ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂျပန်ရဲ့'သံမဏိ အမျိုးသမီး' ဆာနာအဲ တာကာအိချိဆိုတာ ဘယ်သူလဲ
- ရေးသားသူ, တင်ရွှီ ယွန်း
- ရာထူးတာဝန်, ဘီဘီစီသတင်း
- ဖတ်ရန်အချိန်: မိနစ် ၉
ဂျပန်ရဲ့ ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ ဦးဆောင်တဲ့ လစ်ဘရယ် ဒီမိုကရက်ပါတီ (Liberal Democrat Party - LDP)ဟာ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရပြီး စံချိန်သစ်တခုကို တင်လိုက်ပါတယ်။
LDP ဟာ တနင်္ဂနွေနေ့ (၈ ရက် ဖေဖော်ဝါရီလ ၂၀၂၆ )က လုပ်တဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၄၆၅ နေရာထဲက ၃၁၆ နေရာမှာ အနိုင်ရလိုက်တာပါ။
သူတို့ ပါတီ တခုတည်းကနေ အောက်လွှတ်တော် အမတ်နေရာ ၃ ပုံ ၂ ပုံကျော်ကို အနိုင်ရခဲ့တာဖြစ်ပြီး အခုလွှတ်တော်ပုံစံသစ်ကို စတင်ခဲ့တဲ့ ၁၉၄၇ နှစ်က စပြီးကြည့်ရင် ပါတီ တပါတီက ဒီလောက်နိုင်တာဟာ ဒါပထမဆုံးပါ။
လစ်ဘရယ်ဒီမိုကရက် ပါတီရဲ့ မိတ်ဖက်ပါတီဖြစ်တဲ့ ဂျပန် ဆန်းသစ်ပြောင်းလဲရေးပါတီ (Japan Innovation Party) က အမတ် နေရာ ၃၆ နေရာနိုင်ပြီး သူတို့ ၂ ပါတီပေါင်းရင် အမတ်နေရာပေါင်း ၃၅၂ နေရာကို ရလိုက်တာပါ။
တာကာအိချိဟာ အရင်တုန်းက အစိုးရဝန်ကြီး ဖြစ်ဖူးတယ်၊ တီဗီမှာလည်း တင်ဆက်သူ လုပ်ဖူးသလို ဟက်ဗီးမက်တဲလ် တီးဝိုင်းတခုမှာလည်း ဒရမ်တီးသမား လုပ်ခဲ့ဖူးပါတယ်။ သူ့ပါတီမှာ ခေါင်းဆောင်ဖြစ်လာပြီးတဲ့နောက် ရွေးကောက်ပွဲကို ၄ လနီးပါး စောခေါ်လိုက်ကာ အခုလို ပြည်သူ့ ထောက်ခံမှုကို ရယူလိုက်တာပါ။
သူ့ရဲ့ ပုဂ္ဂိုလ်ရေးကျော်ကြားမှုက သူ့ပါတီအပေါ် လူထုထောက်ခံမှု ပိုမိုတက်လာစေခဲ့ပြီး သူ့အစိုးရဟာ လူထုစစ်တမ်းတွေအရ လူကြိုက်များမှု ၇၀% အထက်မှာ အများအားဖြင့် ရှိတတ်ပါတယ်။
နိုင်ငံမှာ ကြုံနေရတဲ့ တုန့်ဆိုင်းနေတဲ့ စီးပွားရေး၊ လခက မတက် ကုန်စျေးနှုန်းက ထိုးတက်လာတာကို ရင်ဆိုင်နေရတဲ့မိသားစုတွေ၊ ကလေး မွေးဖွားနှုန်းကျဆင်းနေမှု၊ ပထဝီနိုင်ငံရေး တင်းမာနေမှုစတာတွေကို သူ ဆက်ပြီး ရင်ဆိုင်သွားရမှာပါ။
အစောပိုင်းတုန်းက အလုပ်အကိုင်
၁၉၆၁ ခုနှစ်က နာရာ စီရင်စုနယ်မှာ တာကာအိချိကို မွေးဖွားပါတယ်။ ဖခင်က ရုံးဝန်ထမ်း ဖြစ်ပြီး မိခင်ကတော့ ရဲမေပါ။ သူကြီးပြင်းခဲ့ရတဲ့ဘဝဟာ နိုင်ငံရေးလောကနဲ့ အလှမ်းကွာလှပါတယ်။
ဟက်ဗီးမက်တဲလ် ဒရမ်မာတယောက်ဖြစ်တဲ့ သူဟာ ဒရမ်တီးတဲ့တုတ်တံတွေ ခဏခဏ ကျိုးတတ်လို့ အပိုတွေအများကြီးဆောင်ထားတတ်တဲ့ ဒရမ်မာတယောက်အဖြစ် နာမည်ကြီးပါတယ်။ ပင်လယ်ပြင်အောက် ရေငုပ်တာလည်း သူ ဝါသနာပါသလို ကားတွေကိုလည်း စိတ်ဝင်စားသူပါ။ သူ့အကြိုက် တိုရိုတာ စူပရာ (Toyota Supra)တစ်စီးဆိုရင် အခု နာရာပြတိုက်မှာ ပြသထားတာကို တွေ့ရပါတယ်။
တာကာအိချိတယောက် နိုင်ငံရေးထဲ မဝင်ခင်တုန်းက သူ ရုပ်မြင်သံကြားမီဒီယာတခုမှာ တင်ဆက်သူအဖြစ် ခဏတာ လုပ်ခဲ့ဖူးပါသေးတယ်။
အမေရိကန်နဲ့ ဂျပန်အကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေဖြစ်နေတဲ့ ၁၉၈၀ ပြည့်နှစ်ပိုင်းတွေမှာ သူ နိုင်ငံရေးကို စိတ်ဝင်စားလာတာပါ။ ဂျပန်အပေါ် အမေရိကန်က အမြင်သဘောထားတွေကို နားလည်အောင် လုပ်မယ်ဆိုတဲ့ မျှော်ရည်ချက်နဲ့အတူ ဂျပန်အစိုးရကို ဝေဖန်စောကြောလေ့ရှိတာကြောင့် လူသိများတဲ့ အမေရိကန်က ဒီမိုကရက်အမျိုးသမီး လွှတ်တော်အမတ် ပက်ထရစ်ရှာ ရှခိုဒါရဲ့ရုံးမှာ သူ အလုပ်ဝင်ခဲ့ပါတယ်။
အမေရိကန်တွေဟာ ဘာသာစကားတွေ၊ အစားအစာ ဟင်းလျာတွေနဲ့ ပတ်သက်ရင် ဘယ်ဟာက ဂျပန်၊ ဘယ်ဟာက တရုတ်၊ ဘယ်ဟာက ကိုရီးယား ဆိုတာကို ကွဲပြားအောင် မခွဲနိုင်တာကို တာကိအိချိ သိလာပါတယ်။ ဂျပန်ကို တရုတ်နဲ့ ကိုရီးယားတို့နဲ့ အတူတူပဲဆိုပြီး တစ်အုပ်စုထဲ ထည့်ထားတာကိုလည်း သူ တွေ့လာရပါတယ်။
"ဂျပန်အနေနဲ့ သူ့ကိုယ်သူ မကာကွယ်ဘူးဆိုရင် သူ့ကံကြမ္မာဟာ အမေရိကန်တို့ ခပ်ပါးပါးလေး သိထားတဲ့ အသိအမြင် အပေါ်မှာ မူတည်သွားလိမ့်မယ်" လို့ တာကာအိချိက ခံယူခဲ့ပါတယ်။
လွှတ်တော်အမတ် ဘဝ
၁၉၉၂ ခုနှစ် ဂျပန်လွှတ်တော်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအမတ်အနေနဲ့ သူ ပထမဆုံးအကြိမ် ဝင်ပြိုင်ပါတယ်။ ဒါပေမဲ့ သူ ရှုံးခဲ့ပါတယ်။
နောက်နှစ်မှာ ဆက်ပြိုင်တော့ သူနိုင်ပါတယ်။ ၁၉၉၆ မှာ LDP ပါတီထဲ သူ ဝင်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက သူ လွှတ်တော်အမတ်အဖြစ် အရွေးခံရတာ ၁၀ ကြိမ်ရှိခဲ့ပြီး တကြိမ်သာ ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ပါတီထဲမှာ ရှေးရိုးစွဲအမြင်တွေရဲ့အမြင်တွေကို ပွင့်ပွင့်လင်းလင်း အပြောဆုံးသူတွေထဲက တယောက်အဖြစ် သူ ထင်ရှားလာခဲ့ပါတယ်။
အစိုးရထဲမှာ ထိပ်တန်းရာထူးတွေလည်း သူ ရခဲ့ပါတယ်။ သူလုပ်ဖူးတဲ့ ဝန်ကြီးနေရာတွေထဲမှာ စီးပွားရေးလုံခြုံမှုဝန်ကြီး၊ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးစတဲ့ တာဝန်တွေပါသလို ပြည်ထဲရေး ဝန်ကြီးအဖြစ် လုပ်သက် စံချိန်တင်ခဲ့သူပါ။
၂၀၂၁ မှာ တာကာအိချိဟာ LDP ပါတီ ဥက္ကဋ္ဌရွေးပွဲကို ဝင်ပြိုင်ခဲ့ပြီး ဖူမီရို ကီရှီဒါကို သူ ရှုံးခဲ့ပါတယ်။ ၂၀၂၄ မှာ အဲဒီနေရာအတွက် ထပ်ပြိုင်ပါတယ်။ ပထမအကျော့ မဲပေးရာမှာ သူက ထိပ်ဆုံးက ရှိခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ရှိဂူရု အီရှီဘာကို သူ ရှုံးသွားပါတယ်။
ဒီနှစ်က သူ့ ရဲ့ တတိယအကြိမ် ကြိုးစားမှုပါ။ သူ အောင်ပွဲရခဲ့ပါတယ်။
"ကျွန်မရဲ့ ပန်းတိုင်က သံမဏိအမျိုးသမီး ဖြစ်ဖို့" လို့ မကြာသေးခင်ကာလ မဲဆွယ်စည်းရုံးရေး ခရီးစဥ်အတွင်း ကျောင်းသူကျောင်းသား ကလေးငယ်တွေကို သူပြောခဲ့ပါတယ်။
(ကွယ်လွန်သူ) ဝန်ကြီးချုပ် ရှင်ဇို အာဘေးရဲ့တပည့်ရင်းဖြစ်သူ တာကာအိချိဟာ အများပြည်သူ ဆိုင်ရာလုပ်ငန်းတွေမှာ အသုံးအစွဲမြှင့်တင်တာနဲ့ လွယ်လွယ်ကူကူ ငွေချေးခွင့်ရှိတာကို အားပေးတဲ့ "အာဘေး ဘောဂဗေဒ - Abenomics" ကို ပြန်အသက်သွင်းဖို့ ကတိပြုထားပါတယ်။
သူဟာ ရှေးရိုးစွဲဝါဒီ အမာခံတယောက်ဖြစ်ပြီး အမျိုးသမီးတွေ လက်ထပ်ရင် သူတို့ရဲ့ မျိုးရိုးနာမည်ကို ဆက်ခံယူခွင့်ပေးတဲ့ဥပဒေကို ဆန့်ကျင်သလို လိင်တူ လက်ထပ်တာတွေကိုလည်း ဆန့်ကျင်သူပါ။
"သူက သူ့ကိုယ်သူ ဂျပန်ရဲ့ မာဂရက် သက်ချာလို့ ဆိုတယ်။ ဘဏ္ဍာရေးစီမံမှုအပိုင်းမှာ သူက သက်ချာရဲ့အတိုင်းပါပဲ" လို့ တိုကျိုမှာရှိတဲ့ တမ်ပယ်တက္ကသိုလ်က ပါမောက္ခ ဂျက်ဖ် ကင်းစတန်က ဘီဘီစီကို ပြောပါတယ်။ "ဒါပေမဲ့ သက်ချာလို သူက ကုစားပေးသူ မဟုတ်ဘူး၊ သူက အမျိုးသမီးတွေကို စွမ်းပကားမြှင့်တင်ပေးခဲ့တယ်လို့တော့ ကျွန်တော် မထင်ဘူး။"
ဒါပေမဲ့ တလောလေးက စပြီး သူ့ရဲ့ လေသံတွေ ပျော့ပြောင်း လာခဲ့ပါတယ်။ ကလေးထိန်းအလုပ်လုပ်သူတွေရဲ့ဝင်ငွေအပေါ် အခွန်လျှော့ပေးဖို့ မဲဆွယ်ကာလမှာ သူ သဘောတူခဲ့တာအပြင် အိမ်တွေအတွက် ကလေးထိန်းတွေရှာပေးတဲ့ကုမ္ပဏီတွေကို လုပ်ငန်းဆိုင်ရာအခွန်တွေ လျှော့ချပေးဖို့ကိုလည်း သူ အဆိုပြုထားပါတယ်။
မူဝါဒတွေ
သူ့မိသားစုရဲ့အတွေ့အကြုံ၊ သူ့ကိုယ်ပိုင်အတွေ့အကြုံတွေကနေ သူ့ရဲ့မူဝါဒ ရေးဆွဲရေးအပေါ် သက်ရောက်ခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ကျန်းမာရေးအတွက် ဆေးရုံလုပ်ငန်းဝန်ဆောင်မှုတွေကို မြှင့်တင်တာ၊ အိမ်အကူ အလုပ်လုပ်သူတွေကို ပိုပြီး အသိအမှတ်ပြုတာ၊ သက်ကြီးလူဦးရေများလာနေတဲ့ ဂျပန်မှာ သက်ကြီးရွယ်အိုတွေအတွက် ပြုစုစောင့်ရှောက်ရေးတွေကို တိုးချဲ့တာ စတာတွေကို သူ လုပ်ဆောင်ခဲ့ပါတယ်။
"ကျွန်မဘဝမှာ သူနာပြုတစ်ယောက်လို ကျန်းမာရေးပြုစုစောင့်ရှောက်ပေးရတဲ့အတွေ့အကြုံ ၃ ကြိမ်အထိ ရှိခဲ့တယ်" လို့ သူက ပြောပါတယ်။
"ဒါကြောင့် စောင့်ရှောက်မှု ပေးဖို့အတွက်၊ ကလေးထိန်းဖို့အတွက် အလုပ်တွေက ထွက်ကြရတဲ့ သူတွေအရေအတွက် လျော့ကျအောင် ကျွန်မ လုပ်ဆောင်ဖို့ ပိုင်းဖြတ်ထားတယ်"
"လူတွေ သူတို့ရဲ့ အလုပ်အကိုင်တွေကို မစွန့်လွှတ်ရတဲ့ လူ့ဘောင်တခုကို ကျွန်မ ထူထောင်ချင်တယ်။"
စစ်ရာဇဝတ်ကျူးလွန်သူတွေ အပါအဝင် ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးခဲ့တဲ့ စစ်သားတွေကို ဂုဏ်ပြုထားလို့ အငြင်းပွားစရာ ဖြစ်နေတဲ့ ယာဆူကူနီ ဘုရားကျောင်းကို သူ သွားခဲ့ပါတယ်။
ဝန်ကြီးချုပ် တာကိအိချိဟာ ဂျပန်မှာ ကာကွယ်ရေး စစ်တပ်ဖွဲ့စည်းမှုအပေါ် ကန့်သတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံပါ အချက်တွေကိုလည်း ပြင်ဆင်ဖို့ တောင်းဆိုထားပါတယ်။