ရွှေသောင်ယံမှာ ခံစစ်ပြင်

လွန်ခဲ့တဲ့ ၇ နှစ်က ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခဲ့တဲ့ ရွှေသောင်ယံကမ်းခြေအနီးကို အခုတော့ တကယ့်တိုက်ပွဲတွေ ရောက်လာခဲ့ပါပြီ။

ရွှေသောင်ယံကို ဦးတည်လာတဲ့ တင့်ကား၊ အမိုးပိတ်ထားတဲ့ စစ်ကားတွေအပါအဝင် စစ်သုံးမော်တော်ယာဉ်မျိုးစုံဟာ ပုသိမ်- ရွှေသောင်ယံ ကားလမ်းတစ်လျှောက် လမ်းတွေပိတ်တဲ့အထိ များခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကမ်းခြေပတ်လမ်းကနေ ပင်လယ်ပြင်ကို ကြည့်လိုက်ရင်လည်း "မျက်စိတဆုံး ရေတပ်သင်္ဘော အစီး ၂၀ ထက်မကကို တွေ့ရတယ်"လို့ ရွှေသောင်ယံမြို့ခံတစ်ဦးက ပြောပါတယ်။

မြန်မာစစ်တပ်စစ်တပ်ရဲ့ ၂၀၁၈ ခုနှစ်က ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်မှုပြီးတဲ့နောက် ဒီလောက်များတဲ့ စစ်ရေးပြင်ဆင်မှုတွေကို မြို့ခံတွေ နီးနီးကပ်ကပ် မြင်တွေ့ရတာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လေးနှစ်နီးပါးမှာ တိုင်းနဲ့ ပြည်နယ်အနှံ့မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေ ဖြစ်ကြပေမဲ့ ဧရာဝတီတိုင်းထဲမှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိသလောက်နီးပါး နည်းခဲ့တာပါ။

ဧရာဝတီတိုင်းနဲ့ထိစပ်နေတဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကို အာရက္ခတပ်တော်- အေအေ က ထိုးစစ်ဆင်နေချိန်ကစလို့ ဂွမြို့ကို အေအေရရင် ဧရာဝတီတိုင်းထဲကို စစ်ပွဲ‌တွေ ကူးလာနိုင်တယ်ဆိုပြီး ခန့်မှန်းခဲ့ကြပါတယ်။

ဒီခန့်မှန်းချက်က ဒီနှစ်ဆန်းပိုင်းမှာ အမှန်တကယ်ဖြစ်လာပြီး အာရက္ခတပ်တော်၊ ကျောင်းသားလက်ရုံးတပ်ဖွဲ့နဲ့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေး ပူး‌ပေါင်းတပ်တွေဟာ ဂွမြို့နယ်နဲ့ ရွှေသောင်ယံမြို့ ကြားက ကျောက်ချွန်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို စပြီး သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီကနေတဆင့် မကျီးဇင်ရွာကို ပြီးခဲ့တဲ့ နှစ်ရက်လောက်ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာကနေ မကျီးဇင်ရွာရဲ့ တိုက်နယ်ဆေးရုံကို ဇန်နဝါရီ ၁၀ ရက်မှာ သိမ်းပိုက်ရရှိတယ်လို့ စစ်ရေးအရင်းအမြစ်က အတည်ပြုပါတယ်။

မကျီးဇင်ရွာဟာ ရွာကြီးတစ်ခုဖြစ်ပြီး တိုက်ပွဲအတွင်းမှာ လေကြောင်းကနေတိုက်ခိုက်တာ၊ ရေကြောင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် နေအိမ်တွေ ပျက်စီးဆုံးရှုံးတာတွေလည်း များတယ်လို့ သူကပြောပါတယ်။

မကျီးဇင်ရွာကနေ ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေဟာ ကုလားချောင်းကျေးရွာကို ရောက်သွားပြီး ထပ်ဖြည့်အင်အား အင်အား ၂၀၀ ဝန်းကျင်နဲ့ ပူးပေါင်း တိုက်ခိုက်ကြပါတယ်။

ဒါပေမဲ့ အေအေရဲ့ ထိုးစစ်ကို မတွန်းလှန်နိုင်ဘဲ ဘောမိကျေးရွာမှာ အမြောက်တပ်ဆင်ထားတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာကို ထပ်ပြီးဆုတ်ခွာသွားတာကြောင့် ဘောမိကျေးရွာမှာ မနေ့က စပြီး ဒီနေ့ ဇန်နဝါရီ ၁၁ ရက်အထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

"စစ်တပ်က ဆုတ်သွားတဲ့လမ်းကြောင်းမှန်သမျှ အေအေ က ရှေ့တိုးလိုက်သွားတာမျိုးပေါ့၊ အစပိုင်းက ရေတပ်ကနေပဲ လက်နက်ကြီးနဲ့ ပစ်တာ၊ ၉ ရက်နဲ့ ၁၀ ရက်မှာဆို လေကြောင်းကနေ ဆက်တိုက်ပစ်နေတာ၊ ဒီနေ့လည်း တိုက်ပွဲပြင်းနေတုန်းပဲ"လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

အစပိုင်းတုန်းက ဂွနဲ့ ဆက်စပ်နေတဲ့ ဧရာဝတီတိုင်း ထဲက ငါးသိုင်းချောင်း၊ ရေကြည်ဘက်ကို တိုက်ပွဲဦးတည်နိုင်တယ်လို့ စစ်ရေးစောင့်ကြည့်သူတွေက ခန့်မှန်းခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီလမ်းကြောင်းမဟုတ်ဘဲ ပင်လယ်ဘက် ကမ်းခြေလမ်းကြောင်းအတိုင်း ဝင်လာခဲ့တာဖြစ်ပါတယ်။

"ငသိုင်းချောင်းဘက်ကဝင်ရင် တပ်ရင်းဌာနချုပ်တွေ၊ အထိုင်တွေရှိတယ်။ သူတို့ ဦးတည်တာက ပုသိမ်ထက် မော်တင်စွန်းဖြစ်နိုင်တယ်၊ မော်တင်စွန်းကနေ ဟိုင်းကြီးကျွန်းကိုပါ ဦးတည်တဲ့ သဘောရှိတယ်"လို့ စစ်ရေးလမ်းကြောင်းကို CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

စစ်ရေးပြခဲ့တဲ့ ရွှေသောင်ယံမှာ ခုခံစစ်ပြင်နေ

ဧရာဝတီတိုင်းထဲကို တိုက်ပွဲတွေ စဝင်လာပြီးနောက်ပိုင်း ပြီးခဲ့တဲ့ သုံးရက်လောက်ကစလို့ တိုက်ပွဲဖြစ်ပွားတဲ့ ရွာတွေနဲ့ ၁၈ မိုင်ဝန်းကျင်လောက်သာ အကွာအရေးရှိတဲ့ ရွှေသောင်ယံကမ်းခြေမှာ ကြည်း၊ ရေ၊ လေ အင်အားဖြည့်တာတွေ ရှိလာခဲ့ပါတယ်။

ရွှေသောင်ယံကမ်းခြေဆိုတာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တုန်းက စစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့ဖူးတဲ့ နေရာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ ရွှေသောင်ယံမြို့ကတော့ နှစ်ဘက် စစ်ရေးအရရော၊ ဗျူဟာအရရော အရမ်းအရေးကြီးတဲ့ နေရာမဟုတ်ဘူးလို့လည်း စစ်ရေးအကဲခတ်တွေက ပြောပါတယ်။

"အဲ့တုန်းကဆင်ဖြူရှင် စစ်ကြောင်းဆိုပြီးတော့ ကြည်း၊ ရေ၊ လေ ၊ တင့်၊ ကမ်းတက်တပ်ဖွဲ့တွေနဲ့ပါ အကုန်အစုံ စစ်ရေးလေ့ကျင့်မှုကြီးကို ငွေကုန်ကြေးကျခံပြီး ကမ္ဘာကြီးကို ပြလိုက်တာ ရှိတယ်ပေါ့နော်။ သူတို့ရဲ့ Global Power ၃၈ အဆင့်ရှိတယ်ဆိုတာကို ပြခဲ့တာပေါ့။ အခုတော့ သူတို့လုပ်ပြထားတဲ့ ရွှေသောင်ယံစစ်ရေးပြခဲ့တဲ့ နေရာကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းလိုက်ပြီဆိုရင် မြန်မာစစ်တပ်က ရုပ်ပြပါဆိုတာကို ကမ္ဘာကြီးက မြင်သွားနိုင်တယ်ပေါ့လေ"လို့ စစ်ရေးသုံးသပ်သူ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

အခုတော့ အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေကို ခုခံဖို့ စစ်ရေးပြင်ဆင်တာတွေ ဆက်တိုက်ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စစ်ရေးလေ့ကျင့်တာ လုပ်ခဲ့တဲ့ ဝက်သေရွာမှာပဲ သူတို့ပြန်ပြီး ပြင်ဆင်နေကြတာက ၂၀၁၈ တုန်းက လုပ်ခဲ့တဲ့ ပုံစံမျိုးလို တွေ့ရတယ်။ ကမ်းခြေပတ်လမ်းမှာဆို သူတို့ စစ်ကားတွေချည်းပဲ၊ အမြန်တွေ ဘယ်လောက်မောင်းလဲဆိုရင် ခွေးတွေ အတိုက်ခံရပြီး သေတာမျိုးတောင်ရှိတယ်"လို့ ရွှေသောင်ယံ ဒေသခံတစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ တုန်းကလည်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့အတူ စစ်တပ်ထိပ်တန်းအရာရှိကြီးတွေက ပုသိမ်မြို့ကို ရောက်ခဲ့ပါတယ်။

ဒုတိယစစ်ခေါင်းဆောင်ရဲ့ ပုသိမ်ခရီးစဥ်မှာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် တို့လိုက်ပါခဲ့ကြပြီး တိုင်း၀န်ကြီးချုပ်၊ တိုင်းမှူးတို့နဲ့ နယ်မြေဒေသလုံခြုံရေး ဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ က ထုတ်ပြန်ပါတယ်။

'' အေအေ ဝင်လာရင် တုံ့ပြန်ဖို့ ပြင်ဆင်ထားဖို့အတွက် တိုင်းမှူးကိုစစ်ဆင်ရေး လမ်းညွှန်တယ်။ လေချုပ် နဲ့ ရေချုပ် ကို သက်ဆိုင်ရာ အပိုင်းကဝင်ပါဖို့ မှာကြားတယ်။ တပ်ဖွဲ့တွေကို စိတ်ဓါတ်မြင့်တင်ရေးလုပ်တယ်'' လို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်က ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်ရှောင်အတွေ့အကြုံကို စတင်ရင်ဆိုင်ရတဲ့ ဧရာဝတီတိုင်းသားတွေ

တိုက်ပွဲတွေ စတင်တဲ့ ဇန်နဝါရီ လဆန်းပိုင်းလောက်ကစလို့ ထိုးစစ်ဆင်မယ့် ကျေးရွာတွေကို အာရက္ခတပ်တော် AA က သတိပေးပြီး ထွက်ခွာခိုင်းခဲ့ပါတယ်။

တိုက်ပွဲဖြစ်နေချိန်မှာ ထွက်မပြေးနိုင်ဘဲ ပိတ်မိနေတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေ အပါအဝင် အရပ်သား ၅၀ ဝန်းကျင်လောက်ကို အေအေက ကယ်ထုတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတွေကြား ပိတ်မိနေတဲ့ မကျီးဇင်ရွာနဲ့ ကုလားချောင်းရွာက ဒေသခံ ၆ ယောက်လောက် သေဆုံးသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

"တိုက်ပွဲဆိုတာလည်း မကြုံဖူးတော့ စစ်ပွဲတွေ လာမှာကိုလည်း ကြိုပြီးတော့ သတိထားသူတွေလည်း ရှိကြပါတယ်။ တချို့ကလည်း သေနတ်သံကြားမှ၊ လေကြောင်းသံကြားမှ ရွှေ့မယ့်သူတွေလည်းရှိတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီတိုက်ပွဲတွေ မစခင်က ရခိုင်တိုက်ပွဲတွေကနေ ရွှေသောင်ယံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်တွေက နှင်ထုတ်တာ၊ မှတ်ပုံတင်မှာ ရခိုင်ပါတာနဲ့ စစ်ဆေးတင်းကျပ်တာတွေ လုပ်ခဲ့ကြပါတယ်။

ရခိုင်စစ်ဘေးရှောင်တွေကို ကူညီပေးတဲ့ မြို့ခံတွေကိုလည်း ကန့်သတ် သတိပေးခံရတာတွေ ရှိခဲ့တယ်လို့ ရွှေသောင်ယံမြို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အခုတော့ ရခိုင်စစ်ဘေးရှောင်တွေ သာမက ရွှေသောင်ယံမြို့ခံတချို့ လည်း ပုသိမ်၊ ရန်ကုန်ကို တိမ်းရှောင်ကြတာတွေလည်း ရှိလာပါတယ်။

ပုသိမ်မြို့မှာဆိုရင် အရင်က ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေ ရောက်လာခဲ့ကြပြီး ဒီတစ်ရက် ၊ နှစ်ရက်အတွင်းမှာတော့ ရွှေသောင်ယံမြို့ ဘောမိဘက်က စစ်ဘေးရှောင်တွေလည်း ရောက်လာကြတယ်လို့ ပုသိမ်မြို့ခံက ပြောပါတယ်။

"ကိုယ့်အိုး၊ ကိုယ့်အိမ်ကို သော့အထပ်ထပ်ခတ်ပြီး စစ်ဘေးရှောင်ရတာ တကယ်မလွယ်ပါဘူး"လို့ စစ်ဘေးရှောင်တစ်ယောက် ဖြစ်လာတဲ့ ရွှေသောင်ယံမြို့ခံက ပြောပြပါတယ်။

အခုချိန်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာနဲ့ ကမ်းခြေတဆက်တည်းဖြစ်နေတဲ့ ချောင်းသာ၊ ငွေဆောင် ကမ်းခြေတွေကို လည်ပတ်တာတွေကိုလည်း မလုပ်သင့်သေးဘူးလို့ စစ်ရေးစောင့်ကြည့်သူတွေက သတိပေးထားကြပါတယ်။