ထိုင်းသင်္ကြန်ကို ဧပြီတစ်လလုံးကျင်းပဖို့စီစဉ်

ဓာတ်ပုံ ရင်းမြစ်, AFP
နိုင်ငံခြားသားခရီးသည်တွေကို ဆွဲဆောင်နိုင်ဖို့အတွက် လာမယ့် ၂၀၂၄ ခုနှစ်ကစလို့ ထိုင်းသင်္ကြန်ပွဲတော် (ဆုန်ခရမ်ပွဲ) ကို သုံးရက်တာကျင်းပတာမျိုးမဟုတ်ဘဲ ဧပြီတစ်လတာလုံး ကျင်းပနိုင်ဖို့ စီစဉ်နေပြီလို့ ထိုင်းဘက်ကလာတဲ့သတင်းတွေအရ သိရပါတယ်။
"Soft Power" လို့ပြောတဲ့ ယဉ်ကျေးမှုကနေ ကမ္ဘာကိုထိုးဖောက်နိုင်ဖို့အတွက် အခုလိုပြောင်းလဲတာ ဖြစ်ကြောင်း ဖုထိုင်းပါတီခေါင်းဆောင်လည်းဖြစ်သလို အမျိုးသားယဉ်ကျေးမှုထိုးဖောက်ရေး မဟာဗျူဟာကော်မတီ (National Soft Power Strategy Committee /NSPSC) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စ Paetongtarn Shinawatra က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
မနေ့ သောကြာနေ့တုန်းကပြောကြားချက်အရ ထိုင်းသင်္ကြန်ကို ကမ္ဘာ့အကောင်းဆုံးပွဲတော် ဖြစ်လာစေဖို့အတွက် ကော်မတီအတွင်း အတည်ပြုချက်ရထားပြီလည်းဖြစ်ပါတယ်။
“လာမယ့်နှစ်ကစလို့ သင်္ကြန်ပွဲတော်ကို သုံးရက်ပဲ ရေပက်တာမျိုးမဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပမယ့် ပွဲတွေနဲ့ တစ်လလုံးလုံး ရေပက်ကြလိမ့်မယ်” လို့ မစ္စ Paetongtarn Shinawatra က ပြောခဲ့ပါတယ်။
ထိုင်းဘတ်ငွေ (၅.၁)ဘီလီယံကျော် အသုံးပြုသွားဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, AFP
ကော်မတီရဲ့ ခန့်မှန်းဘတ်ဂျက်အရလည်း ထိုင်းဘတ်ငွေ (၅.၁)ဘီလီယံကျော် အသုံးပြုသွားဖို့ရှိနေပါတယ်။
အဓိကအသုံးစရိတ်တွေအဖြစ် ကဏ္ဍအလိုက်ခွဲခြားသတ်မှတ်ထားပြီး ပွဲတော်အခမ်းအနား (၁) ဘီလီယံ၊ အစားအသောက်ရေးရာ (၁) ဘီလီယံ၊ ခရီးသွားဝန်ဆောင်မှု ဘတ်ငွေ (၇၁၁) မီလီယံ၊ ဖျော်ဖြေရေး(၅၄၅) မီလီယံ ၊ အားကစား မီလီယံ (၅၀၀) ၊ ထိုင်းအနုပညာ (၃၈၀) မီလီယံ နဲ့ တီထွင်ဖန်တီးမယ့်ဒီဇိုင်းလက်ရာ (၃၁၀) မီလီယံ၊ ဂီတ (၁၄၄) မီလီယံ အပါအဝင် (၆၉) မီလီယံကိုတော့ စာအုပ်တွေအတွက် သုံးစွဲဖို့ ရည်ရွယ်ထားပါတယ်။
အခုလို ယဉ်ကျေးမှုထိုးဖောက်ဖို့အတွက် ထိုင်းအစိုးရဘက်ကလည်း Soft Power ဥပဒေကို ခွင့်ပြုပေးဖို့ရှိနေပြီး ထိုင်းတီထွင်ဖန်တီးမှုဆိုင်ရာအေဂျင်စီ (Thailand Creative Content Agency /Thacca) ကိုလည်း ထူထောင်ဖို့ရှိနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြပါတယ်။
အဲဒီ Thacca အေဂျင်စီအောက်မှာ ကော်မတီခွဲ ၁၂ ခုထားရှိပြီး မတူညီတဲ့ကဏ္ဍတွေက ယဉ်ကျေးမှုတွေထိုးဖောက်နိုင်ဖို့ တာဝန်ယူဆောင်ရွက်ကြလိမ့်မယ်လို့ NSPSC က တရားဝင်ထုတ်ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Siam Paragon, Siam Center နဲ့ Siam Discovery malls စတဲ့ ဈေးဝယ်စင်တာတွေကို ဦးစီးနေတဲ့ Siam Piwat ကုမ္ပဏီအကြီးအကဲ Chadatip Chutrakul ရဲ့ အပြောအရလည်း လာမယ့်နှစ် ထိုင်းသင်္ကြန်ပွဲတော်တိုးအတွက်ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ် တစ်နှစ်တာလုံးမှာ ပွဲအခမ်းအနားပေါင်း တစ်သောင်းကျော် ကျင်းပဖို့ စီစဉ်ထားပြီလို့ ပြောပါတယ်။
ဒါကြောင့် ၂၀၂၄ ခုနှစ်ထဲမှာ ဘန်ကောက်မြို့တော်ကလွဲလို့ ကျန်တဲ့ခရိုင်အလိုက် ရိုးရာယဉ်ကျေးမှုတွေ ကိုထုတ်ဖော်ပြီး ရေကစားပွဲတော်တွေကို ဧပြီတစ်လလုံးကျင်းပဖို့ရှိနေတာလည်းဖြစ်ပါတယ်။
ဒီလိုကျင်းပနိုင်ဖို့အတွက်လည်း ကျေးရွာအလိုက်ဒေသခံတွေကို ပွဲတော်တွေဦးစီးကျင်းပ နိုင်ဖို့သင်တန်းပေးသွားမယ့်အပြင် မိုဘိုင်းလ်ဖုန်းအက်ပလီကေးရှင်းနဲ့ပါ ထိုင်းသင်္ကြန်ပွဲတော်အကြောင်း နိုင်ငံခြားသားတွေသိအောင် ဆောင်ရွက်ဖို့လည်းရှိနေပါတယ်။
ဒါအပြင် ထိုင်းသင်္ကြန်ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ် ကျေးမှုအမွေအနှစ်စာရင်းထဲ ထည့်နိုင်ဖို့ အခုဒီဇင်ဘာလမှာကျင်းပဖို့ရှိတဲ့အစည်းအဝေးမှာ တရားဝင်ကြေညာဖို့ရှိနေပါတယ်။









