ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သစ်ဖြစ်လာမယ့် တာ ရစ် ရာမန် ဘယ်သူလဲ

    • ရေးသားသူ, ကက်သရင်း အမ်းစထရောင်း
  • ဖတ်ရန်အချိန်: မိနစ် ၇

လက်ယာယိမ်း အလယ်အလတ်ပါတီ ဘင်္ဂလားဒေ့်ရှ်အမျိုးသားပါတီ (BNP) က ၂၀၂၆ အထွေထွေ ရွေးကောက်ပွဲမှာ နေရာအများစုအနိုင်ရပြီး အစိုးရဖွဲ့နိုင်တဲ့အခြေအနေရရှိသွားတာကြောင့် ပါတီ ဥက္ကဋ္ဌ တာရစ် ရာမန်က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်အသစ်အဖြစ် တင်မြှောက်ခံရဖို့ လမ်းကြောင်းပေါ် ရောက်နေပြီ ဖြစ်ပါတယ်။

အသက် ၆၀ အရွယ် တာရစ် ရာမန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးကို ဆယ်စုနှစ်များစွာ လွှမ်းမိုးထားခဲ့တဲ့ ဇီယာ မိသားစုရဲ့ အဓိကကျသူ ဖြစ်ပါတယ်။ သူ့မိဘနှစ်ဦးကလုံးလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဦးဆောင်ခဲ့ဖူးသူတွေ ဖြစ်ကြပါတယ်။

ဒါပေမဲ့ သူ့ရဲ့ နိုင်ငံရေးလမ်းကြောင်းက ချောမွေ့ခဲ့တာတော့ မဟုတ်ပါဘူး။ နိုင်ငံရေးပြိုင်ဘက်တွေက မိသားစုရဲ့ အာဏာကို ဆက်ခံအသုံးချတယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ အဂတိမှုလို စွပ်စွဲချက်တွေကို ကြုံခဲ့ရပြီး နိုင်ငံပြင်ပမှာ နေထိုင်ခဲ့ရတဲ့ အချိန်ကာလလည်း ရှိခဲ့ပါတယ်။ ဒါတင်မက သူ့ဖခင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာလည်း သူ့ဘဝနဲ့ နိုင်ငံရေးအပေါ် သက်ရောက်မှု ကြီးမားခဲ့ပါတယ်။

သူ့မိခင်ဖြစ်သူ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ခါလီဒါဇီယာ ကွယ်လွန်ပြီးနောက် မဲပေးပွဲမတိုင်မီ ရက်သတ္တပတ်အနည်းငယ်အလိုမှာပဲ တာရစ်ရာမန်ဟာ BNP ဥက္ကဋ္ဌဖြစ်လာခဲ့ပြီး ဒီကနေ့အခြေအနေကို ရောက်လာခဲ့တာပါ။

တာရစ်ရာမန်ဟာ ၂၀၀၁ ခုနှစ် သူ အသက် ၃၀ ကျော်အရွယ်ကစပြီး BNP ပါတီအတွင်း နိုင်ငံရေးလှုပ်ရှားမှုတွေ စပါဝင်ခဲ့ပါတယ်။

အဲဒီအချိန်က သူ့မိခင် ခါလီဒါဇီယာ ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် တာဝန်ထမ်းဆောင်စတင်တဲ့ ကာလလည်း ဖြစ်ပါတယ်။ ခါလီဒါဇီယာ ပထမအကြိမ် ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ကာလကတော့ ၁၉၉၁ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အထိ ဖြစ်ခဲ့ပါတယ်။

သူ့ဖခင် ဇီအော် ရာမန်ကတော့ စစ်တပ်ခေါင်းဆောင်ကနေ သမ္မတဖြစ်လာသူဖြစ်ပြီး ၁၉၈၁ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းမှုအတွင်း သတ်ဖြတ်ခံခဲ့ရပါတယ်။ သူဟာ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးကြိုးပမ်းမှုမှာ အရေးပါတဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့ပြီး ၁၉၇၈ ခုနှစ်မှာ ဘင်္ဂလားဒေ့်ရှ်အမျိုးသားပါတီ (BNP) ကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်မှာတော့ တာရစ် ရာမန်ဟာ သူ့မိဘတွေရဲ့ နိုင်ငံရေးလမ်းကြောင်းကို ခြေရာဆက်နင်းဖို့ အရေးပါတဲ့ ပထမခြေလှမ်းတစ်ခု လှမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပါတီအတွင်း အဆင့်မြင့်ရာထူးတစ်ခုကို တိုးမြှင့်ခန့်အပ်ခံလိုက်ရတယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီအချိန်မှာ အတိုက်အခံပါတီတွေက သူဒီလိုရာထူး အမြန်တက်လာတာကို မိသားစုအာဏာကို ပေါ် ပေါ် တင်တင် အသုံးချတာလို့ ဝေဖန်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ ပါတီစည်းကမ်းကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သူဆိုတဲ့ နာမည်ဂုဏ် သတင်း ရလာခဲ့ပါတယ်။

ရာမန်ဟာ အရင်ကလည်း ကိုယ်ကျိုးအတွက် နိုင်ငံရေးနဲ့ပါတီကို အသုံးချခဲ့တယ်လို့ စွပ်စွဲခံရဖူးပါတယ်။ ဒါပေမဲ့ သူကတော့အဲဒီလို အဂတိဆိုင်ရာ စွပ်စွဲချက်တွေကို အမြဲတမ်း ငြင်းဆိုခဲ့ပါတယ်။ သူ့ကို ထောက်ခံသူတချို့ကတော့ ပြိုင်ဘက်တွေက သူ့ကို နိုင်ငံရေး အသုံးချပြီး အပြစ်ပုံချခံခဲ့ရတာလို့ ယုံကြည်ကြပါတယ်။

၂၀၀၇ ခုနှစ်မှာ စစ်တပ် ကျောထောက်နောက်ခံပြု ယာယီအစိုးရ အုပ်ချုပ်နေတဲ့အချိန်၊ တာရစ်ရာမန် ကို အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။ တရားရုံးတင်စစ်ဆေးမှုကို စောင့်နေတဲ့အချိန်အတွင်း သူ့ကို နှိပ်စက်ညှဉ်းပန်းခဲ့တယ်လို့ သူက ဖွင့်ပြောခဲ့ပါတယ်။ သူ ထောင်ထဲမှာ ၁၈ လလောက် နေခဲ့ပြီးနောက် ပြန်လွတ်လာပြီး အဲဒီနောက်မှာတော့ လန်ဒန်ကို ထွက်သွားခဲ့ပါတယ်။

အဲဒီအချိန်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ သူဟာ ဘင်္ဂလားဒေ့ရှ်ကနေ ထွက်ခွာခွင့်ရဖို့အတွက် နိုင်ငံရေးမှာ မပါဝင်တော့ဘူးလို့ ကတိပေးခဲ့တယ်ဆိုပါတယ်။

အဲဒီနောက် တာရစ်ရာမန်ဟာ သူ့ရဲ့ ဇာတိ ဘင်္ဂလားဒေ့ရှ်ကို နောက်ထပ် ၁၇ နှစ်ကြာ ပြန်မလာနိုင်ခဲ့ပါဘူး။

နိုင်ငံပြင်ပမှာ နေထိုင်နေပေမဲ့လည်း တာရစ်ရာမန်ဟာ BNP ပါတီရဲ့ မဟာဗျူဟာနဲ့ မူဝါဒတွေကို ဆက်ဦးဆောင်ပုံဖော်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ သူ့မိခင် ခါလီဒါဇီယာကို ထောင်ဒဏ် ချမှတ်ခံရပြီးနောက်ကစပြီးလည်း ပါတီ ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရှိတ် ဟာဆီနာ ဦးဆောင်နေတဲ့ ကာလအတွင်းမှာလည်း တာရစ်ရာမန်ဟာ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု အမျိုးမျိုး ခံခဲ့ရပါတယ်။ သူ့ကို အမှုအများအပြားမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ စွပ်စွဲမှုတွေထဲမှာ ၂၀၀၄ ခုနှစ်က နိုင်ငံရေး စုဝေးပွဲတစ်ခုမှာ လူသေဆုံးမှု ဖြစ်စေခဲ့တဲ့ လက်ပစ်ဗုံး တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ အမှုလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူဟာ စွဲချက်အားလုံးကနေ ကင်းရှင်းသွားခဲ့ပါတယ်။

တာရစ်ရာမန်ဟာ နောက်ဆုံးမှာတော့ ၂၀၂၅ ဒီဇင်ဘာ ၂၅ ရက်မှာ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာခဲ့ပါတယ်။ အဲဒီနောက် ငါးရက်အကြာမှာပဲ သူ့မိခင် ကွယ်လွန်သွားခဲ့ပါတယ်။

ဇန်နဝါရီ ၉ ရက်မှာတော့ တာရစ်ရာမန်ဟာ BNP ပါတီရဲ့ တရားဝင် ခေါင်းဆောင်ဖြစ်လာပါတယ်။ လေ့လာသူတွေကတော့ BNP မှာ သူခေါင်းဆောင် ဖြစ်လာတာက မလွဲမသွေ ဖြစ်လာမယ့် အခြေအနေတစ်ရပ်ပဲလို့ သုံးသပ်ကြပါတယ်။

မိသားစုအာဏာကို အခွင့်ကောင်းယူတယ်ဆိုတဲ့ စွပ်စွဲချက်တွေကလည်း တစ်ခါပြန် ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် BNP ပါတီရဲ့ ယခင် ကုန်သွယ်ရေးဝန်ကြီး အမီးယား ခါစ်ရူကတော့ အဲဒီစွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။

"မင်းက မိသားစုဆက်ခံသူ ဟုတ်တယ် မဟုတ်ဘူး ဆိုတာက အရေးမကြီးပါဘူး" လို့ သူက ဘီဘီစီကို ပြောပါတယ်။ ရှိတ် ဟာဆီနာ အစိုးရ လက်ထက်မှာ BNP ပါတီရဲ့ လှုပ်ရှားမှုတွေကို အလွန်အမင်းဖိနှိပ်ထားခဲ့လို့ ဇီယာ မိသားစု အပြင်က ခေါင်းဆောင်အသစ် တစ်ယောက်ကို ပါတီအနေနဲ့ ရွေးဖို့ မဖြစ်နိုင်ခဲ့ဘူးလို့ သူက အကြောင်းပြချက်ပေးပါတယ်။

တချို့တွေကတော့ တာရစ်ရာမန်အတွက် တကယ့် စမ်းသပ်မှုက အနာဂတ်မှာ သူ့ပါတီနဲ့ နိုင်ငံကို ဘယ်လို ဦးဆောင်သွားမလဲ ဆိုတာပဲ ဖြစ်တယ်လို့ ပြောကြပါတယ်။

"သူက နိုင်ငံရေးရဲ့ အမှောင်ဘက်တွေကိုလည်း တွေ့ကြုံဖူးပြီး ဒီနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ လက်စားချေမှု နိုင်ငံရေးကိုလည်း ကြုံတွေ့ခဲ့ဖူးသူပါ။ အဲဒီ နိုင်ငံရေးအတွေ့အကြုံတွေကို အသုံးချပြီး ပါတီခေါင်းဆောင်တစ်ယောက်ဘဝကနေ အနာဂတ်မှာ နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ" လို့ နိုင်ငံရေးလေ့လာသူ မိုဟီယူဒင် အာမက်ဒ် က ဘီဘီစီကို ပြောပါတယ်။