ဂျပန် အာဏာရပါတီ အမတ်နေရာအများစု မရလို့ ဝန်ကြီးချုပ်သစ်ခန့်ဖို့ မရေရာတော့

    • ရေးသားသူ, ရှိုင်မား ခါလေလ်
    • ရာထူးတာဝန်, ဂျပန်နိုင်ငံဆိုင်ရာ ဘီဘီစီသတင်းထောက်
    • ရေးသားပေးပို့သည့်နေရာ, Tokyo

ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ဂျပန်နိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ(LPD) ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ဟာ ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံးရလဒ်အနေနဲ့ ဝန်ကြီးချုပ်အသစ် ခန့်အပ်နိုင်ဖို့ အမတ်နေရာအများစု မရရှိခဲ့ပါဘူး။

LPD နဲ့ သူ့ရဲ့ ညွန့်ပေါင်းမဟာမိတ်အဖွဲ့ဟာ အစိုးရဖွဲ့နိုင်ဖို့ အမတ်နေရာ ၂၃၃ နေရာမှာ ၂၁၅ နေရာပဲ ရရှိခဲ့တာဖြစ်ပါတယ်။

Diet လို့ အများသိကြတဲ့ ဂျပန်ပါလီမန်ကို ထိန်းချုပ်နိုင်ဖို့ နိုင်ငံရေးပါတီတစ်ခုဟာ အမတ်နေရာ ၂၃၃ နေရာ ရဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် LDP ပါတီအနေနဲ့ အာဏာကိုင်စွဲထားနိုင်ဖို့ ညွန့်ပေါင်း ပါတီဖွဲ့ဖို့ လိုလာမှာ ဖြစ်ပါတယ်။

အခုရွေးကောက်ပွဲ ကျင်းပဖို့ကို LPD ပါတီခေါင်းဆောင်သစ် ရှီဂေးရူ အီရှီဘာ က ဝန်ကြီးချုပ်အဖြစ် ကျမ်းကျိန်ပြီး ရက်ပိုင်းအတွင်းမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ သူ့ပါတီဟာ အစိုးရဖွဲ့နိုင်ဖို့ လွှတ်တော် အမတ်နေရာအများစုကို ရှုံးခဲ့ပြီဖြစ်လို့ သူ့ရဲ့ နိုင်ငံရေး အနာဂတ်လည်း မရေရာဖြစ်နေပါတယ်။

တနင်္လာနေ့မှာပြောတဲ့ မိန့်ခွန်းမှာတော့ LPD ဟာ ''ပြင်းထန်တဲ့အဆုံးအဖြတ်'' ကို ရရှိခဲ့တာဖြစ်ပြီး ဒီအဆုံအဖြတ်ကို ''ကျိုးကျိုးနွံနွံ'' လက်ခံသွားမယ်လို့ ဆိုပါတယ်။

''မဲဆန္ဒရှင်တွေဟာ ကျွန်တော်တို့ကို ပြင်းထန်တဲ့အဆုံးအဖြတ်တစ်ခု ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီရလဒ်ကိုလည်း ကျွန်တော်တို့ ကျိုးကျိုးနွံနွံ လက်ခံသွားပါမယ်'' လို့ အီရှီဘာက NHK သတင်းဌာနကို ပြောပါတယ်။

''ဂျပန်ပြည်သူတွေဟာ သူတို့ဆန္ဒအချို့ကို ထင်ဟပ်စေချင်တဲ့သူတို့သဘောထားကို ခိုင်ခိုင်မာမာပြခဲ့ပြီးဖြစ်ပါတယ်။ ပါတီကိုလည်း သူတို့ဆန္ဒနဲ့အညီလုပ်ဆောင်စေချင်တဲ့ပါတီဖြစ်လာစေချင်ကြတယ်'' လို့ သူက ပြောပါတယ်။

လွှတ်တော်အတွင်းမှာ အမတ်နေရာ အများစုရှုံးမယ်ဆိုရင် တာဝန်ယူတဲ့အနေနဲ့ အီရှီဘာဟာ ရာထူးကနေ နုတ်ထွက် သင့်တယ်လို့ ရွေးကောက်ပွဲမတိုင်ခင်တုန်းမှာ ဂျပန်မီဒီယာတွေက သတင်းဖော်ပြခဲ့ပါတယ်။

ဒါဟာ LPD ပါတီအတွက် လွှတ်တော်ရွေးကောက်ပွဲတွေကို ၂၀၀၉ ခုနှစ်ကတည်းကဆိုရင် ပထမဆုံး ဆုံးရှုံးမှုဖြစ်ပါတယ်။ LPD ပါတီဟာ စတင် ထူထောင် ၁၉၅၅ ခုနှစ်ကတည်းကဆိုရင် နိုင်ငံမှာ ဆက်တိုက်နီးပါး အာဏာရပါတီဖြစ်ခဲ့တာပါ။

LDP ပါတီဟာ အရှုပ်တော်ပုံတွေ၊ မဲဆန္ဒရှင်တွေရဲ့ မနှစ်သက်မှုတွေ၊ စံချိန်တင်ရလောက်အောင် ထောက်ခံအားပေးမှု လျော့ကျလာနေတာတွေကြောင့် နှစ်အနည်းငယ်လောက် ဗရုတ်သုက္ခ ဖြစ်ခဲ့အပြီးမှာ အခုလို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့တာပါ။

LDP ပါတီဟာ နိုင်ငံရေး ရံပုံငွေနဲ့ ပတ်သက်တဲ့ အဂတိလိုက်စားမှု အရှုပ်တော်ပုံကြီးတစ်ခု ဖြစ်ခဲ့တဲ့ အခုနှစ် အစောပိုင်းတုန်းက လူထုရဲ့ ထောက်ခံအားပေးမှု ၂၀ ရာခိုင်နှုန်းအောက်သာ ရှိခဲ့ပါတယ်။

အတိုက်အခံပါတီတွေအနေနဲ့လည်း တစ်စုတည်း ညွန့်ပေါင်းမဖွဲ့နိုင်ခဲ့ကြသလို နိုင်ငံကို အုပ်ချုပ်နိုင်မယ့်သူတွေအဖြစ် မဲဆန္ဒရှင်တွေကို မသိမ်းသွင်းနိုင်ခဲ့ကြပါဘူး။

အဓိက အတိုက်အခံပါတီကြီးကလည်း ပါလီမန် မဖျက်သိမ်းခင်မှာ လူထုထောက်ခံအားပေးမှု ၆ ဒဿမ ၆ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

"ဘယ်ပါတီကို ရွေးရမလဲဆိုတာ ဆုံးဖြတ်ဖို့ အရမ်းကို ခက်လှတဲ့အတွက် ပြည်သူတွေကလည်း စိတ်ဝင်စားမှု လျော့လာနေတယ်"လို့ LDP ပါတီကို နှစ်ရှည်လများ ထောက်ခံအားပေးလာခဲ့သူလည်းဖြစ် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ကဏ္ဍမှာ အလုပ်လုပ်နေသူလည်းဖြစ်တဲ့ မီယူကီ ဖူဂျီဆာကီ က မဲရုံတွေ မဖွင့်ခင်လေးမှာ ဘီဘီစီကို ပြောခဲ့ပါတယ်။

"LDP ပါတီဟာ အဂတိလိုက်စားမှု စွပ်စွဲချက်တွေကြောင့် ပြဿနာတွေ ပေါ်နေပေမဲ့ အတိုက်အခံတွေကလည်း ထူးထူးခြားခြား လုပ်မပြနိုင်ကြဘူး "လို့ သူက ပြောပါတယ်။

"အတိုက်အခံတွေက မကြေမနပ် ပြောနေကြတာပဲ ရှိပြီး သူတို့ ဘာလုပ်ချင်သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်ကြဘူး"လို့ ဆိုပါတယ်။

ဒီလို မကြေနပ်မှုတွေကြောင့် ဂျပန်နိုင်ငံရေးဟာ လတ်တလောလပိုင်းတွေအတွင်း အလျင်အမြန် ပြောင်းလဲလာနေပါတယ်။

ဂျပန်နိုင်ငံကို ၂၀၂၁ ခုနှစ်ကစလို့ ဝန်ကြီးချုပ်တာဝန်ယူခဲ့သူ ဖူမီအို ကီရှီဒါ သြဂုတ်လတုန်းက ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ဖို့ ရုတ်တရက် ဆုံးဖြတ်ခဲ့အပြီးမှာ LDP ပါတီရဲ့ ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသူ ရှီဂါးရူ အိုင်ရှီဘာ ဝန်ကြီးချုပ်ရာထူး လွှဲပြောင်းယူခဲ့တာ ဖြစ်ပါတယ်။

လူထုအကြား ပါတီပုံရိပ်ကို ပြန်အဖတ်ဆယ်ဖို့ လုပ်တဲ့အနေနဲ့ အဲဒီအချိန်တုန်းက LDP ပါတီက ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခိုင်းခဲ့တာပါ။ ကာကွယ်ရေးဝန်ကြီးအဖြစ် အရင်က တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဝါရင့်နိုင်ငံရေးသမား အိုင်ရှီဘာ က ဒီကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူတွေရဲ့ အဆုံးအဖြတ် ရွေးကောက်ပွဲအဖြစ် ဖော်ညွှန်းပြောခဲ့ပါတယ်။

အရှုပ်တော်ပုံတွေ ဆက်တိုက်ပေါ်ခဲ့အပြီးမှာ LDP အစိုးရပါတီရဲ့ ဂုဏ်သိက္ခာ ညစ်နွမ်းခဲ့ရပါတယ်။ အထူးသဖြင့် ပုဂ္ဂိုလ်စွဲ ဘာသာရေးအသင်းတစ်ခုအဖြစ် စွပ်စွဲခံထားရတဲ့ အခြေအတင် အငြင်းပွားစရာ Unification Church ခရစ်ယာန် အသင်းနဲ့ LDP ပါတီအကြား နီးကပ်တဲ့ ဆက်ဆံရေးကြောင့်ရော၊ ဥပဒေရေးဆွဲသူတွေအပေါ် အဲဒီ ခရစ်ယာန်အသင်းရဲ့ သြဇာလွှမ်းမိုးခဲ့မှုတွေကြောင့်ပါ LDP ပါတီအကြီးအကျယ် နာမည်ပျက်ခဲ့ရပါတယ်။

အဲဒီနောက်မှာ နိုင်ငံရေးရံပုံငွေနဲ့ ပတ်သက်တဲ့ အဂတိလိုက်စားမှု အရှုပ်တော်ပုံတစ်ခု ပေါ်လာခဲ့ပြန်ပါတယ်။ LDP အစိုးရပါတီရဲ့ ဥပဒေရေးဆွဲသူ အမတ်အတော်များများဟာ နိုင်ငံရေး ရံပုံငွေရှာပွဲတွေက ရတဲ့ငွေတွေကို အလွဲသုံးစား လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ဂျပန်အမှုလိုက်ရှေ့နေတွေက စုံစမ်းစစ်ဆေးနေပါတယ်။ ဒေါ်လာ သန်းပေါင်းများစွာ အလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ ဒီစွပ်စွဲမှုတွေကြောင့် အရင်က သြဇာအရှိန်အဝါ ကြီးမားခဲ့တဲ့ LDP ပါတီအတွင်း ပြိုကွဲမှုတွေ ဖြစ်လာခဲ့ရပါတယ်။

"အစိုးရပါတီကြီးရဲ့ လက်ရှိ ဖြစ်နေတဲ့အခြေအနေက အတော့်ကို ဆိုးဝါးပါတယ်" လို့ အတိုက်အခံ ပါတီမဲဆွယ်ပွဲအတွက် တိုကျိုမြို့ ဆင်ခြေဖုံးရပ်ကွက်က ယူရာဝါ ဘူတာရုံကို လာရောက်ခဲ့သူ မီချီကို ဟာမာဒါ က ပြောပါတယ်။

"အခွန်ရှောင်တာတွေလည်း သူတို့လုပ်ခဲ့ကြတယ်။ လုံးဝ ခွင့်မလွှတ်နိုင်စရာပါ"

အထူးသဖြင့် မြင့်တက်လာနေတဲ့ ကုန်စျေးနှုန်းတွေကြောင့် ဂျပန်ပြည်သူတွေ မနည်းရုန်းကန်နေရချိန်မျိုးမှာ ဒီဖြစ်ရပ်က သူ့အတွက် ပိုစက်ဆုပ်စရာ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ လစာဝင်ငွေ မတိုးတာ နှစ်ပေါင်း ၃၀ လောက် ရှိခဲ့ပြီ ဖြစ်ပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ကုန်စျေးနှုန်းတွေကတော့ ဆယ်စုနှစ်တဝက်နီးပါးမှာ အမြင့်ဆုံးနှုန်းနဲ့ ထိုးတက်သွားခဲ့ပါတယ်။

အခုလမှာ စားသောက်ကုန် ထောင်ပေါင်းများစွာနဲ့အတူ ဆေးဝါး၊ လျှပ်စစ်နဲ့ ဂက်စ် လို နေ့စဉ်သုံး ကုန်ကျစရိတ်တွေကလည်း ထိုးတက်သွားခဲ့ပါတယ်။

အစားအသောက်စရိတ်က အရင်ကထက် တစ်လတစ်လကို (ဒေါ်လာ၅၀- ဒေါ်လာ ၁၃၀) ( ပေါင် ၅၀-ပေါင် ၁၀၀) နဲ့ညီမျှတဲ့ ယန်း တစ်သောင်း-နှစ်သောင်းလောက် ပိုကုန်ကျလာတယ်လို့ မစ်စ် ဟာမာဒါ က ပြောပြပါတယ်။

"ခါတိုင်းဝယ်နေကျ ပစ္စည်းတွေတောင် ကျွန်မ မဝယ်တော့ပါဘူး။ စုဖို့ မနည်းကြိုးစားနေတာတောင် အကုန်အကျတွေက ပိုများလာနေပါတယ်။ အသီးအနှံတွေဆိုရင် အရမ်းကို စျေးကြီးကုန်တာပါပဲ။"

ကုန်စျေးနှုန်းတွေ မြင့်တက်နေတာအပေါ် စိုးရိမ်နေသူက မစ်စ် ဟာမာဒါ တစ်ဦးတည်း မဟုတ်ပါဘူး။ ပင်စင်စား ရှီး ရှီမီဇူ ဆိုရင်လည်း စားဝတ်နေရေး အလျင်မီအောင် အခုအခါ အချိန်ပိုင်းအလုပ် ဝင်လုပ်နေရပါတယ်။

"ကျွန်မတို့ရဲ့ တစ်နာရီ လစာနှုန်းက နည်းနည်းလေး တက်ခဲ့ပေမဲ့ ကုန်စျေးနှုန်းကို လိုက်လို့ မမီပါဘူး"လို့ ယူရူဝါ ဘူတာရုံက လမ်းဘေးစျေးသည်ဆီမှာ အစားအသောက်ဝယ်နေရင်း မစ်စ် ရှီမီဇူက ဘီဘီစီကို ပြောပြပါတယ်။ "ဆိုင်ကြီးတွေဆီမှာ ဝယ်ရင် အရမ်းစျေးကြီးတာမို့ ဒီလို လမ်းဘေးစျေးသည်တွေဆီကနေပဲ စျေးပေါပေါနဲ့ ကောင်းတာလေးတွေ ရွေးဝယ်နေရပါတယ်။"