ရှေးရိုးစွဲဝါဒီ ဆာနာအဲ တာကာအိချိ - ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်

    • ရေးသားသူ, ရှာအီမာ ခါလေလ်
    • ရာထူးတာဝန်, ဘီဘီစီ ဂျပန်သတင်းထောက်
    • ရေးသားသူ, အိဗက် တန်
    • ရာထူးတာဝန်, ဘီဘီစီသတင်းထောက်၊ စင်္ကာပူ

ဆာနာအဲ တာကာအိချိကို ဂျပန်ဝန်ကြီးချုပ်အဖြစ် သူ့ရဲ့ ပါလီမန် ကက်ဘိနက်ဝန်ကြီးအဖွဲ့က ရွေးကောက် တင်မြှောက်လိုက်တဲ့အတွက် ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

အသက် ၆၄ နှစ်အရွယ် ဆာနာအဲ တာကာအိချိဟာ လစ်ဘရယ် ဒီမိုကရက်တစ် အစိုးရပါတီ (LDP) ရဲ့ ခေါင်းဆောင်အဖြစ် သြဇာအရှိန်အဝါ ကြီးမားတဲ့ အောက်လွှတ်တော်မှာ ထောက်ခံမဲ ၂၃၇ မဲ၊ အထက်လွှတ်တော်မှာ နောက်ထပ် ထောက်ခံမဲ ၁၂၅ မဲနဲ့ ဒီကနေ့ အင်္ဂါနေ့မှာ အပြတ်အသတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

နေထိုင်မှု စရိတ်မြင့်တက်လာမှုတွေ၊ ပြည်သူလူထုအကြား စိတ်ရှုပ်ထွေးမှုတွေ ရှိလာနေတဲ့ ဂျပန်နိုင်ငံမှာ စီးပွားရေးအရ စိန်ခေါ်မှုတွေ ကြုံနေရချိန်မှာပဲ ပြင်းထန်တဲ့ ရှေးရိုးစွဲဝါဒီ တစ်ဦးလည်းဖြစ် ကွယ်လွန်သူ ယူကေဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာကို လေးစားကြည်ညိုသူလည်း ဖြစ်တဲ့ ဆာနာအဲ တာကာအိချိက ဝန်ကြီးချုပ်ရာထူးကို လွှဲပြောင်းယူရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ စီးပွားရေး စတုတ္ထအကြီးဆုံး နိုင်ငံကြီးဖြစ်တဲ့ ဂျပန်နိုင်ငံဟာ မရေရာ မသေချာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လူထုထောက်ခံမှု လျော့ကျလာမှုနဲ့ အရှုပ်တော်ပုံတွေကြောင့် သူ့အရင် ဝန်ကြီးချုပ်တွေ ရာထူး သက်တမ်း ကြာကြာ မခံကြပဲ ဆာနာအဲ တာကာအိချိဟာ အခုပြီးခဲ့တဲ့ ငါးနှစ်တာကာလ အတွင်းမှာတင် စတုတ္ထမြောက် တင်မြှောက်ခန့်အပ်ခံရတဲ့ ဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။

အောက်တိုဘာလ အစောပိုင်းက LDP ပါတီခေါင်းဆောင်ရွေးပွဲမှာ အမျိုးသား လေးဦးကို သူအနိုင်ရခဲ့ပေမဲ့လည်း LDP ပါတီရဲ့ ကာလရှည်ကြာ မဟာမိတ်ပါတီ ဖြစ်ခဲ့တဲ့ ကိုမေတို ပါတီက ထောက်ခံမှု ရပ်ဆိုင်းခဲ့တဲ့အတွက် ဆာနာအဲ တာကာအီချီဝန်ကြီးချုပ်ဖြစ်လာဖို့ လမ်းကြောင်း ပိတ်သွားတော့မယ့်ပုံမျိုး ဖြစ်သွားခဲ့ရပါသေးတယ်။

ဒါပေမဲ့လည်း နောက်အတိုက်အခံပါတီတစ်ခုဖြစ်တဲ့ လက်ယာယိမ်း အီရှင် လို့ အများသိကြတဲ့ Japan Innovation Party (JIP) ပါတီနဲ့ နောက်ဆုံးအချိန်ကပ်ပြီး ရခဲ့တဲ့ သဘောတူချက် တစ်ခုကြောင့် သူအနိုင်ရနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူနဲ့ LDP ပါတီအပေါ် လူထုက ထောက်ခံ မခံ ဆိုတာကိုတော့ ၂၀၂၈ ခုနှစ်မှာ ကျင်းပမယ့် လာမယ့် ရွေးကောက်ပွဲကျရင် သိရမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ပြည်တွင်း စိန်ခေါ်မှုတွေအပြင် ပြည်ပနိုင်ငံတွေနဲ့ ဆက်ဆံရေးမှာလည်း စိန်ခေါ်မှုတွေနဲ့ ဆာနာအဲ တာကာအိချိ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ သမိုင်းကြောင်းအရ နက်နဲရှုပ်ထွေးတဲ့ ဂျပန်နဲ့ ဆက်ဆံရေးကို ပြန်ကုစားဖို့ ကြိုးစားနေတဲ့ တောင်ကိုရီးယားအစိုးရဟာ မစ်စ် တာကာအိချိရဲ့ အမျိုးသားရေး ဝါဒီဘက်ယိမ်းတဲ့ လက်ယာဝါဒီ နိုင်ငံရေးအမြင်တွေကြောင့် စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် တစ်နေ့တခြား သြဇာအရှိန်အဝါ ကြီးလာနေတဲ့ တရုတ်နဲ့ ဆက်ဆံရချိန်မျိုးမှာ ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး အပါအဝင် သူ့အရင် ဝန်ကြီးချုပ်ဟောင်းတချို့လို မစ်စ် တာကာအိချိ မှာ ရန်လိုစိတ်တွေ ရှိနေတဲ့ပုံ တွေ့ရပါတယ်။

ဒါပေမဲ့ ဂျပန်အတွက် အရေးပါဆုံး ဆက်ဆံရေးကတော့ အမေရိကန်နဲ့ ဆက်ဆံရေး ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နဲ့ လာမယ့်သီတင်းပတ်မှာ တွေ့ဆုံဖို့ ရှိနေတာမို့ မကြာခင်မှာပဲ စမ်းသပ်မှုနဲ့ ရင်ဆိုင်ရတော့မှာပါ။

နှစ်နိုင်ငံအကြား အခွန်ကိစ္စ သဘောတူချက်တစ်ခုကတော့ ရထားပြီးဖြစ်ပေမဲ့ နှစ်နိုင်ငံ လုံခြုံရေး သဘောတူချက်တစ်ခုရဲ့ တန်ဖိုးနဲ့ ပတ်သက်လို့ ထရမ့်က မေးခွန်းထုတ်ခဲ့တာမျိုး ရှိနေပြီး လုံခြုံရေးအတွက် ဂျပန်အစိုးရဘက်က ပိုအကုန်အကျခံဖို့ တောင်းဆိုနေတာကြောင့် စိုးရိမ်မှုတွေ ပေါ်ထွက်ခဲ့ရပါတယ်။ အတပ်ပြောလို့ မရတဲ့ အမေရိကန်အစိုးရအဖွဲ့တစ်ဖွဲ့နဲ့ ဒီလိုကိစ္စရပ်မျိုးတွေကို မစ်စ် တာကာအိချိ ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်။

အသက် ၆၄ ခုနှစ်အရွယ် ရှိပြီဖြစ်တဲ့ မစ်စ် တာကာအိချိ ဟာ ဂျပန်နိုင်ငံရေးလောကနဲ့ စိမ်းသူ မဟုတ်ပါဘူး။

ဝန်ကြီးချုပ်ဟောင်း အာဘေးရဲ့ မိတ်ဆွေအဖြစ် အများက သိကြတဲ့ မစ်စ် တာကာအိချိ ဟာ သူ့လုပ်သက်အတွင်း ဝန်ကြီးရာထူးအတော်များများ ရခဲ့ဖူးပြီး ဝန်ကြီးချုပ်ရာထူးအတွက် အရင်က ဝင်ပြိုင်ခဲ့ဖူးပါတယ်။

သက်တမ်းဝက် ကြားဖြတ်ရွေးကောက်ပွဲမှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့တဲ့အတွက် LDP ပါတီခေါင်းဆောင်ဟောင်း ဝန်ကြီးချုပ် ရှီဂဲရူ အီရှီဘာ ရာထူးကနေ နုတ်ထွက်ခဲ့အပြီးမှာ ဆာနာအဲ တာကာအိချိ LDP ပါတီခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

မာဂရက် သက်ချာကို ကြည်ညိုလေးစားတဲ့အတွက် ဆာနာအဲ တာကာအိချိ ကို ဂျပန်ရဲ့ "သံမဏိအမျိုးသမီးကြီး"အဖြစ် အများက ခေါ်လေ့ ရှိကြပြီး ရှေးရိုးစွဲ အမြင်ရှိသူအဖြစ် လူတွေက သိကြပါတယ်။ ဆာနာအဲ တာကာအိချိရဲ့ ရှေးရိုးစွဲ အမြင်တွေထဲမှာ လိင်တူ ထိမ်းမြားဆက်ဆံမှုကို ဆန့်ကျင်တာ၊ အိမ်ထောင်သည်အမျိုးသမီးတွေ သူတို့ရဲ့ အပျိုဘဝက အမည်ကိုပဲ ဆက်ယူခွင့်ပေးဖို့ တောင်းဆိုလာနေမှုတွေကို ကန့်ကွက်တာတွေ ပါဝင်ပါတယ်။

ဒါ့ကြောင့် သူအခုလို အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရတာက ထူးခြားမှု ရှိလာမယ်လို့ အမျိုးသမီးငယ် တချို့က မထင်ကြပါဘူး။

"အိုး...သူက ဂျပန်နိုင်ငံ သမိုင်းမှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာတယ်။ ဒါဟာ အမျိုးသမီး စွမ်းအားမြှင့်နိုင်ရေးအတွက် ကြီးမားတဲ့ အခွင့်အရေး တစ်ရပ် ဖြစ်တယ်ဆိုပြီး လူတိုင်းက ထင်ကြမှာပါ" လို့ အသက် ၂၁ နှစ်အရွယ် ကျောင်းသူ အိုင်ဒါ အိုဂူရာ က ပြောပါတယ်။

"ဒါပေမဲ့လည်း သူ့ရဲ့ နိုင်ငံရေးအမြင်တွေ သူ့ရဲ့ ရပ်တည်ချက်တွေကို လေ့လာကြည့်လိုက်မယ်ဆိုရင် အရမ်းကို ရှေးရိုးကျတာကို တွေ့ရပါလိမ့်မယ်။ ဖွဲ့စည်းပုံ ပြောင်းလဲမှု ဖန်တီးရမယ့်အစား အမျိုးသား ကြီးစိုးတဲ့ဝါဒစနစ် တည်မြဲဖို့ကို တာကိုင်ချီ က ပိုလိုလားပါတယ်။"

မကြာသေးခင်ကလုပ်ခဲ့တဲ့ သူ့ရဲ့ မဲဆွယ်စည်းရုံးမှုတွေအတွင်း တာကာအိချိဟာ အမျိုးသမီး ကျန်းမာရေးအတွက် ဆေးရုံဝန်ဆောင်မှုတွေ တိုးချဲ့ထားရှိဖို့ နဲ့ အိမ်အကူ အလုပ်သမားတွေကို ပိုအသိအမှတ်ပြု ခန့်အပ်ဖို့ အဆိုပြုခဲ့ပါတယ်။

ဆာနာအီ တာကာအိချိအတွက် ရှေ့လျှောက် လုပ်ဆောင်ရမယ့် အဓိက တာဝန်ကြီးကတော့ LDP ပါတီအပေါ် လူထုရဲ့ ယုံကြည်မှု ပြန်တည်ဆောက်ဖို့ ဖြစ်ပါတယ်။

LDP ပါတီက ဂျပန်နိုင်ငံကို လွန်ခဲ့တဲ့ ဆယ်စုနှစ် ခုနှစ်ခုနီးပါး အုပ်ချုပ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် အီရှီဘာ လက်ထက်မှာတော့ နှစ်ပေါင်း ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အောက်လွှတ်တော်မှာ အမတ်နေရာ အများစု လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီနောက် ရန်ပုံငွေ ရှာတာနဲ့ ပတ်သက်တဲ့ အရှုပ်တော်ပုံတစ်ခု ဖြစ်ခဲ့အပြီး လူထူအကြား ဒေါသအမျကိ ထွက်နေကြချိန် ဇူလိုင်လတုန်းက အထက်လွှတ်တော်မှာ ပါတီရဲ့ အမတ်နေရာ အများစု လက်လွှတ်ခဲ့ရပြန်ပါတယ်။

တာကာအိချိကို ရွေးကောက်တင်မြှောက်ခြင်းအားဖြင့် ရှေးရိုးစွဲဝါဒီ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှု ပြန်ရလာနိုင်မယ်လို့ LDP ပါတီက မျှော်လင့်ထားပါတယ်။ ရှေးရိုးစွဲဝါဒီ မဲဆန္ဒရှင် အများအပြားဟာ ခါတိုင်းထောက်ခံနေကျ ပါတီတွေအပေါ် အယုံအကြည် နည်းလာခဲ့အပြီး လက်ယာဝါဒီ ဆန်ဆေတို ပါတီကို ပြောင်း ထောက်ခံလာခဲ့ကြပါတယ်။

ဒါပေမဲ့ ဂျပန်နိုင်ငံမှာ ကုန်စျေးနှုန်းတွေ ဆက်မြင့်တက်လာတဲ့အပေါ် ပြည်သူတွေ ဒေါသထွက်နေနဲ့ ပတ်သက်လို့ မစ်စ် တာကာအိချိ အနေနဲ့ အရင်ဆုံး အာရုံစိုက် ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆန်ရှားပါးမှုတွေ ဆက်ဖြစ်နေတာကြောင့် ဂျပန်လူမျိုးတွေရဲ့ နေ့စဉ် စားသုံးစာ ဖြစ်တဲ့ ဆန်စျေးတွေ စံချိန်တင် မြင့်တက်လာခဲ့ရပါတယ်။

ဒါ့အပြင် ဆက်ဆူကီ ကာတာယာမာ ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့အတွက် နောက်ထပ် အမျိုးသမီးဘဏ္ဍာရေးဝန်ကြီးအဖြစ် သမိုင်းတွင် သွားခဲ့ပါတယ်။ တာကာအိချိလိုပဲ ကတာယာမာ ဟာလည်း ဝန်ကြီးချုပ်ဟောင်း အာဘေးရဲ့ နောက်လိုက်တစ်ဦး ဖြစ်ပါတယ်။

ဂျပန်မှာ ကြွေးမြီမြင့်တက်လာနေပြီး စီးပွားရေး ကြီးထွားမှု နှောင့်နှေးနေတာတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်နေကြချိန်မှာပဲ မစ်စ် တာကာအိချိ အခုလို ဝန်ကြီးချုပ် အရွေးခံခဲ့ရတာကြောင့် ဂျပန်နိုင်ငံရဲ့ စျေးကွက်မှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်ဆိုပြီး အကောင်းမြင်သူတွေလည်း ရှိလာနေပါတယ်။