ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရွှေကျင်ဂိုဏ်း- တွဲဖက်သာသနာပိုင် စည်ရှင်ဆရာတော်ကြီးပျံလွန်တော်မူ
တွဲဖက်ရွှေကျင်သာသနာပိုင်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်ဆရာတော်ကြီး ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသ ဟာ နိုဝင်ဘာ ၁၉ ရက် မနက် ၉ နာရီခွဲ အချိန်က ခန္ဓာဝန်ချပျံလွန်တော်မူခဲ့ပြီဖြစ်ပါတယ်။ ဆရာတော်ကြီးဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၈၅ နှစ် ၊ဝါတော် ၆၆ ဝါရှိပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးနဲ့ အတူ တွဲဖက်ရွှေကျင်သာသနာပိုင် လေးပါးရှိတဲ့အထဲ စည်ရှင်ဆရာတော်ကြီး က တစ်ပါးအပါအဝင်ဖြစ်ပါတယ်။ တွဲဖက်ရွှေကျင်သာသနာပိုင်လေးပါး က မန္တလေး - မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မတ္တရာသူဌေးကျောင်းဆရာတော် ဘဒ္ဒန္တမာနိတသိရီဘိဝံသ၊ စစ်ကိုင်း - သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ၊ မန္တလေး - မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ကျောင်း နာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသနဲ့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း စစ်ကိုင်း - မဟာသုဗောဓာရုံကျောင်းတိုက်ဆရာတော်ဒေါက်တာဘဒ္ဒန္တနန္ဒမာလာ ဘိဝံသ တို့ဖြစ်ပြီး တွဲဖက်သာသနာပိုင်လေးပါးကို ၂၀၁၈ ခုနှစ်ကရွေးချယ်တင်မြှောက်ခဲ့တာပါ။
ဒါပေမဲ့ မတ္တရာသူဌေးကျောင်းဆရာတော် ဟာ ၂၀၁၈ ခုနှစ်မှာပျံလွန်တော်မူခဲ့တဲ့အတွက် တွဲဖက် ရွှေကျင်သာသနာပိုင် ၃ ပါးသာကျန်ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၂ ခုနှစ် မတ်လမှာ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးဖြစ်တဲ့ ဝိဇ္ဇောတာရုံဆရာတော်ကြီး ဘဒ္ဒန္တဝိဇ္ဇောတ မဟာထေရ်လည်း ပျံလွန်တော်မူခဲ့ပါတယ်။
ဒါ့ကြောင့် တွဲဖက်ရွှေကျင်သာသနာပိုင် ၃ ပါးထဲက သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရက သက်တော်အကြီးဆုံးဖြစ်တဲ့အတွက် အလိုအလျောက်ရွှေကျင်သာသနာပိုင်ဖြစ်လာတဲ့နောက် တွဲဖက်သာသနာပိုင်၂ ပါးသာကျန်ရှိခဲ့တာပါ။
အခုကျန်တဲ့ တွဲဖက်သာသနာပိုင် ၂ ပါးထဲက စည်ရှင်ဆရာတော်ကြီးပျံလွန်တော်မူခဲ့ပြီဖြစ်တဲ့အတွက် တွဲဖက်သာသနာပိုင်အဖြစ် ပါမောက္ခချုပ်ဆရာတော်ကြီးအဖြစ်ထင်ရှားတဲ့ ဒေါက်တာဘဒ္ဒန္တနန္ဒမာလာ ဘိဝံသ တစ်ပါးသာ ရွှေကျင်တွဲဖက်သာသနာပိုင်ထဲကျန်ရှိတာဖြစ်ပါတယ်။
သံဃာမှန်ရင်လုပ်ရမယ့်အလုပ်
စာဝါလိုက်စားမှုပြင်းထန်ပြီး စာသင်သားတွေများစွာမွေးထုတ်ခဲ့တဲ့ဆရာတော်ကြီးတစ်ပါးဖြစ်တဲ့အလျောက် သံဃဝိနည်းနဲ့ ရွှေကျင်ဂိုဏ်းစည်းကမ်းတွေကိုအထူးအလေးထားတဲ့ဆရာတော်ကြီးထဲ စည်ရှင်ဆရာတော် ပါဝင်ပါတယ်။ ဆရာတော်ကြီးရဲ့ တပည့်သံဃာတွေ ကိုမိန့်မှာတဲ့အချက် နှစ်ချက်ရှိပြီး အမြဲအလေးထား ပြောတဲ့ အကြောင်းဆရာတော်ကြီးရဲ့ တပည့်တွေကမိန့်ပါတယ်။
'' ဂန္ထဓုရ - ပရိယတ္တိ စာပေကျမ်းသင်အံပို့ချခြင်းတာဝန်နဲ့ ဝိပဿနာဓုရ - ကမ္မဌာန်းဘာဝနာပွားများ ကျင့်ကြံအားထုတ်ခြင်းကိုလုပ်ရမယ်ဆိုတာအမြဲပြောတယ်။ ဘုန်းကြီးတွေက တစ်ခုမှာပဲ အထူးအလေးထားကြတာများတယ်။ ဒါပေမဲ့ သံဃာဆိုတာနှစ်ခုလုံးကိုအလေးထားကြရမယ်လို့ ဆရာတော်ကြီးကအမြဲမိန့်တယ်'' လို့ တပည့်သံဃာတစ်ဦးက စည်ရှင်ဆရာတော်ကြီးမှာကြားချက်ကို ပြန်ပြောင်းမိန့်ပါတယ်။
စည်ရှင်ဆရာတော်ဟာ စစ်ကိုင်းတိုင်း၊မုံရွာမြို့ ဘုမ္မနိုး(ဆင်ကျွန်းရွာ)ဇာတိဖြစ်ပြီး အဖ တောင်သူ ဦးအောင်ကျော်နဲ့ အမိ ဒေါ်သိန်းမိတို့က မြန်မာသက္ကရာဇ် ၁၃၀၀ပြည့်နှစ် နတ်တော်လ တနင်္ဂနွေနေ့မှာ ဖွားမြင်ခဲ့တာဖြစ်ပါတယ်။ ၁၂ နှစ်သားမှာ ရှင်သာမဏေဖြစ်ခဲ့ပြီး ၁၃ နှစ်သားအရွယ်မှာ ဖခင်ဖြစ်သူရဲ့မွေးရပ်မြေ ဆားလင်းကြီး၊ငါးခုန်ရွာက ဒက္ခိဏာရာမကျောင်းတိုက်ကို ပြောင်းပြီး လောကုတ္တရာစာပေတွေကိုစတင်သင်ယူခဲ့ပါတယ်။
'' ငါးခုန်က ဘုရင်လက်ထက်တွေကတည်းက အဆက်ဆက်သော ဆရာတော်တွေကြီးတွေပေါ်ထွက်တဲ့ ဒေသဆိုတော့ ဆရာတော်ကြီးက သူငါးခုန်ကနေ စာကြီးဝါကြီးသင်ခဲ့ရတာကိုဂုဏ်ယူတယ်။ ဘုန်းကြီးလောကမှာ ''စာတတ်ငါးခုန်၊ စာကုန် မန်ကျည်းတော၊စာပြောသဲအင်း '' ဆိုတာထင်ရှားတယ်။ စာတတ်ရင် ငါးခုန်က ဆိုသလိုပေါ့'' လို့ မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်သစ်ထဲကဆရာတော်တစ်ပါးက မိန့်ပါတယ်။
ဆရာတော်ဟာ သက်တော် ၂၀ မှာ ဥပဇ္စျာယ်ပြုပြီး ၅ နှစ်အတွင်းမှာပဲ သကျသီဟ၊ကျမ်းရင်းသုံးကျမ်း၊ အစိုးရဓမ္မာစရိယပါဠိပါရဂူတန်း၊ ပရိယတ္တိသာဟိတဓမ္မာစရိယတန်းတွေကို အောင်မြင်ခဲ့သူဖြစ်ပါတယ်။ အစိုးရ ဓမ္မာစရိယကျမ်းရင်း ၃ ကျမ်းကို တစ်နှစ်တည်း သုံးကျမ်းစွဲအမှတ်အများဆုံးနဲ့အောင်မြင်လို့ အဲဒီအချိန်က ဗုဒ္ဓဘာသာပုညကုသလ BBMA အသင်းရဲ့ စာတိုက်ဗီရိုနဲ့စာအုပ်ဆုကို ရရှိခဲ့ပါတယ်။
အဲဒီကနေ မန္တလေးတိုင်း၊မဟာဝိသုဒ္ဓါရုံတိုက်သစ်ဆရာတော်ကြီးအဖြစ် အဆင့်ဆင့်ဖြစ်လာခဲ့ပြီး နိုင်ငံတော်ဗဟို သံဃဝန်ဆောင် ၊နိုင်ငံတော်ဝိနည်းဓိုရ်နဲ့နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးဆောင် တာဝန်တွေကိုထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
တိပိဋက ပါဠိ မြန်မာကျမ်းကြီး အတွဲတချို့ကိုရေးသားခဲ့တဲ့ဆရာတော်ကြီးတစ်ပါးဖြစ်ပြီး ရွှေကျင်နိကာယဥပဥက္ကဋ္ဌ၊ မဟာနာယကဆိုတဲ့ဂုဏ်တွေရှိတဲ့ စည်ရှင်ဆရာတော်ကြီးကို ၂၀၂၀ပြည့်နှစ်မှာတော့ အရပ်သားအစိုးရက အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တွေကို ချီးမြှင့်ခဲ့ပါတယ်။
‘’ စည်ရှင်ဆရာတော်ကြီးက နေကောင်းတုန်းကဆိုရင် မနက်တစ်ခါ နေ့လယ်တစ်ခါ သူကိုယ်တိုင် သံဃာစစ်တာ(သံဃာစာရင်းစစ်ဆေးမှု)။ အဲဒီလိုစည်းကမ်းပိုင်းစာပိုင်းကို ဂရုတစိုက်နဲ့ကိုတပည့်တွေကို အုပ်ချုပ်ခဲ့တာ’’ လို့ စည်ရှင်ကျောင်းတိုက်ထွက် ဆရာတော်တစ်ပါးကမိန့်ပါတယ်။
စစ်ခေါင်းဆောင်ကို မေတ္တာရပ်ခံတဲ့ရွှေကျင်
၂၀၂၁ ခုနှစ်စစ်တပ်ကအာဏာသိမ်းချိန်မှာ စည်ရှင်ဆရာတော်ကြီးရဲ့ မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ်က နာယကဆရာတော်တွေနဲ့ ဘိဝံသစာချဆရာတော်တွေက စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီးသဘောထားတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
စာထဲမှာ အချက် ၅ ချက်ကိုဖော်ပြခဲ့ပြီး စစ်အာဏာသိမ်းမှုကြောင့်လူထုက ဝမ်းနည်းသောကရောက် နေရတာ၊၁၉၆၂ ကတည်းကစခဲ့တဲ့စစ်အာဏာသိမ်းမှုတွေကြောင့် နိုင်ငံတကာမှာ ခေတ်အဆက်ဆက် မျက်နှာငယ်ရပြီး ဆင်းရဲမွဲတေတဲ့အကျိုးဆက်ကိုခံစားခဲရတာနဲ့အတူ သံဃာနဲ့ကျောင်းသားတွေ တရားလက်လွတ်ဖမ်းဆီးနှိပ်စက်ခံခဲ့ရတာကို ပမာပြုထားပါတယ်။
ဒါ့ကြောင့် လက်ရှိစစ်အုပ်ချုပ်ရေးကိုမလိုလားကြောင်း နိုင်ငံတဝန်းကန့်ကွက်ဆန္ဒပြနေကြတာကို ပြောပြီး သံဃာနဲ့ ဒကာဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြစ်တာကြောင့် မဟာဝိသုဒ္ဓါရုံတိုက်သစ်က သံဃာထုကလည်း လူထုနဲ့အတူ တစ်သွေးတစ်သားတည်းရှိနေကြောင်းတရားဝင်ထုတ်ပြန်ခဲ့တာပါ။
ဒါတင်မက မဟာဝိသုဒ္ဓါရုံတိုက်သစ် ရွှေကျင်နိကာယဗဟိုကနေ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လိပ်မူပြီး ၂၀၂၁ ခုနှစ် မတ်လမှာ မေတ္တာရပ်ခံစာတစ်စောင်ပို့ခဲ့ပါတယ်။
စာထဲက လက်မှတ်ထိုးမေတ္တာရပ်ခံသူဆရာတော်ကြီးတွေထဲ ရွှေကျင်ဆရာတော်ကြီးတွေအားလုံးပါဝင်ပြီး စည်ရှင်ဆရာတော်ကြီးလည်း တစ်ပါးအပါအဝင်ဖြစ်ပါတယ်။ စာထဲမှာ ဆရာနဲ့ ဒကာဝတ္တရားရှိတာနဲ့ အညီမေတ္တာရပ်ခံတယ်လို့ပြောထားပြီး လက်နက်မဲ့ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ် နှိမ်နင်းတာရပ်ဖို့၊မေတ္တာရှေ့ထားပြီး ဗုဒ္ဓဘာသာကောင်းပီသမှုကိုပြဖို့၊ မင်းကျင့်တရားဆယ်ပါး လုပ်ကိုင်ဆောင်ရွက်ဖို့တို့ ပါဝင်ခဲ့ပါတယ်။
‘’ အာဏာသိမ်းကတည်းက အခုအထိစစ်တပ်နဲ့ ရင်းနှီးတာကို ပေါ်ပေါ်တင်တင်ပြတာ သီတဂူဆရာတော်ကြီး တစ်ပါးပေါ့။ ကျန်တဲ့ စည်ရှင်ဆရာတော်ကြီးအပါအဝင် ရွှေကျင်ထဲကဆရာတော်ကြီးအများစုက အာဏာသိမ်းလိုက်ကတည်းက စစ်တပ်နဲ့ ခပ်ရှင်းရှင်းနေကြတယ်။ ဘယ်ဆရာတော်ကြီးတွေ ခပ်ရှင်းရှင်းနေကြသလဲဆိုတာသတိထားမိရင် အားလုံးသိကြမှာပါ’’ လို့ ရွှေကျင်ဆရာတော်တစ်ပါးက မိန့်ပါတယ်။
အာဏာသိမ်းကာလ မဖြစ်မြောက်လာတဲ့ ရွှေကျင်ဂိုဏ်းအစည်းအဝေး
အင်ကြင်းခက်ကိုင်း ရွှေကျင်ဂိုဏ်း ဆိုတဲ့ မြန်မာသက္ကရာဇ် ၁၂၂၂ ခုနှစ် အေဒီ ၁၈၆ဝ က တည်ထောင်ခဲ့တဲ့ ရွှေကျင်ဂိုဏ်းကြီးဟာ သက်တမ်း နှစ် ၁၆ဝ ကျော်ခဲ့ပါပြီ။ ဂိုဏ်းကို ကြီးမှူးအုပ်ချုပ်တဲ့ သာသနာပိုင် စဉ်ဆက်မှာလည်း ဂိုဏ်းတည်ထောင်သူ ရွှေကျင်ဆရာတော်ကြီးကနေ ၁၅ ဆက်မြောက် ဝိဇ္ဇောတာရုံဆရာတော်ထိ ၁၆ ပါးတိတိ ရှိခဲ့ပြီး သီတဂူဆရာတော်က ၁၇ ပါးမြောက်ဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိမှာ ရွှေကျင်သာသနာပိုင်အဖြစ် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရက သက်တော်ဝါတော်အရ အလိုအလျောက်သာသနာပိုင်ဖြစ်လာပေမဲ့ ရွှေကျင်နိကာယဗဟိုဌာနက တရားဝင်အခမ်းအနားနဲ့ တင်မြှောက်တာမျိုးတော့မရှိသေးပါဘူး။
‘’ ရွှေကျင်သာသနာပိုင်ဆိုတာတကယ်က မဟာဝိသုဒ္ဓါရုံတိုက်သစ်အလယ်ကျောင်းမှာ သီတင်းသုံးရမှာ။ ဒါပေမဲ့ သီတဂူဆရာတော်ကြီးကလည်း လာမနေဘူး။ နောက်တင်မြှောက်ပွဲကလည်း ဗဟိုကလုပ်ပေးရမှာ ဒါပေမဲ့ မဖြစ်သေးတာပေါ့’’ လို့ မဟာဝိသုဒ္ဓါရုံတိုက်သစ်ဆရာတော်တစ်ပါးကမိန့်ပါတယ်။
တစ်ချိန်တည်းမှာပဲ ၂၀၁၈ ခုနှစ်ကရွေးချယ်တင်မြှောက်ခဲ့တဲ့ သာသနာပိုင်တွေ၊ တွဲဖက်သာသနာပိုင်တွေ လည်း ပျံလွန်တော်မူကြလို့ အခုဆို သာသနာပိုင်တင်မြှောက်တဲ့ တရားဝင်အခမ်းအနားအပြင် တွဲဖက်သာသနာပိုင်တွေအတွက်လည်း ပြန်လည်တင်မြှောက်ရွေးချယ်ရမှာဖြစ်ပါတယ်။
ရွှေကျင် သာသနာပိုင်နဲ့တွဲဖက်သာသနာပိုင်တွေရဲ့အောက်မှာ ရွှေကျင် ဂိုဏ်းလုံးဝန်ဆောင်အဖွဲ့ဆိုတာရှိတယ်။ တွဲဖက်သာသနာပိုင်တွေကိုဂိုဏ်းလုံးဝန်ဆောင်ကရွေးတာရှိသလိုဂိုဏ်းလုံးဝန်ဆောင်အောက်သဘောတူတဲ့ဆရာတော်တွေကိုပြန်ရွေးတာမျိုးရှိပါတယ်။
‘’ ရွှေကျင်မှာ ဂိုဏ်းလုံးဝန်ဆောင်အဖွဲ့ကအဓိကပဲ။ ဒါပေမဲ့ ၃ နှစ်တစ်ကြိမ်ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ရွှေကျင်ဂိုဏ်းအစည်းအဝေးက ပထမတော့ကိုဗစ်၊ နောက်တော့အာဏာသိမ်းတယ်။ အာဏာသိမ်းတော့ ဆရာတော်တွေကြားမှာ နိုင်ငံရေးအခြေအနေကိုလက်မခံကြတာရှိတယ်။ အဲဒီတော့ဒီအစည်းအဝေးတွေကို မလုပ်ချင်ကြဘူး’’ လို့ ဝိသုဒ္ဓါရုံတိုက်သစ်ထဲက ဆရာတော်တစ်ပါးကမိန့်ပါတယ်။
ရွှေကျင်ဂိုဏ်းကြီးဟာ မြန်မာပြည်က အစိုးရ အသိအမှတ်ပြုတဲ့ သံဃာဂိုဏ်းကြီး ၉ ဂိုဏ်းထဲမှာ ဒုတိယသံဃာအများဆုံးဂိုဏ်းဖြစ်ပြီး သာသနာပိုင်သီးခြားရှိတဲ့ ဂိုဏ်းလည်း ဖြစ်ပါတယ်။
မြန်မာပြည်မှာ သံဃာ ငါးသောင်းကျော်နဲ့ သြဇာကြီးတဲ့ သံဃာဂိုဏ်းတခုအနေနဲ့ ရွှေကျင်ဂိုဏ်းရဲ့ ကဏ္ဍက နောက်ဆယ်စုနှစ်တွေမှာ ဆက်ပြီး အရေးပါနေဖို့လည်း ရှိပါတယ်။ ရွှေကျင်မှာသြဇာညောင်းတဲ့ စာကြီးပေတတ် ဆရာတော်ကြီးတွေတော့ရှိနေပါသေးတယ်။
‘’ စည်ရှင်ဆရာတော်ကြီးက စည်းကမ်း၊ဝိနည်း နဲ့ ဂိုဏ်းမူကိုအလေးထားတယ်။တင်းကျပ်တယ်။ ကျောင်းမှာဆိုစာသင်ကိုယ်တော်တွေကိုမိန့်တယ်။ ‘’စည်ရှင်မရှိရင်သာသနာကွယ်ပြီ’’ ဆိုတာမျိုးအထိပြောတာ။စည်ရှင်ရဲ့စည်းကမ်းကတင်းကျပ်လွန်းလို့ ‘’ ဆိုပြီး ဆရာတော်မကြာခဏမိန့်ဖူးတဲ့စည်းကမ်းတင်းကျပ်မှုကို စည်ရှင်တပည့်သံဃာတစ်ပါးက ပြန်ပြောင်းမိန့်ပါတယ်။