည်သူတွေနဲ့ တသဘောထားတည်းရှိတယ်လို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ရဲ့ ပဓာနနာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လက်မှတ်နဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်စာထုတ်ချိန်မှာဝင်းနိမ္မိတာရုံကျောင်းတိုက်အပါအဝင် ပဲခူးမြို့စာသင်တိုက် ၁၁ တိုက်ပါဝင်ခဲ့ပါတယ်။

ဒါအပြင် တာဝန်ရှိသူတွေက မေတ္တာ၊ကရုဏာ၊ပညာ သဘောထားကြီးကြီးမားမားထားပြီး ဓမ္မလမ်း‌ကြောင်းမတိမ်းစောင်းအောင် ထိန်းကျောင်းဖို့ဆိုပြီးလည်း အဲဒီထုတ်ပြန်စာမှာရေးသားထားပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော် ဦးဆောင်ပြီးတောင်းဆိုစာထုတ်ခဲ့တာကြောင့် ဝင်းနိမ္မိတာရုံအနီးမှာ စစ်ကား၊ရဲကား‌တွေရပ်ပြီး ကျောင်းတိုက်စောင့်ကြည့်ခံရတဲ့အခြေအနေကိုကြုံခဲ့ရတယ်လို့ စာသင်သားဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။

'' ပဲခူးမြို့ပေါ်မှာ ဆရာတော်ကြီးဦးဆောင်တဲ့အဖွဲ့ပုံစံဖြစ်သွားတယ်။ ပဲခူးကကျောင်းအားလုံးက ဆရာတော်ကြီးရဲ့ တပည့်တွေအများကြီးရှိနေတော့ ဆရာတော်ကြီးက လူထုတွေထိခိုက်နေလို့ စာထုတ်မယ်ဆိုပြီး မိန့်ခဲ့တယ်။ ဦးဇင်းတို့ကလည်းဆရာတော်ကြီးတောင်ဦးဆောင်တာ တပည့်တော်တို့ ပါဝင်ပါမယ်ဆိုပြီးလက်မှတ်ထိုးပြီးစာထုတ်ခဲ့တာ'' လို့ ဝင်းနိမ္မိတာရုံ က စာသင်သားဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။

အာဏာသိမ်း ၃ နှစ်ခွဲအတွင်းမှာ စစ်ကောင်စီဘက်က ဌာနဆိုင်ရာတွေကတဆင့် ဝင်းနိမ္မိတာရုံကျောင်းတိုက်ကို လှူဖွယ်ပစ္စည်းတွေလာရောက် ဆက်ကပ်တာရှိသလို စစ်ကောင်စီအရာရှိတွေက ဆရာတပည့်လို သဘောထားဖို့အထိလာရောက်ပြောဆိုမှုတွေရှိခဲ့တယ်လို့ စာသင်သား သံဃာအချို့ ကမိန့်ကြားပါတယ်။

ဒါပေမဲ့ စာဝါကိုသာဦးစားပေးတဲ့ဆရာ‌တော်ကြီးက စစ်တပ်နဲ့ ခပ်ခွာခွာနေခဲ့တယ်လို့ စာသင်သား သံဃာအချို့ က သူတို့မြင်ခဲ့ရတဲ့အခြေအနေကို မိန့်ပါတယ်။

တချိန်တည်းမှာပဲ ရွှေကျင်ဂိုဏ်းရဲ့ အထင်ကရ ဆရာတော်ကြီး ၂ ပါးကြုံခဲ့ရတဲ့ ပစ်ခတ်ခံရတဲ့အခြေအနေကို သီတဂူဆရာ‌တော်ကြီး‌အနေနဲ့ တစ်စုံတစ်ရာထုတ်ဖော်မိန့်ကြားသင့်တယ်ဆိုတဲ့ ‌ပြောဆိုချက်တွေလည်းရှိနေပါတယ်။

ရွှေကျင်ဂိုဏ်း တည်ထောင်သူ ရွှေကျင်ဆရာတော်ကြီးကနေ ၁၅ ဆက်မြောက် ဝိဇ္ဇောတာရုံဆရာတော်ထိ ၁၆ ပါးတိတိ ရှိခဲ့ပြီး သီတဂူဆရာတော်က ၁၇ ပါးမြောက်ဖြစ်ပါတယ်။

လက်ရှိမှာ ရွှေကျင်သာသနာပိုင်အဖြစ် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရက သက်တော်ဝါတော်အရ အလိုအလျောက်သာသနာပိုင်ဖြစ်လာပေမဲ့ ရွှေကျင်နိကာယဗဟိုဌာနက တရားဝင်အခမ်းအနားနဲ့ တင်မြှောက်တာမျိုးတော့မရှိသေးပါဘူး။

မြန်မာပြည်မှာ သံဃာ ငါးသောင်းကျော်နဲ့ သြဇာကြီးတဲ့ရွှေကျင်ဂိုဏ်းရဲ့ ကဏ္ဍက နောက်ဆယ်စုနှစ်တွေမှာ ဆက်ပြီးအရေးပါနေဖို့ မျှတတဲ့ဦးဆောင်တုံ့ပြန်မှုလိုအပ်တယ်ဆိုတဲ့ အမြင်တချို့လည်း သံဃာထုတွေကြားမှာရှိနေကြပါတယ်။

ကြခတ်ဝိုင်းမှသည် ဝင်းနိမ္မိတာရုံသို့

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ရဲ့ ပဓာနနာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ကို ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှာ ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ ကုက္ကိုလ်ကျေးရွာ ခမည်းတော် ဦးထွန်းရွှေ၊ မယ်တော် ဒေါ်ကျေးရင်တို့က ဖွားမြင်ခဲ့တဲ့ သားဦးဖြစ်ပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်ဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၇၈ နှစ် ဝါတော် ၅၈ ဝါ ရှိပါတယ်။

သက်တော် ၁၀ နှစ်မှာ ပဲခူး ကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက်ကို ရောက်ခဲ့ပြီး ရှင်သာမဏေဖြစ်ခဲ့ပါတယ်။ သက်တော် ၁၄ နှစ်အရွယ်နဲ့တင် ကြခတ်ဝိုင်းဆရာတော်ကြီး လမ်းညွှန်မှုအောက်မှာ ရှင်သာမဏေတွေကို ရှင့်ကျင့်ဝတ်ပို့ချရသူဖြစ်လာခဲ့ပါတယ်။

တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲအပါအဝင် ရန်ကုန်၊ မန္တလေး၊ သထုံ၊ စတဲ့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က သံဃာစာမေးပွဲတွေအတွက် စာချ၊စာသင်ပေးခဲ့သူဖြစ်သလို လက်ရှိအချိန်အထိ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်က ဝင်းနိမ္မိတာရုံကျောင်းစာသင်တိုက်ကို ဦးစီးပြီး ရဟန်း၊သံဃာတွေကို စာသင်၊စာချ ပို့ချသင်ကြားပေးနေသူ စာပေးကျမ်းဂန်နှံ့စပ်ကျွမ်းကျင်တဲ့ဆရာတော်ကြီးတစ်ပါးအဖြစ် ရဟန်းသံဃာထုကြားမှာထင်ရှားပါတယ်။

ဆရာ‌တော်ကြီးရဲ့ တပည့်သံဃာတွေ ကိုမိန့်မှာတဲ့အချက် နှစ်ချက်ရှိပြီး အမြဲအလေးထားပြောတဲ့ အကြောင်းဆရာတော်ကြီးရဲ့ တပည့်တွေကမိန့်ပါတယ်။

'' နည်းနည်းလေးမှ မပျင်းနဲ့ ပျင်းရင် ဖျင်းလိုက်မယ်၊ ဖျင်းရင် သုံးလို့ မရတော့ဘူး။ အချောင်သမား အချောင်စားရှောင်ရှား'' ဆိုတာ ဆရာတော်ကြီးအမြဲသင် ကြားတဲ့စကားပဲ'' လို့ စာသင်သား သံဃာတစ်ပါးက မိန့်ကြားပါတယ်။

'' သုတ်စဉ် ပါဠိဆိုလို့ ဆိုပုံ မကျရင် ချက်ချင်း စားပွဲခုံပုတ်ပြီး ပြင်ပေး သတိပေးတာ။ ဧကဝုစ် ဗဟုဝုစ် ပါမကျန် မှန်စေချင်လို့ ကိုယ်တိုင် သင်ပေးတော်မူခဲ့တယ်'' လို့ နောက်ထပ် စာသင်သား သံဃာတစ်ပါးက လည်းမိန့်ကြားပါတယ်။

ဆရာတော်ကြီးက မန္တလေးတောင်မြို့ ဆရာ‌တော်ကြီးကို အားကျလေးစားတာကြောင့် စာသင်သားတို့အတွက် ရှင်းတမ်းကျမ်းပေါင်းများစွာကို ပြုစုခဲ့တာလို့ ဆိုပါတယ်။

ကိုရင်ဘဝ အသက် ၁၁ နှစ်မှာတင် ဝိနယာနုဂ္ဂဟသာမဏေရဘာဏကသီလသိက္ခာတန်းကိုအောင်မြင်ခဲ့သူအဖြစ်ထင်ရှားခဲ့ပါတယ်။ သက်တော် ၁၇ နှစ်မှာ အစိုးရဓမ္မာစရိယစာမေးပွဲ ကျမ်းရင်း ၃ကျမ်း ကို တနှစ်တည်းနဲ့ နှစ်ချင်းပေါက်ခဲ့ပြီး တစ်နိုင်ငံလုံး ဒုတိယ အမှတ်အများဆုံး ဖြစ်ခဲ့ပါတယ်။

သက်တော် ၁၈ နှစ်မှာ အင်္ဂုတ္ထရနိကာယပါဠိပါရဂူဘွဲ့ အစိုးရ ဂုဏ်ထူးကျမ်းနဲ့ အင်္ဂုတ္ထရနိကာယပါဠိပါရဂူဘွဲ့ ၊ ပရိယတ္တိသာသနဟိတဓမ္မာစရိယဘွဲ့ ၊ တိပိဋကရွေးချယ်ရေး စာမေးပွဲ သုတ္တန္တပိဋကဒီဃနိကာယ အာဂုံပြန်ဆို အောင်မြင်ခဲ့ပါတယ်။ ပိဋကတ် တပုံဆောင်ဒီဃဘာဏကဘွဲ့ရခဲ့ပြီး သဂြိုဟ်ရှင်းတမ်းအပါအဝင် ကျမ်းပေါင်း ၃၇ ကျမ်းကိုပြုစုခဲ့ပါတယ်။

ဝိနယာဓိက ပရိယတ္တိ ပထမကျော်၊ နိုင်ငံတော်အစိုးရ ပထမကျော်၊ သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ၊ အင်္ဂုတ္တရနိကာယပါဠိပါရဂူ၊ ဒီဃဘာဏက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့များကို ရရှိထားသလို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(ငြိမ်း) ဖြစ်ပါတယ်။

စာဝါ‌လိုက်စားမှုပြင်းထန်ပြီး စာသင်သားတွေများစွာမွေးထုတ်ခဲ့တဲ့ဆရာတော်ကြီးတစ်ပါးဖြစ်တဲ့အလျောက် သံဃဝိနည်းနဲ့ ရွှေကျင်ဂိုဏ်းစည်းကမ်းတွေကိုအထူးအလေးထားတဲ့ဆရာတော်ကြီးထဲ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ပါဝင်ပါတယ်။

လက်ရှိ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်မှာစာသင်သားသံဃာ ၂၄၀ ကျော်ရှိနေပြီး ဆရာတော်ကြီးရဲ့ အန္တိမစျာပနရှိနေချိန်မှာတောင် စာသင်၊စာချမပြတ်ဘူးလို့ စာချဆရာတော်တစ်ပါးကမိန့်ပါတယ်။

'' ဦးဇင်းတို့ဆရာတော်ကြီးက စာဝါနဲ့ပတ်သက်ရင် အပွန်းပဲ့မခံဘူးဗျ။ ဘယ်လိုကိစ္စပဲရှိရှိစာသင်ပျက်တာကို လက်မခံဘူး။ သူ့ကိစ္စကြောင့်လည်း စာသင်ပျက်တာကိုလက်ခံမှာမဟုတ်ဘူး။ ဒါကြောင့် ဦးဇင်းတို့ စာချမပြတ်ကြပါဘူး '' လို့ ကျောင်းတိုက်ဦးဆောင်ဆရာတော်တစ်ပါးကမိန့်ပါတယ်။

ကြခတ်ဝိုင်းကျောင်းတိုက်မှာ နှစ်ပေါင်း ၄၀ ကျော်၊ ကျောင်းတိုက်ခွဲထွက်ပြီး ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်မှာ နှစ်ပေါင်း ၂၀ ကျော် စာသင်၊စာချပြုလုပ်ခဲ့တာဖြစ်လို့ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ တပည့်သံဃာပေါင်းကမရေတွက်နိုင်အောင်ထောင်နဲ့ချီရှိတယ်လို့ သံဃာအသိုင်းအဝိုင်းကမိန့်ပါတယ်။

'' ဦးဇင်းတို့ကတော့ ‌ကိုယ့်ဆရာသမားရုတ်တရက်ကြီး ဒီလိုဖြစ်ပျက်သွားတာလက်မခံနိုင်ဘူးဖြစ်နေတယ်။ ဆရာတော်ကြီးရှိချိန်မှာ စာဝါလိုက်စားတဲ့ ကျောင်းအဖြစ်ရှိနေသလို စည်းကမ်းတင်းကျပ်တာလည်းမှန်ပေမဲ့ ကျောင်းတိုက်ရဲ့ အနာဂတ်ကိုလည်း ရင်မောမိတယ်။ ပူပန်မိတယ်'' လို့ စာသင်သား သံဃာတစ်ပါးက မိန့်ကြားပါတယ်။