ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘာတလွှား ထမင်းလျှော့စားရတော့မှာလား
- ရေးသားသူ, The Food Chain အစီအစဉ်
- ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား
ထမင်းဟာ တကယ်တော့ အစားသောက်တစ်ခုထက် ပိုပါတယ်။ ဒါဟာ ကမ္ဘာ့လူဦးရေထက် ဝက်ကျော်ရဲ့ နေ့စဉ်ဘဝတွေအတွက် အသက်သွေးကြော၊ ဓလေ့ရိုးရာ ယဉ်ကျေးမှုနဲ့ စီးပွားရေးရှင်သန်ရေး ပြယုဂ်လည်းဖြစ်ပါတယ်။
"ထမင်းဟာ ဖိလစ်ပိုင် ဟင်းလျာတိုင်းအတွက် မရှိမဖြစ်ပါ။ ထမင်းဟာ ဆန်တစ်လုံး ဆိုတာထက်ပို ပါတယ်။ ဒါဟာ ယဉ်ကျေးမှု ကျောက်တိုင်ပါ" လို့ ပြောလာသူကတော့ ဘီဘီစီကမ္ဘာတလွှားအစီအစဉ်ကို အမြဲနားထောင်သူ ဖိလစ်ပိုင်နိုင်ငံ၊ မြို့တော် မနီလာက အန်ဒရင်း ဘီရန်ကာဗီလာနူအဗာ ပါ။
"ဖိလစ်ပိုင်နိုင်ငံသားတွေက ထမင်းကို နံနက်စာ၊ နေ့လယ်စာ နဲ့ ညစာဆိုပြီး တစ်နေ့ သုံးနပ်စားကြ ပါတယ်။ သရေစာမှတောင် ဆန်ပါဝင်ပါတယ်။ ကျွန်မ အကြိုက်ဆုံးဆန်ကတော့ ကောက်ညှင်းဆန်ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုရင် ဖိလစ်ပိုင်တွေရဲ့ သရေစာအားလုံးနီးပါးဟာ ကောက်ညှင်းမပါမဖြစ်ပါ" လို့ သူက ပြောပါတယ်။
ဒါပေမယ့် ဥတုရာသီ ဖောက်ပြန်မှုတွေရှိလာပြီးတဲ့နောက်မှာ "ကမ္ဘာကြီးက ထမင်းလျှော့စား သင့်ပြီလား" ဆိုတဲ့ မေးခွန်းတစ်ခု ရှိလာပါတယ်။
"တစ်ကမ္ဘာလုံး စားတဲ့ဆန်"
စားသုံးနိုင်တဲ့ အပင်မျိုးစိပ်ပေါင်း ၅၀,၀၀၀ ရှိတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ (FAO)ရဲ့စာရင်းအရ သိရပါတယ်။ အဲဒီထဲက ကောက်ပဲသီးနှံ ၁၅ မျိုးဟာ ကမ္ဘာ့စားနပ်ရိက္ခာ စွမ်းအင်စားသုံးခြင်းရဲ့ ၉၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးပါတယ်။ ဆန်၊ ဂျုံနဲ့ ပြောင်းတို့ဟာ ထိပ်ဆုံးက ပါဝင်ပါတယ်။
"ကမ္ဘာ့လူဦးရေရဲ့ ၅၀ ကနေ ၅၆ ရာခိုင်နှုန်းဟာ "အဓိကစားသောက်ကုန်"အဖြစ် ဆန်အပေါ် မှီခိုနေကြရတာ" လို့ နိုင်ငံတကာဆန်သုတေသနအင်စတီကျု့(IRRI)ရဲ့ ညွှန်ကြားရေးမှုချုပ် ဒေါက်တာ အီဗန်ပင်တိုက ပြောပါတယ်။ ဒါဟာ လူပေါင်း သန်း ၄,၀၀၀ လောက်က ဆန်ကို အဓိကထားပြီး နေ့စဉ်စားသုံးနေတယ်ဆိုတာကို ပြပါတယ်။
ဆန်စပါးကို မြန်မာပါအဝင် အရှေ့တောင်အာရှနဲ့ တောင်အာရှတလွှားမှာ စိုက်ပျိုးကြပါတယ်။ ဆန်လိုအပ်ချက်တွေများ ပြားလာတဲ့ အာဖရိကမှာ စပါးစိုက်လာသလို လက်တင်အမေရိကနဲ့ ဥရောပအတွင်း မျိုးကွဲမျိုးစုံတဲ့ ဆန်တွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ ကမ္ဘာ့စားနပ်ရိက္ခာမှာ ဗိုလ်စွဲထားတဲ့ဆန်နဲ့အတူ ပေးဆပ်လိုက်ရတာလည်း ရှိနေပြန်ပါတယ်။
ဆန်စပါး သို့မဟုတ် ရေအသောက်များတဲ့အနှံ
"စပါးက ရေ အတော်လိုအပ်တဲ့အပင်မျိုး" လို့ စပိန်နိုင်ငံသားပိုင် နိုင်ငံတကာ အီဘရိုအစားအသောက် လုပ်ငန်း၊ ယူကေအခြေစိုက် ဆန်ကုမ္ပဏီဖြစ်တဲ့ တဲလ်တာရဲ့ မန်နေဂျင်းဒါရိုက်တာ ဂျင်း-ဖိလစ်ပီ လာဘောဒီက ပြောပါတယ်။
"စပါး ၁ ကီလိုဂရမ်ရဖို့ ရေလီတာ ၃,၀၀၀ ကနေ ၅,၀၀၀ ကြားကို သုံးရပါတယ်။ ဒါက များတဲ့ ပမာဏပါ"
အင်းအိုင်တွေရှိလို့ ရေတင်တဲ့နေရာတွေမှာ စပါးခင်းတွေကို မြင်နိုင်ပါတယ်။ အထူးသဖြင့် မြန်မာအပါအဝင် အရှေ့တောင်အာရှနဲ့ တောင်အာရှတို့မှာ စပါးစိုက်ပါတယ်။ ရေများတာဟာ ကောက်ပဲသီးနှံတွေအတွက် အထောက်အပံ့ဖြစ်စေပေမဲ့လည်း အောက်စီဂျင်လျော့ကျတဲ့ပတ်ဝန်းကျင်ကို ဖန်းတီးရာရောက်ပါတယ်။ အဲဒါကို အောက်စီဂျင်မဲ့တဲ့အခြေအနေလို့လည်း သိထားကြပါတယ်။
"လယ်ကွင်း ရေမြုပ်နေတဲ့အခါ သေးငယ်တဲ့ဇီဝသက်ရှိအများအပြားကို တစ်ဟုန်တိုးမွေးဖွား စေပြီး အဲဒါက မီသိန်းဓါတ်ငွေ့ အများအပြားကို ထုတ်လုပ်ကြတယ်" လို့ ဒေါက်တာ အီဗန်ပင်နိုက ပြောပါတယ်။
မီသိန်းဟာ ပြင်းထန်တဲ့ ဖန်လုံအိမ်အာနိသင်ရှိတဲ့ဓါတ်ငွေ့ဖြစ်ပြီး ကမ္ဘာကြီးပူနွေးမှုရဲ့ ၃၀ ရာခိုင်နှုန်းအတွက် အကြောင်းရင်းခံလို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီရဲ့ အဆိုအရသိရပါတယ်။
ဆန်ထုတ်လုပ်မှုကနေ ကမ္ဘာကြီးပူနွေးစေတဲ့ဓါတ်ငွေ့တွေရဲ့ ၁၀ ရာခိုင်နှုန်းကို ထုတ်လွှတ်နေတယ်လို့ IRRI ရဲ့ခန့်မှန်းချက်အရ ယူဆထားကြပါတယ်။
စိမ်းစိုစေတဲ့နည်းနာများ
စိုတခါ ခြောက်တလှည့်(AWD)လို့ သိကြတဲ့စနစ်နဲ့ ရေသိုလှောင်မှုကို တဲလ်တာမှာ စမ်းသပ်ခဲ့ပါတယ်။ စပါးခင်းရဲ့ မြေအောက်အနက် ၁၅ စင်တီမီတာမှာ ရေပိုက်တွေ သွယ်တန်းထားတာမျိုးလည်းပါဝင်ပါတယ်။ လယ်ကွက်တွေထဲ မပြတ်ရေသွင်းတာမျိုးထက် အဲဒီမြေအောက်ရေပိုက်ထဲမှာ ရေမရှိတော့မှသာ ပိုက်ထဲ ရေထည့်ပါတယ်။
"စပါးတစ်ရာသီကို ဒီလိုရေသွင်းတာမျိုးကို ၂၅ ကြိမ် လုပ်တယ်'' လို့ လာဘောဒီက ပြောပါ တယ်။ "AWD နည်းနာကို သုံးလိုက်တယ်ဆိုရင်တော့ လယ်ထဲ အခါ ၂၀ ပဲ ရေသွင်းဖို့ လိုတော့တယ်။ ဒီတော့ စပါးခင်းရေဝပ်လို့ မီသိန်းဓာတ် ထွက်တဲ့နှုန်းကို ၅ ဆ လျှော့ချနိုင်တာပေါ့''
၂၀၂၄ ခုနှစ်အတွင်း တဲလ်တာက သူရဲ့စမ်းသပ်မှုကို လယ်သမား ၅၀ ကနေ ၁၂၆၈ ဦးအထိကို ချဲ့ထွင်ခဲ့ပါတယ်။ အတော်လေး အလုပ်ဖြစ်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။
"ရေသုံးစွဲမှု ၂၈ ရာခိုင်နှုန်း၊ လျှပ်စစ်သုံးစွဲမှု ၂၈ ရာခိုင်နှုန်းနဲ့ မြေသြဇာကျွေးတာ ၂၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့တယ်" လို့ လာဘောဒီက ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ စပါးအထွက်နှုန်းကလည်း ၇ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ သူက ဆိုပါတယ်။
"ကုန်ကျစရိတ်နဲ့အတူ ဝင်ငွေတိုးလာတာမျိုးမဟုတ်ပဲ၊ ဝင်ငွေက တိုးလာပြီး ကုန်ကျစရိတ်ကျသွားတာ" လို့ သူက ပြောပါတယ်။
မီသိန်း ထွက်တာကို ၄၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာကို လာဘောဒီက အသားပေးပြော သလို၊ စပါးခင်း အမြဲရေမြုပ်နေတဲ့အခြေအနေကို လျှော့ချပြီး ရေသွင်းတာကိုလည်း ၇၀ ရာခိုင်နှုန်းအထိကို ချနိုင်မယ်လို့ ယူက ယုံကြည်ပါတယ်။
ရာသီဥတုပြောင်းလဲမှု ဖိအား
ဆန်စပါးဟာ လူသန်းထောင်ချီရဲ့ပါးစပ်တွေကို စားဖို့ဖြည့်ရာမှာ အထောက်အကူဖြစ်နေပေမဲ့ ရာသီဥတုပြောင်းလဲမှုက စပါးအထွက်နှုန်းကို ခြိမ်းခြောက်နေပါတယ်။ စပါးစိုက်တဲ့အရပ်တွေဟာ အပူချိန်ပြင်းထန်တာ၊ မိုးခေါင်တာ၊ မိုးကြီးတာနဲ့ ရေကြီးတာတွေ တွေ့ကြုံရပါတယ်။
အိန္ဒိယမှာဆိုရင် ၂၀၂၄ စပါးစိုက်ရာသီမှာ အပူချိန်က ၅၃ ဒီဂရီဆဲလ်စီးယပ်ကို ရောက်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာတော့ ရေကြီးမှုတွေ မကြာခဏဖြစ်လို့ စပါးခင်းတွေ ပျက်ကုန်ပါတယ်။
IRRI က သူရဲ့ ကြီးမားလှတဲ့ မျိုးစေ့ဘဏ်အတွင်းက မျိုးကွဲစုံလှတဲ့စပါးပေါင်း ၁၃၂,၀၀၀ အတွက် အဖြေရှာဖို့ ပြောင်းလဲမှု လုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာ ရေအောက်မှာ ၂၁ ရက်မြုပ်နေပေမဲ့အသက်ရှင်နိုင်တဲ့စပါး မျိုး တစ်ခုကို တွေ့ခဲ့ပါတယ်။
"အဲဒီစပါးမျိုးကွဲတွေဟာ ရေမြုပ်တာကို ခံနိုင်ပြီး ရေကျသွားချိန်မှာလည်း အထွက်နှုန်း မကျအောင် ထိန်းထားနိုင်တယ်'' လို့ ပင်တိုက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်လို ရေမြုပ်တတ်လေ့ရှိတဲ့ဒေသတွေမှာ အဲဒီလိုအမျိုးအစားတွေက အရမ်းကို နာမည်ကြီးလူသိများပါတယ်။
ဆန်အစား တခြားရွေးချယ်စရာ
ကမ္ဘာပေါ်က အစိုးရတချို့ကတော့ လူထုကို ထမင်းအစား တခြားစားစရာကို ရွေးဖို့ တိုက်တွန်း အားပေးတာမျိုး ကြိုးစားလာနေပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာတော့ ဆန်စျေးက အလွန်စျေးကြီးခဲ့ဖူးတာမျိုးကြောင့် အာလူးကို အစားထိုးသုံးစွဲဖို့အတွက် တိုက်တွန်းတာမျိုးကို လွန်ခဲ့တဲ့ ၁၅ နှစ်က ကြိုးပမ်းခဲ့ဖူးပါတယ်။
"အာလူးကို ကျွန်တော်တို့ ကြိုက်ပါတယ်။ ဒါပေမဲ့ စားသုံးတဲ့အစားအစာမျိုးမှာ ဆန်အစားအာလူးတွေကို အခြေခံပြီး စားရမယ်ဆိုတာက စိတ်ကူးလို့ကို မရခဲ့ပါဘူး" လို့ ဒါကာဒေသခံ ရှာရှစ် ရှဘီယာက ပြန်ပြောင်း ပြောပါတယ်။
အာလူးဟာ အာဟာရပြည့်ဝတဲ့အစားအစာဖြစ်လို့ အာလူးစားကြဖို့ တရုတ်မှာလည်း အလားတူ ရှေ့ဆောင်အစီအစဉ်မျိုး စခဲ့ဖူးပါတယ်။
၁၉၉၀ ခုနှစ်တွေမှာ တရုတ်နိုင်ငံဟာလည်း အာလူးထုတ်လုပ်မှုအများဆုံးဦးဆောင်တဲ့နိုင်ငံဖြစ်ခဲ့ပြီး နိုင်ငံရဲ့နေရာအများအပြားက လူတွေကလည်း အာလူးကိုအဓိကစားသောက်ကုန်အဖြစ် စားသုံးခဲ့ဖူးပါတယ်။ ဒါပေမဲ့ လှုံ့ဆော်စည်းရုံးမှုက မအောင်မြင်ခဲ့ပါဘူး။
"တရုတ်နိုင်ငံ အနောက်တောင်နဲ့ အနောက်မြောက်ပိုင်း အာလူးကို အဓိကစားသောက်ကုန်အဖြစ်နဲ့ကို ရံဖန်ရံခါမှာ စားသောက်ကြပါတယ်" လို့ လန်ဒန်မြို့ SOAS တက္ကသိုလ်က မနုဿဗေဒပညာရှင် ဂျကော့ ကလိုင်းက ပြောပါတယ်။
ဒါပေမယ့်လည်း တရုတ်က နေရာအချို့မှာ အားလူးက ဆင်းရဲမွဲတေမှုနဲ့ဆက်နွှယ်ကြောင်း ပြသရာလည်းဖြစ်နေပြန်ပါတယ်။
"တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက လူတွေက သူတို့ အာလူး စားပြီး ကြီးပြင်းလာတာလို့ ကျွန်တော်ကို ပြောပြကြတယ်။ အဲဒါက "ဆင်းရဲတွင်းကနေ ကြီးပြင်းလာကြရတာ" လို့ တစ်ခြား နည်းနဲ့ ပြောပြတဲ့ပုံပါ။ ဆင်းရဲလို့ အာလူးစားတာဆိုတဲ့လူ့အသိုက်အဝန်းက အမြင်လည်းရှိပြန်တယ်''
ခက်ခဲတဲ့ရွေးချယ်မှု
တစ်ကမ္ဘာလုံးမှာ လူတွေအတွက် ဆန်ဟာ နက်နက်နဲနဲကို သည်းခြေကြိုက်ဖြစ်နေတာပါ။ အရသာရှိ သလို၊ လွယ်လွယ်ချက်ပြုတ်နိုင်ပြီး သိမ်းရ သယ်ယူရတာလွယ်ကူတာကြောင့်လည်းဖြစ်ပါတယ်။
နှစ်စဥ်ကမ္ဘာတစ်ဝန်းမှာ ဆန်တန်ချိန် ခန့်မှန်းခြေ သန်း ၅၂၀ ကို စားသုံးနေကြပါတယ်။
ဖိလစ်ပိုင်ကတော့ အက်ဒရင် ဘီယန်ကာ ဗီလန်ဗာကတော့ ထမင်းလျှော့စားဖို့ လွယ်ပေမဲ့ လုံးဝ ဖြတ်လိုက်ဖို့တော့ ခက်တယ်လို့ ပြောပါတယ်။
"ကိုယ်က မစားချင်ဘူးဆိုရင်တောင်မှ တကယ်လို့ အလှူအတန်း အလည်အပတ်သွားတာမျိုးတွေမှာ ထမင်းကျွေးကြတာပဲလေ'' သူကပြောပါတယ်။
"ထမ်းကိုလျော့စားမယ်လို့ တွေးပေမယ့် လုံးဝတော့ မဖြတ်ချင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ထမင်းနဲ့ ဘဝ ခွဲမရဘူးလေ"