ဧရာဝတီက စစ်တပ်ရဲ့ နတခဌာနချုပ်ကို အေအေ ခြိမ်းခြောက်နေသလား

ရခိုင်ပြည်နယ်အတွင်းမှာ မြင်ရတဲ့ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, ANP

ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်အတွင်းမှာ မြင်ရတဲ့ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေ

ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်မြို့နဲ့ ၂၈ မိုင်ကျော်သာ အကွာအဝေးရှိတဲ့ သာပေါင်းမြို့အပါအဝင် မြို့ ၃ မြို့မှာ အာရက္ခတပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့ ကြား တိုက်ပွဲတွေပြင်းထန်နေတာ လချီရှိလာပြီဖြစ်ပါတယ်။

ရခိုင်ဘက်ခြမ်း ဂွမြို့ ကတဆင့် ဧရာဝတီဘက်ခြမ်းကိုဝင်လာတဲ့ အေအေစစ်ကြောင်းတွေဟာ ဧရာဝတီဘက်ခြမ်းက ရေကြည်နဲ့ လေးမျက်နှာမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေပါတယ်။

ရခိုင်စစ်ရေးကို လေ့လာနေတဲ့ CDM ဗိုလ်ကြီးဇင်ယော်ကတော့ လေးမျက်နှာ၊ ရေကြည်အပြင် ပုသိမ်မြို့က စစ်တပ်ရဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)နဲ့ မဝေးလှတဲ့ သာပေါင်းမြို့တို့ကို အေအေက ခြေကုပ်ရယူပြီး နတခအထိ စစ်ရေးဦးတည်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

စစ်တပ်ကလည်း လေးမျက်နှာမြို့နဲ့ ရေကြည်အခြေစိုက် အမြောက်တပ်စခန်းဘက်မှာ ဘန်ကာတွေဆောက်၊ စစ်ကူအင်အားတွေ ဖြည့်တင်းပြီး ခုခံစစ်ပြင်နေပါတယ်။ ရခိုင်စစ်ရေးမျက်နှာစာက ဧရာဝတီအထိ ဘယ်လိုတိုးလာလဲ။

လေးမျက်နှာနဲ့ ရေကြည်က စစ်ရေးအရ ဘယ်လိုအရေးပါလဲ

အေအေ တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, အေအေ တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးရွာက စစ်တပ်စခန်းတစ်ခုကို အေအေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်(PDF)တွေက ၂၀၂၅ ခုနှစ်၊ ဧပြီလထဲမှာ သိမ်းပိုက်ခဲ့ပါတယ်။

ပန်းတောကြီးစခန်း သိမ်းပိုက်ခံရတဲ့နောက်မှာတော့ လေးမျက်နှာမြို့နယ်ထဲက ရွာတွေမှာ စစ်တပ်က အင်အား ၃၀၀ ဝန်းကျင် စစ်ကူပို့ထားတယ်လို့ အေအေ စစ်ရေးရင်းမြစ်က အတည်ပြုပြောပါတယ်။

လေးမျက်နှာမြို့နယ်ထဲက ကျေးရွာတချို့မှာ ရပ်ရွာကာကွယ်ရေးအတွက်ဆိုပြီး အသက် ၃၅ ကနေ ၆၅ နှစ်အရွယ်ရှိတဲ့ အမျိုးသားတွေကို စစ်သင်တန်းပေးမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးတွေကတဆင့် ဖိအားပေးခေါ်ယူနေတယ်လို့ ဘီဘီစီစကားပြောခွင့်ရတဲ့ လေးမျက်နှာ ဒေသခံတစ်ဦးက ပြောပါတယ်။

အလားတူ လေးမျက်နှာမြို့နယ်ထဲက ရွာတချို့မှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်ကြတာရှိပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီလို တပ်တွေရဲ့ ရိက္ခာအတွက် တစ်အိမ်ကို ငွေကျပ် ၃,၀၀၀ ကောက်ခံတာရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီရဲ့ ရိက္ခာအတွက် ထမင်းချက်ပြီး ပို့ပေးရတာလည်းရှိတယ်လို့ လေးမျက်နှာမြို့နယ်၊ ကညင်တောင်အုပ်စု၊ ရွှေဘုံသာရွာက ဒေသ ၂ ဦးက သူတို့ တွေ့ကြုံနေရတာကိုရှင်းပြပါတယ်။

"ရာအိမ်မှူးနဲ့ အုပ်ချုပ်ရေးမှူးတွေက အဖွဲ့လိုက် တစ်အိမ်ထောင်စီ ငွေလိုက်ကောက်နေတာ" လို့ ရွှေဘုံသာရွာခံတစ်ဦးက ပြောပြပါတယ်။

ဧပြီလနောက်ဆုံးအပတ်မှာတော့ အေအေရဲ့ စစ်ကြောင်းက လေးမျက်နှာမြို့ပေါ်နဲ့ ၉ မိုင်အကွာနားတဝိုက်အထိ ရောက်နေပြီလို့ အေအေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ဆိုပါတယ်။

အေအေစစ်ကြောင်းတွေ မြို့ပေါ်နား နီးကပ်ပြီး စစ်ရေးတင်းမာနေတာကြောင့် မြို့အနီးတဝိုက်နဲ့ မြို့ပေါ်ရပ်ကွက်က စစ်ကောင်စီအုပ်ချုပ်ရေးမှူးတချို့နဲ့ ရာအိမ်မှူးတချို့ကတော့ ရေကြည်အမြောက်တပ်ရင်းဘက်ကို ပြောင်းရွှေ့နေကြပါတယ်။

လေးမျက်နှာနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ရေကြည်မြို့နယ်ထဲက မြောက်စမ်းရွာအခြေစိုက်၊ စစ်တပ်ရဲ့ အမှတ် ၃၄၄ အမြောက်တပ်ရင်း(အမတ)ကိုတော့ ဖေဖော်ဝါရီလကတည်းက အေအေနဲ့ PDF တပ်ဖွဲ့တွေ ပူးပေါင်းပြီး ထိုးစစ်ဆင်နေတာပါ။

အလားတူ အမတ - ၃၄၄ ဟာ ပုသိမ် - မုံရွာကားလမ်းမကြီးဘေးမှာရှိတာကြောင့် ဒီတပ်ရင်းကို ကာကွယ်ဖို့ စစ်တပ်က အဲဒီလမ်းပိုင်းတလျှောက်မှာ ကာကင်းတွေ တိုးချပြီး စစ်ပြင်ခဲ့ပါတယ်။

ဒီအမြောက်တပ်ရင်းကို ထိုးစစ်မဆင်ခင်မှာလည်း စစ်ကူတွေမလာနိုင်အောင် အေအေက ရေကြည်နဲ့ ဆက်စပ်နေတဲ့ ဂွ-ငါးသိုင်းချောင်းလမ်းပိုင်းပေါ်က ဗေဒါဂိတ်နဲ့ စစ်တပ် ကာကင်းစခန်းတချို့ ကို တိုက်ခိုက်ပြီး သိမ်းပိုက်ထားခဲ့ပါတယ်။

ဧပြီလထဲမှာတော့ အမတ ၃၄၄ အထိ တိုက်ပွဲရောက်လာပြီး အေအေနဲ့ PDF ပူးပေါင်းအဖွဲ့တွေရဲ့ ထိုးစစ်တွေ အရှိန်မြှင့်လာတာကြောင့် အမြောက်တပ်ရင်း ပတ်ပတ်လည်မှာ ဘန်ကာတွေ ဆောက်ပြီး စစ်တပ်က ခံစစ်ပြင်နေတယ်လို့ မြေပြင်အခြေအနေသိသူတချို့က ဆိုပါတယ်။

"ပန်းရံဆရာတွေကိုပါ ခေါ်ပြီး ဘန်ကာကို အထပ်ထပ် ပတ်ပတ်လည်ဆောက်နေတာ" လို့ ဆိုပြီး အမြောက်တပ်ထဲမှာလည်း အင်အား ၃၀၀ ကျော်နဲ့ တပ်စွဲထားတယ်လို့ သူတို့က ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း ပုသိမ်-မုံရွာလမ်းပိုင်း ရေကြည်မြို့နယ် စက်စက်ယိုကျေးရွာအနီးမှာလည်း ဧပြီနောက်ဆုံးပတ်အတွင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

စစ်​ကောင်စီကယာယီအပစ်ရပ်​ကြေညာထား​ပေမဲ့ တဖက်တပ်တွေရဲ့ ထိုးစစ်တွေကြောင့်ဆိုကာ ရေကြည်၊ လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်ကြား ပုသိမ်-မုံရွာလမ်းကြောမှာ စစ်အင်အားတိုးချနေပါတယ်။

ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ဟင်္သာတခရိုင်အထိ ရောက်ရှိနေတာတွေ့ရပြီးဟင်္သာတမြို့ပေါ်မှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့တွေကို (အမတ-၃၄၄) ဆီပို့ပြီး ခံစစ်ပြင်ထားတယ်လို့ အေအေ စစ်ရေးရင်းမြစ်က ဆိုပါတယ်။

ဒါအပြင် ကျုံပျော်မြို့ အခြေစိုက် စစ်တပ်ရဲ့ အမှတ် ၃၆ ခြေလျင်တပ်ရင်းတပ်ဖွဲ့ဝင်တချို့နဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေကိုလည်း (အမတ-၃၄၄) ဆီပို့ထားတယ်လို့ သိရပါတယ်။

နှစ်ဖက်စစ်ရေးတင်းမာနေချိန် အမြောက်တပ်ရင်းထဲကနေ အနီးနားက ရွာတွေထဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိသလို အမတ-၃၄၄ အနီးက တိုက်ပွဲပြင်းထန်နေတဲ့နေရာတွေကို စစ်တပ်က လေကြောင်းပစ်ကူပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

လေးမျက်နှာအပါအဝင် ရေကြည်၊ မြောက်စမ်းရွာအမြောက်တပ်ရဲ့ အနီးနားရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့်"ထိခိုက်သေဆုံးမှုရှိ၊ မရှိကို မသိရသေးဘူး" လို့ သူက ရှင်းပြပါတယ်။

လေးမျက်နှာမြို့နယ်ထဲက "ဝတ်ကုန်း၊ လဲခုံကြီး၊ လဲခုံလေး၊ ရှားတောစု၊ စမ်းကုန်း" ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ရေကြည်မြို့ ရဲ့ အရှေ့ဘက်ခြမ်း ပုသိမ်မြို့နယ်ထဲပါနေတဲ့ ဘောမိနဲ့ မကျီးဇင်ရွာတွေက စစ်တပ်စခန်းတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အေအေက သိမ်းပိုက်ခဲ့ပါတယ်။ ဒီရွာတွေကို အေအေက ဧပြီလနောက်ဆုံးပတ်အထိ ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

ဒါကြောင့် အေအေနဲ့ ပူးပေါင်းတပ်တွေဟာ ဘောမိနဲ့ မကျီးဇင်ရွာတွေဘက်ကနေ သာပေါင်းမြို့နယ်ထဲ ဝင်ရောက်လာတာ ရှိသလို ဂွမြို့နယ်ကတစ်ဆင့် စစ်ကောင်စီတပ်ရဲ့ ဗေဒါစခန်းကို ကျော်လွန်ပြီး ရေကြည်မြို့နယ်ထဲကို အင်အားဖြန့်ကျက်လာတယ်လို့ နားလည်ရပါတယ်။

စစ်တပ်ကတော့ ဘောမိကျေးရွာရဲ့ တောင်ဘက်ခြမ်းက ရွှေသောင်ယံမြို့ဘက်မှာ ခံစစ်အခိုင်အမာနဲ့ နေရာယူတပ်စွဲထားပါတယ်။

ဧပြီနောက်ဆုံးအပတ်အထိ ပုသိမ်မြို့ စစ်တပ်ရဲ့ နတခ အနီးက သာပေါင်းမြို့မှာ စစ်တပ်နဲ့ အေအေ/PDF ပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာနေပါတယ်။

မတ်လတုန်းကတော့ သာပေါင်းမြို့နယ် အခြေစိုက် စစ်တပ်ရဲ့ အမှတ် ၃၀၈ ခြေမြန်တပ်ရင်းရဲ့ ကာကင်းစခန်းကို အေအေက သိမ်းပိုက်ထားတာဖြစ်ပါတယ်။

သာပေါင်းမြို့ အနောက်မြောက်ဘက်နဲ့ မြောက်ဘက်အစပ်နားက ရွာတွေအထိ အေအေတပ်တွေက နေရာယူထားတဲ့အခြေအနေလို့ မြေပြင်သတင်းရင်းမြစ်က ဧပြီ နောက်ဆုံးပတ်အခြေအနေကို ပြောပါတယ်။

သာပေါင်းမြို့ အနောက်မြောက်ဘက်မှာ အေအေထိန်းချုပ်ထားတဲ့ မကျီးဇင်နဲ့ ဘောမိကျေးရွာရှိပြီး မြောက်ဘက်မှာတော့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ရေကြည်မြို့ ရှိပါတယ်။

အေအေရဲ့ ထိုးစစ်ကို ကာကွယ်ဖို့အတွက် လေးမျက်နှာ၊ ရေကြည်နဲ့ သာပေါင်းက စစ်တပ်စခန်းတွေဟာ စစ်တပ်အတွက် အခရာကျသလို ပုသိမ်-မုံရွာလမ်းပိုင်းကို ထိန်းချုပ်ချင်တဲ့ အေအေအတွက်လည်း ဒီနေရာတွေက စစ်ရေးအရ အရေးပါတယ်လို့ စစ်ရေးအကဲခတ်တွေက ထောက်ပြပါတယ်။

"ဒီ ၃ နေရာက (နတခ-ပုသိမ်)အတွက် ကာကင်းစခန်းတွေလို့ ပြောလို့ရတယ်။ စစ်တပ်က ဒီနေရာတွေမှာ ကျသွားရင် ဂယ်ပေါက်ဖြစ်လာပြီး နတခအတွက် စိုးရိမ်ရမယ့်အခြေအနေရောက်သွားမှာပဲ" လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

အေအေက ဧရာဝတီတိုင်းကို ဘာလို့ ထိုးစစ်ဆင်တာလဲ

ဧရာဝတီတိုင်းထဲမှာ တွေ့ရတဲ့ အေအေတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, ဧရာဝတီတိုင်းထဲမှာ တွေ့ရတဲ့ အေအေတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

အေအေက ဧရာဝတီတိုင်းကနေ ရခိုင်ရိုးမကတဆင့် ရခိုင်ဘက် ဝင်ပေါက်လမ်းတွေကို စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေ ရောက်မလာအောင် တားဆီးဖြတ်တောက်ထားချင်တာလို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

"ရခိုင်ပြည်နယ်ထဲကို စစ်တပ်ပြန်ပြီး ခြေမချနိုင်အောင် ဒီလမ်းပေါက်တွေကို အေအေဘက်က ထိန်းချုပ်ထားဖို့လိုတယ်"လို့ သူကဆိုပါတယ်။

ဧရာဝတီတိုင်းဘက်ခြမ်း ပုသိမ်-မုံရွာလမ်းတလျှောက်ရဲ့ အပေါ်ဘက်ကို ကြည့်မယ်ဆိုရင် မကွေး၊ပဒါန်းကနေ အမ်းတောင်ကြားလမ်းအတိုင်းဆက်သွားရင် ရခိုင်ပြည်နယ်ထဲကို လမ်းပေါက်ပါတယ်။ မကွေး၊ ပဒါန်းဘက်မှာလည်း အေအေရဲ့ စစ်ရေးခွင် ရှိနေပါတယ်။

အဲဒီလမ်းရဲ့ အောက်ဘက်မှာတော့ ရခိုင်-ပဲခူးအစပ်၊ ပန်းတောင်းမြို့နယ်ထဲကနေ ရခိုင်ရိုးမအတိုင်း ဆက်တက်မယ်ဆိုရင် ရခိုင်ပြည်နယ်၊ တောင်ကုတ်အထိ လမ်းပေါက်ပါတယ်။

ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုးရွာကိုတော့ အေအေက မတ်လကုန်ပိုင်းမှာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ညောင်ကျိုးကနေ ပန်းတောင်းမြို့ထဲအထိ အေအေထိုးစစ်တွေ ရောက်မလာနိုင်အောင် ညောင်ကျိုးနဲ့ တဆက်တည်းရှိတဲ့ ညောင်ခြေထောက်မှာ စစ်တပ်က ခံစစ်အခိုင်အမာပြင်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က အစောပိုင်းကတည်းက ပြောထားပါတယ်။

ရခိုင်ဘက်ပေါက်တဲ့ ဝင်ပေါက်လမ်းတွေနဲ့ ဆက်သွယ်ချိတ်ဆက်ထားတဲ့ ပဲခူးနဲ့ ဧရာဝတီတိုင်းထဲက ပုသိမ်-မုံရွာလမ်းတောက်လျှောက်ကို အပြည့်အဝထိန်းချုပ်ချင်တာကြောင့် မကွေး၊ ဧရာဝတီနဲ့ ပဲခူး စတဲ့ တိုင်းဒေသ ၃ ခုမှာ စစ်ရေးခွင်ကို ဖြန့်ပြီး လှုပ်ရှားနေတာလို့ စစ်ရေးအကဲခတ်တစ်ဦးက ထောက်ပြပါတယ်။

ဒီတိုင်းဒေသကြီး ၃ ခုအတွင်းက ပုသိမ်-မုံရွာလမ်းပိုင်းအပြင် စစ်တပ်ခံစစ်အခိုင်အမာပြင်ထားတဲ့ မြောက်စမ်း၊ အမတ-၃၄၄ ကိုသာ အေအေထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် ဧရာဝတီတိုင်းရဲ့ မြို့တော်က စစ်တပ်ရဲ့ နတခ အထိပါ စစ်ရေးခြိမ်းခြောက်လာနိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

တစ်ဖက် ပုသိမ်မြို့ထဲမှာလည်း စစ်တပ်က ရပ်ကွက်အချို့မှာ ပြီးခဲ့တဲ့ရက်တွေအတွင်း စစ်တပ်ရဲ့ အုပ်ချုပ်ရေးပိုင်းတွေနဲ့အတူ ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး)တချို့က ဓားတုတ် ကိုင်ဆောင် ကင်းလှည့်နေတာမျိုးလည်းရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါက လေးမျက်နှာနဲ့ ရေကြည်ဘက်မှာ အေအေနဲ့ PDF ပူးပေါင်းထိုးစစ်တွေ အရှိန်မြှင့်လာတဲ့နောက် မြို့ပေါ်မှာ အခုလို လှုပ်ရှားလာတာလို့ ဆိုပါတယ်။

"အမတ-၃၄၄ သာ ထိန်းနိုင်သွားမယ်ဆိုရင် သာပေါင်း နဲ့ လေးမျက်နှာ ဘက်တွေမှာ စစ်တပ်အတွက် မြေပြင်မှာ အကုန် လမ်းပိတ်သွားမှာ၊ နတခရှိတဲ့ ပုသိမ်မြို့အထိ အေအေ ချီတက်နိုင်သွားမယ်"လို့ ဗိုလ်ကြီးဇင်ယော်က ပြောထားပါတယ်။