လက်နက်စက်ရုံတွေ လုံခြုံရေးအတွက် ညောင်ခြေထောက်မှာ စစ်တပ်ခံစစ်ပြင်

ညောင်ကျိုးဟာ မြန်မာစစ်တပ်ရဲ့ ကပစ စက်ရုံတွေလုံခြုံရေးအတွက် အလွန်အရေးပါပြီး ညောင်ကျိုးမကျအောင် အခိုင်အမာခံစစ်ပြင်နေတာဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, ညောင်ကျိုးဟာ ကပစ စက်ရုံတွေလုံခြုံရေးအတွက် အလွန်အရေးပါပြီး ညောင်ကျိုးမကျအောင် အခိုင်အမာခံစစ်ပြင်နေတာဖြစ်ပါတယ်။

ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေရှိတဲ့ ရခိုင်-ပဲခူးအစပ်၊ ပန်းတောင်းမြို့နယ် ညောင်ကျိုးရွာမှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ တိုက်ပွဲပြင်းထန်နေတာ တစ်လနီးပါးရှိလာပါပြီ။

စစ်တပ်ကလည်း ပန်းတောင်းမြို့ထဲအထိ အေအေ ဝင်မလာနိုင်အောင် ညောင်ကျိုးနဲ့ တဆက်တည်းရှိတဲ့ ညောင်ခြေထောက်ရွာမှာ လူအင်အား၊ လက်နက်အင်အားတွေ ဖြည့်တင်းနေပါတယ်။

ပန်းတောင်းမြို့အနီးမှာပဲ စစ်တပ်က လေယာဉ်ကွင်းတစ်ခု လျှို့ဝှက်ဆောက်ပြီး လေကြောင်းပစ်ကူတာ၊ စက်တပ်လေထီးတွေနဲ့ ကင်းထောက်တာတွေ ခပ်စိပ်စိပ်လုပ်ပြီး ခုခံနေရတဲ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

ညောင်ကျိုးဟာ မြန်မာစစ်တပ်ရဲ့ ကပစ စက်ရုံတွေလုံခြုံရေးအတွက် အလွန်အရေးပါပြီး ညောင်ကျိုးမကျအောင် အခိုင်အမာခံစစ်ပြင်နေတာဖြစ်ပါတယ်။

ညောင်ကျိုးက စစ်ရေးအရ ဘယ်လိုအရေးပါလဲ

၂၀၂၃ ခုနှစ် နှစ်စပိုင်းမှာ သံတွဲမြို့အနီးရှိ နယ်မြေခံပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်မှာတွေ့ရတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, CINCDS

တိုက်ပွဲဖြစ်နေတဲ့ညောင်ကျိုးရွာဟာ ရိုးမကြားခံပြီး ပဲခူးနဲ့ ရခိုင်ကို ဆက်သွယ်ထားတဲ့ အဓိကလမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။ ဒါ့အပြင် ညောင်ကျိုးရွာရှိတဲ့ ပန်းတောင်းမြို့ထဲမှာတင် ကပစ စက်ရုံ (၅) ရုံရှိပါတယ်။

အဲဒီစက်ရုံတွေကို ညောင်ခြေထောက်၊ ဆင်တဲ၊ ကမြိုင်၊ ကျောက်ဖူးနဲ့ ထုံးဘို စတဲ့ရွာတွေမှာ အခြေစိုက်ထားတာ ဖြစ်ပါတယ်။

ညောင်ကျိုးရွာအရှေ့ဘက်မှာ ညောင်ခြေထောက်ရွာရှိပြီး ညောင်ခြေ‌ထောက်ရွာအနီးမှာ စစ်တပ်ရဲ့ ကပစ (၆) စက်ရုံရှိပါတယ်။

ကပစ (၆) အနီးမှာ ကပစ (၃) စက်ရုံရှိပြီး အဲဒီစက်ရုံမှာ ပခုံးပစ်လောင်ချာ (RPG) သုံး ဗုံးသီးတွေ၊ မော်တာဗုံးသီးအပြင် လေတပ်မှာ အသုံးပြုတဲ့ လေယာဉ်တင်ဗုံးတွေလည်း ထုတ်လုပ်ပါတယ်။

ညောင်ခြေထောက်နဲ့ ကပ်လျက်က ဥသျှစ်ပင်မြို့ထဲမှာတော့ ယမ်းတွေ အဓိကထုတ်တဲ့ ကပစ (၅) စက်ရုံ နဲ့ အက်ဆစ်ထုတ်ပြီး ယမ်းချက်တာတွေလုပ်တဲ့ ကပစ (၁၆) စက်ရုံလည်း ရှိနေပါတယ်။

ဥသျှစ်ပင်လမ်းဆုံကနေ ခွဲဆင်းတဲ့ ပုသိမ်-မုံရွာလမ်းပိုင်းအနီးက ကျောက်ဖူးကျေးရွာမှာတော့ ကပစ (၉) တည်ရှိပြီး ကျည်ဆံအဓိကထုတ်တဲ့စက်ရုံဖြစ်ပါတယ်။ အဲဒီမှာ ၅.၅၆ မမ (မီလီမီတာ)၊ ၇.၆၂ မမ၊ ၉ မမ ကျည်ဆံတွေ ထုတ်လုပ်ပါတယ်။

တောင်ကုတ်-ပန်းတောင်းလမ်းနဲ့ ပုသိမ်-မုံရွာလမ်းမဆုံရာ ဥသျှစ်ပင်လမ်းဆုံကနေ အပေါ်ဘက်ဆက်တက်မယ်ဆိုရင် မကွေးတိုင်း၊ ငဖဲမြို့အထိ လမ်းပေါက်တာကြောင့် မကွေးက စစ်ရေးခွင်နဲ့ ဆက်စပ်နေတဲ့ အနေအထားလည်းဖြစ်ပါတယ်။

ညောင်ကျိုးမကျအောင် ညောင်‌ခြေထောက်မှာ ခံစစ်ပြင်နေ

အေအေတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, အေအေတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ညောင်ကျိုးရွာနဲ့ ၁၄ မိုင်ဝန်းကျင်ကွာဝေးတဲ့ ညောင်ခြေထောက်ရွာမှာ စစ်တပ်က ခံစစ်အခိုင်အမာပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ဘီဘီစီကိုပြောပါတယ်။

ဒေသကွပ်ကဲမှုဌာနချုပ်(ပြည်)က ဒု-ဒကစမှူးကိုယ်တိုင် ခံစစ်ပြင်တဲ့နေရာတွေကို လိုက်ကြီးကြပ်နေတယ် လို့ ဒကစ(ပြည်)က သတင်းအရင်းအမြစ်က ပြောပါတယ်။

တပ်မ ၇၇ လက်အောက်ခံ တပ်တချို့နဲ့ စစ်မှုထမ်းသင်တန်းဆင်းလာတဲ့ တပ်သားအသစ်တွေကို ညောင်ခြေထောက်ရွာပို့ပြီး အင်အားတိုးချဲ့ထားလို ‌‌ညောင်ကျိုးတိုက်ပွဲကိုလည်း စစ်ကူပို့တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"ညောင်ကျိုးတိုက်ပွဲစကတည်းက စစ်တပ်က စစ်ကူတွေပို့တယ်။ ညောင်ကျိုးကျသွားရင်လည်း ကပစ စက်ရုံတွေကို အေအေထိုးစစ်မလာအောင် ညောင်ခြေထောက်မှာ ဟန့်တားထားတဲ့သ‌ဘော" လို့ဆိုပါတယ်။

ပဲခူး၊ သာယာဝတီခရိုင်ထဲက မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုကတော့ ညောင်ကျိုးစခန်းတိုက်ပွဲကနေ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ချခဲ့တယ်လို့ မတ်လ တတိယအပတ်မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီတပ်သားဟာ စစ်မှုထမ်းအပတ်စဉ် (၆) သင်တန်းဆင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဖော်ပြထားပါတယ်။

ပန်းတောင်းမြို့နယ်အ‌ရှေ့ခြမ်း၊ ဧရာဝတီမြစ်တစ်ဖက်ကမ်းက ရွှေတောင်မြို့နဲ့ သဲကုန်းမြို့ကြားမှာလည်း စစ်တပ်က လျှို့ဝှက်လေယာဉ်ကွင်းတစ်ခု ဆောက်လုပ်ထားတယ်လို့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

"လေယာဉ်အတက်အဆင်းလုပ်နေတာ ၃ ပတ်လောက်ရှိပြီ" လို့ သူကဆိုပါတယ်။

ရွှေတောင်မြို့က ပန်းတောင်းမြို့နဲ့ ၁၈ မိုင်ဝန်းကျင်သာ ကွာဝေးပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ညောင်ကျိုးဘက်ကို လေကြောင်းပစ်ကူတာအပြင် အေအေက ‌ညောင်ကျိုးကို ရသွားခဲ့ရင် ညောင်ခြေထောက်-ဥသျှစ်ပင်အထိ တိုက်ပွဲတွေ ဆက်ဆင်းလာနိုင်တာကြာင့် စစ်ရေးခွင်ကျယ်လာတဲ့အခါ စစ်ကူနဲ့ လက်နက်ခဲယမ်း၊ ရိက္ခာတွေဖြည့်လို့လွယ်အောင် လျှို့ဝှက်ဆောက်လုပ်ထားတဲ့ ကွင်းလို့ သူကရှင်းပြပါတယ်။

"လမ်းပိုင်းကို အပိုင်းလိုက်ထိန်းချုပ်တဲ့ အခြေအနေရောက်သွားရင် မြေပြင်ကနေ စစ်ကူနဲ့ ရိက္ခာထောက်ပို့ဖို့က မဖြစ်နိုင်ဘူး" လို့ သူက ထုတ်ပြောထားပါတယ်။

ညောင်ကျိုးမှာ ဘာဆက်ဖြစ်နေလဲ

၂၀၂၅ ဇန်နဝါရီလက မိုးထိတောင်စခန်းကို အေအေ သိမ်းပိုက်ပြီးနောက် ထုတ်ပြန်လာတဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ဇန်နဝါရီလက မိုးထိတောင်စခန်းကို အေအေ သိမ်းပိုက်ပြီးနောက် ထုတ်ပြန်လာတဲ့ပုံ

ညောင်ကျိုးက ကာကင်းစခန်းတွေကို အေအေသိမ်းပိုက်ပြီးတဲ့နောက် ညောင်ကျိုးနဲ့ ညောင်ခြေထောက်ကြားလမ်းပိုင်းမှာ စစ်တပ်နဲ့ အေအေတို့ တိုက်ပွဲတွေပြင်းထန်နေဆဲလို့ မြေပြင်အခြေအနေသိသူတွေက ပြောပါတယ်။

မတ်လ ဒုတိယအပတ်ထဲမှာပဲ ညောင်ကျိုးရွာအနီးက ကာကင်းစခန်းတွေကို အေအေက သိမ်းပိုက်ထားပြီလို့ အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

တောင်ကုတ်-ပန်းတောင်း ရိုးမလမ်းပိုင်းက စစ်တပ်စခန်းတွေကို ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက အေအေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ၂၀၂၅ မတ်လအထိ ၄ လနီးပါးအတွင်း အဲဒီရိုးမလမ်းပိုင်းက တောင်ပုံကြီးစခန်း၊ ပုဂံကွဲစခန်း၊ မိုးထိတောင်စခန်းနဲ့ နတ်တောင်တာဝါစခန်းကုန်းတွေကို အေအေက သိမ်းထားနိုင်ပါတယ်။

ပန်းတောင်းမြို့နယ်က စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီကတော့ မတ်လ တတိယအပတ်အထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါပေမဲ့ ညောင်ကျိုးရွာကို အေအေက အပြီးသတ်ထိန်းချုပ်နိုင်တဲ့သဘောတော့ မဟုတ်သေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။

မတ် ၂၁ ရက်အထိ ညောင်ကျိုး-ညောင်ခြေထောက်ကြားက အရပ်အခေါ် ဆင်လန်လေလန်ဆိုတဲ့ ကုန်းတဝိုက်မှာ နှစ်ဖက်တိုက်ပွဲ ဆက်ပြင်းထန်နေတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။

တိုက်ပွဲအတွင်း ညောင်ခြေထောက်မှာရှိတဲ့ စစ်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဆိုပြီး "စက်တပ်လေထီးတွေနဲ့လည်း ဗုံးတွေကြဲချနေတယ်" လို့ သူက ပြောထားပါတယ်။

"တနေကုန်ပစ်နေတာ။ ဒီနေ့ ညနေပိုင်းအထိပဲ" လို့ သူက မတ် ၂၁ ရက်က ပြောပါတယ်။

အေအေကလည်း ကပစ စက်ရုံတွေရှိတဲ့ ညောင်ခြေထောက်ရွာအထိ ကပ်လာနိုင်ဖို့အတွက် တောင်ကုတ်-ပန်းတောင်းရိုးမလမ်းပိုင်းတလျှောက်က စစ်တပ်ကာကင်းစခန်းတွေကို စစ်ကြောင်းခွဲပြီး ထိုးစစ်ဆင်နေတဲ့အခြေအနေလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

"တစ်ချက်ခုတ် သုံးလေးချက်လောက်ပြတ်အောင် လမ်းပိုင်းက နေရာတွေကို ခွဲတိုက်တယ်" လို့ သူကဆိုပါတယ်။

အေအေဟာ ညောင်ကျိုးနဲ့ ဥသျှစ်ပင်ကြားထဲက ညောင်ခြေထောက်အထိ စစ်ရေးခွင်ချဲ့နိုင်ရင် ညောင်ကျိုးကို အပြီးသတ်ထိန်းနိုင်သွားမှာဖြစ်သလို ဥသျှစ်ပင်မြို့အထိ ဆက်ဆင်းနိုင်ရင်တော့ စစ်တပ်ရဲ့ ကပစ စက်ရုံတွေကိုပါ အေအေက ဆက်ပြီးသိမ်းလို့ရသွားနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ထားပါတယ်။