ရွေးကောက်ပွဲ ရှုံးပေမဲ့ ရာထူးဆက်ယူမယ်လို့ ဂျပန်ဝန်ကြီးချုပ်ပြော

    • ရေးသားသူ, ဂယ်ဗင် ဘတ္တလာ နဲ့ မိုက်ကယ် ရှီးလ် မက္ကနာမီ
    • ရာထူးတာဝန်, ဘီဘီစီသတင်း
    • ရေးသားသူ, ရှိုင်မာ ခါလီ
    • ရာထူးတာဝန်, တိုကျို သတင်းထောက်

ဂျပန်နိုင်ငံမှာတော့ ညွန့်ပေါင်းပါတီအဖွဲံဟာ အထက်လွှတ်တော်မှာ မဲအများစု မရဘဲ ရှုံးနိမ့်သွားပြီဖြစ်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် အီရှီဘာကတော့ နုတ်ထွက်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောပါတယ်။

အမေရိကန်ရဲ့ အခွန်ခြိမ်းခြောက်မှုနဲ့ တိုးလာနေတဲ့ ကုန်စျေးနှုန်းကြောင့် အခက်ကြုံနေရတဲ့အချိန်မှာ ဂျပန်မှာ အခုရွေးကောက်ပွဲကျင်းပတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ(LDP) ညွန့်ပေါင်းနဲ့ သူ့ရဲ့ မိတ်ဖက် ပါတီငယ် ကိုမီအီတိုတို့ဟာ တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေရဲ့ အကဲဖြတ်မှုကို ကြုံခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။

မနေ့က မဲရုံတွေ ပိတ်အပြီးမှာတော့ ဝန်ကြီးချုပ်က ''မဲရလဒ်နည်းခဲ့တာကို'' သူလက်ခံပေမဲ့ အမေရိကန်နဲ့ပြုလုပ်မယ့် ကုန်သွယ်ရေးသဘောတူညီချက်တွေကို အာရုံထားသွားမယ်လို့ ဆိုပါတယ်။

ဂျပန်ရွေးကောက်ပွဲမှာ မဲပေးပြီး ထွက်လာသူတွေဆီက ကောက်တဲ့ စစ်တမ်းတွေအရ အာဏာရညွန့်ပေါင်းအစိုးရရဲ့ အထက်လွှတ်တော် အမတ် နေရာ အများစုကို ဆုံးရှုံးနိုင်ခြေ ရှိနေခဲ့တာပါ။

ဂျပန်မှာ ၁၉၅၅ က စပြီး LDP ပါတီက တောက်လျှောက်နီးပါး အုပ်စိုးလာတာဖြစ်ပါတယ်။

မနှစ်အောက်တိုဘာလက စပြီး ပိုအင်အားကြီးတဲ့ အောက်လွှတ်တော်ကို မထိန်းချုပ်နိုင်တော့တဲ့ LDP ဟာ အထက်လွှတ်တော်အမတ်နေရာ ဆုံးရှုံးမှုကို မှန်းဆထားပြီး ဖြစ်ပါတယ်။

ဂျပန်မှာ စီးပွားရေး ပြဿနာတွေထဲ အမေရိကန်ရဲ့ သွင်းကုန်ခွန် တိုးဖို့ ခြိမ်းခြောက်မှုနဲ့ ငွေဖောင်းပွမှု မြင့်တက်နေတာတွေဖြစ်နေချိန် အခုရလဒ် ထွက်လာတာဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှီဂေးရူ အီရှီဘာအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲ

ဒီ စစ်တမ်းရလဒ်တွေအရ အာဏာရ ညွန့်ပေါင်းအဖွဲ့ အများစုနေရာတွေ ဆုံးရှုံးနိုင်လို့ ဂျပန် ဝန်ကြီးချုပ် ရှီဂေးရူ အီရှီဘာအပေါ် ဖိအားတွေ များနေပါတယ်။

အောက်လွှတ်တော်မှာ အများစုနေရာ ဆုံးရှုံးပြီးသား ဖြစ်တဲ့ LDP ပါတီ ညွန့်ပေါင်းအစိုးရအတွက် အထက်လွှတ်တော်မှာပါ ထပ်ပြီး ရှုံးနိမ့်ရင် မစ္စတာ အီရှီဘာအတွက် သက်တမ်း တနှစ်မပြည့်ခင်မှာ ထွက်ပေးရနိုင်ပါတယ်။

အမတ် ၂၄၈ နေရာရှိတဲ့ အထက်လွှတ်တော်ကို ထိန်းဖို့ ညွန့်ပေါင်းအဖွဲ့က ၅၀ နေရာ နိုင်ဖို့ လိုပါတယ်။ အခုတော့ ပါတီဟာ ၄၇ နေရာနဲ့ အဆုံးသတ်ခဲ့ပါပြီ။

အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ ဖွဲ့စည်းပုံဆိုင်ရာ ဒီမိုကရေစီပါတီ (CDP)ကတော့ အမတ်နေရာ ၂၂ နေရာနဲ့ ဒုတိယနေရာမှာ ကပ်လိုက်ပါတယ်။

လစ်ဘရယ် ဒီမိုကရက်ပါတီနဲ့ ကိုမီတို ပါတီငယ်တို့ အများစုနေရာကို လက်လွှတ်နိုင်ခြေ များနေတာပါ။

ဒီလို လက်လွှတ်နိုင်ခြေ များနေတာတောင်မှ မစ္စတာ အီရှီဘာက ဝန်ကြီးချုပ်အဖြစ် ဆက်ရှိဖို့ ရည်မှန်းထားကြောင်း တိုကျိုက ပါတီ ဌာနချုပ်မှာ လုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။

အမေရိကန်နဲ့ အရေးကြီးတဲ့ ကုန်သွယ်ခွန် ကိစ္စ ညှိနှိုင်းတာတွေ လုပ်နေလို့ ဒါကို အပျက်ခံလို့ မရကြောင်း အီရှီဘာက ဆိုပါတယ်။

လူအများစုက ဆန်စျေးတက်နေတာနဲ့ ဒီနှစ်ပိုင်းအတွင်း LDP မှာ ဖြစ်နေတဲ့ နိုင်ငံရေး အရှုပ်တော်ပုံတွေကို သဘောမကျကြပါဘူး။

အရင် LDP ပါတီ ဝန်ကြီးချုပ်ဟောင်း သုံးယောက်လည်း အထက်လွှတ်တော်မှာ အများစုနေရာကို လက်လွှတ်ပြီး နှစ်လအတွင်း ရာထူးက ဆင်းပေးခဲ့ရပါတယ်။ အခုလည်း ဒီရွေးကောက်ပွဲမှာ ဒီလို ရလဒ်မျိုးပဲ ပြန်လာနိုင်ကြောင်း လေ့လာသူတွေက ခန့်မှန်းကြပါတယ်။

ဒီလို ဖြစ်လာရင်တော့ မနှစ်က ရွေးကောက်ပွဲမှာ အီရှီဘာနောက်က လိုက်တဲ့ ဆာနိုင်း တာကိုင်ချီ၊ စီးပွားရေး လုံခြုံမှု ဝန်ကြီးဟောင်း တာကာယုကီ ကိုဘာယာရှီနဲ့ ဝန်ကြီးချုပ်ဟောင်း ဂျူနီချီရို ကိုအိဇူမိရဲ့သား ရှင်ဂျီရို ကိုအိဇူမိ စတဲ့ တခြား LDP ခေါင်းဆောင်တွေအတွက် ခေါင်းဆောင်နေရာလုပွဲကို လမ်းဖွင့်ပေးသလို ဖြစ်သွားနိုင်ပါတယ်။

အာဏာရပါတီအတွင်း ခေါင်းဆောင်အပြောင်းအလဲကြောင့် နိုင်ငံရေး တည်ငြိမ်မှုကို ထိန်းမရနိုင်ဘဲ အမေရိကန်နဲ့ ကုန်သွယ်ရေး ဆွေးနွေးနေတာကို ထိခိုက်နိုင်ပါတယ်။

လက်ယာယိမ်း ဆန်ဆေတို ပါတီငယ်က အမတ်လောင်းတွေကြောင့်လည်း အာဏာရ ညွန့်ပေါင်းအဖွဲ့ကို ထောက်ခံမှု လျော့ကျလာပုံရပါတယ်။ ဒီပါတီက ဂျပန်သာ ပထမ ဆိုပြီး ရွှေ့ပြောင်းဝင်လာသူတွေကို ဆန့်ကျင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ရှေးရိုးစွဲမဲတွေကို ယူဖို့ ကြိုးစားပါတယ်။

ဒီပါတီဟာ ကိုဗစ်-၁၉ ကပ်ဘေးအတွင်း ကာကွယ်ဆေးထိုးတဲ့အကြောင်းနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ စပ်လျဉ်းတဲ့ ပူးပေါင်းကြံစည်မှု သီအိုရီတွေကို ဖြန့်ပြီး ယူကျု ဝက်ဆိုက်မှာ ပထမဆုံး ထင်ရှားလာခဲ့ပါတယ်။

တခြားပါတီအများအပြားရဲ့ မဲဆွယ်မှုတွေမှာလည်း နိုင်ငံခြားသား ဝင်လာသူတွေနဲ့ လူဝင်မှုကိစ္စက အဓိကလို ဖြစ်နေပါတယ်။

သီးသန့် အထီးကျန် နေလိုတဲ့ ယဉ်ကျေးမှုနဲ့ တင်းကျပ်တဲ့ လူဝင်မှု စည်းမျဉ်းတွေ ရှိတဲ့ ဂျပန်နိုင်ငံမှာ ဒီနှစ်ပိုင်းအတွင်း နိုင်ငံခြား ခရီးသည်နဲ့ ရွှေ့ပြောင်းဝင်လာသူ ဦးရေ ထိုးတက်လာခဲ့ပါတယ်။

ဒီအတွက် ဂျပန်မှာ စျေးတွေ တက်လာပြီး နိုင်ငံခြားသားတွေက အခွင့်အရေး ယူနေတယ်ဆိုတဲ့ အမြင်တွေ ရှိလာခဲ့ပါတယ်။

ဒါကို တုံ့ပြန်ဖို့ မစ္စတာ အီရှီဘာက အရင်အပတ်ကပဲ နိုင်ငံခြားသားတွေရဲ့ ရာဇဝတ်မှုနဲ့ နှောင့်ယှက်တဲ့ အမူအရာတွေကို ထိန်းချုပ်ဖို့ အဖွဲ့ကို ဖွဲ့ပေးခဲ့ပါတယ်။ ဒီထဲမှာ လူဝင်မှု၊ မြေယာ ဝယ်ယူမှုနဲ့ လူမှုအာမခံ မပေးမှု စတာတွေနဲ့ ဆိုင်တဲ့ အမှုတွေ ပါပါတယ်။