ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖိလစ်ပိုင် - မုန်တိုင်းဒဏ်တွေနဲ့ ယူကရိန်းစစ်ကြောင့် အငတ်ဘေးတွေ့မှာစိုးရိမ်
ဖိလစ် ပန်ဂိဘိတန်ဟာ အဖိုးတန်ကောက်ပင်ကို လက်နဲ့ စမ်းသပ်ကြည့်လိုက်ပါတယ်။ စပါးစေ့လေးများ ကျန်လိုကျန်ငြား။ ကောက်ပင်တွေရဲ့ သုံးပုံနှစ်ပုံဟာ ခါးကျိုးကျနေပါပြီ။ အများစုကတော့ လုံးလုံးလဲနေပါပြီ။ တချို့အပင်တွေလည်း ဇက်ကျိုးကျနေပါတယ်။ တနာရီမိုင်ပေါင်း ၁၅၀ ပြင်းအားနဲ့တိုက်သွားတဲ့ တိုင်ဖုန်းမုန်တိုင်းဟာ ကောက်ပဲသီးနှံတွေကို ရိုက်ချိုးသွားခဲ့တာပါ။
“သိပ်နာတာပဲဗျာ။ အလကားသက်သက်ဖြစ်ကုန်တာပဲ။ လယ်သမားတယောက်အတွက် အင်မတန်ခက်ခဲပါတယ်” လို့ရုပ်သံအင်တာဗျူးတခုမှာ သူပြောထားပါတယ်။ အဲဒီရုပ်သံဟာ ဖိလစ်ပိုင်တလွှားပျံ့နှံ့သွားပါတယ်။
ဖိလစ်အတွက်ရော ဖိလစ်ပိုင်အတွက်ပါ ဒါဟာကြီးမားတဲ့ဆုံးရှုံးမှုကြီးတခုပါ။ အထူးသဖြင့် အခုလို စားသောက်ကုန်စျေးနှုန်းခေါင်ခိုက်နေတဲ့ကာလမျိုးမှာ ဒီဆုံးရှုံးမှု ဟာအချက်ပေးခေါင်းလောင်းသံကြီးပါပဲ။
ဖိလစ်ပိုင်နိုင်ငံရဲ့ ဆန်အိုးကြီးလို့ခေါ်တဲ့ နွဲဗားအက်ဆီဟာ ခရိုင်ထဲကို တိုင်ဖုန်းမွှေသွားလို့ ပျက်စီးခဲ့ကြရတဲ့အထဲမှာ သူ့လယ်ဟာ ထောင်ပေါင်းများစွာသောလယ်ကွင်းတွေထဲက တခုမျှသာ ဖြစ်ပါတယ်။ ၂၄ နာရီအတွင်းမှာ ဒေါ်လာ ၂၂ သန်းတန်တဲ့ ကောက်ပဲသီးနှံတွေဟာ အမှိုက်ဖြစ်သွားပါတယ်။
“တိုင်ဖုန်းအားလုံးကို နာမည်တွေနဲ့တော့မမှတ်မိပါဘူး။ သေချာတာကဒီတခါတိုင်ဖုန်းကတော့ ရင်အနာရဆုံးပါ” လို့ ဖိလစ်က ဆိုပါတယ်။
ရိုးရိုးရှင်းရှင်းပြောထားတဲ့ ရုပ်သံဗီဒီယိုဟာ ဖိလစ်ပိုင်ပြည်သူတွေကို စိတ်ထိခိုက်စေခဲ့ပါတယ်။ အထူးသဖြင့် ဒုက္ခမျိုးစုံအထိုးနှက်ခံကြရတဲ့ ဖိလစ်ပိုင်ဆင်းရဲသားရပ်ဝန်းအတွက် စိတ်အထိခိုက်စေဆုံး စကားတွေပါ။
ကမ္ဘာအနှံ့အပြား တခြားနေရာတွေလိုပဲ ဖိလစ်ပိုင်မှာလည်း စားသောက်ကုန်စျေးနှုန်း၊ လောင်စာဆီစျေးနှုန်း၊ ဓာတ်မြေသြဇာစျေးနှုန်းတွေဟာ ရုရှားယူကရိန်းစစ်ပွဲစတင်ပြီးကတည်းက ခေါင်ခိုက်အောင်မြင့်တက်ခဲ့ပါတယ်။ ဖိလစ်ပိုင်ကတော့ တခြားနိုင်ငံတွေထက်တောင် ပိုဆိုးပါတယ်။
ဖိလစ်ပိုင်ဟာ ဆန်၊ ဂျုံ၊ ပြောင်းတို့လို အစားအစာတွေကို ပြည်ပကနေ တင်သွင်းနေရတဲ့နိုင်ငံပါ။ လူဦးရေတိုးပွားပြီး ပြည်တွင်းထုတ်လုပ်မှုနဲ့ မလုံလောက်တဲ့ အတွက် စားသောက်ကုန်နဲ့ပတ်သက်ပြီး စိတ်မချရဆုံးနိုင်ငံတွေထဲက တနိုင်ငံပါ။
သဘာဝကပ်ဘေးတွေ မကြာမကြာဖြစ်တတ်တဲ့ ဖိလစ်ပိုင်လိုနိုင်ငံမျိုးမှာ အစားအသောက် အတွက် စိတ်ချရဖို့ဆိုတာ မလွယ်ကူကြောင်း ဖိလစ်ရဲ့ အခုရုပ်သံက သက်သေပြနေပါတယ်။
တိုင်ဖုန်းမုန်တိုင်းတွေဟာ ဖိလစ်ပိုင်မှာ အရင်ကထက်ပိုပြီးစိပ်လာသလို ပိုပြီးတော့လည်း ပြင်းထန်လာပါတယ်။ စိုက်ပျိုးရေးဌာနမှတ်တမ်းအရ ဒီနှစ်ထဲမှာ မုန်တိုင်းကြီး ၁၆ ခုတိုက်ခတ်ခဲ့ပြီး စိုက်ခင်းတွေကိုဖျက်ဆီးခဲ့တာ ဒေါ်လာ ၂၂၅ သန်းဖိုးဆုံးရှုံးခဲ့ပါတယ်။
ဒီတိုင်းပြည်ကို လုပ်ကျွေးဖို့ လယ်သမားတွေ ပိုပြီးလိုအပ်နေပါတယ်။ ဒါပေမဲ့ လယ်သမားတွေခမျာ သူတို့ကိုယ်သူတို့ ကျွေးမွေးနိုင်ဖို့တောင် အနိုင်နိုင်ရုန်းကန်နေကြရပါတယ်။ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်နေကြတဲ့ လူပေါင်း ၂ သန်းကျော်ဟာ ကမ္ဘာ့ဆင်းရဲမွဲတေမှုသတ်မှတ်ချက် မျဉ်းအောက်ရောက်နေကြပါတယ်။
“အခုအခြေအနေက ကြုံခဲ့ဖူးသမျှမှာအဆိုးဆုံးပါပဲ။” လို့ နှစ်ပေါင်း ၃၀ စိုက်ပျိုးရေးလုပ်လာတဲ့ ဖိလစ်ကပြောပါတယ်။
“လောင်စာဆီစျေး၊ မြေသြဇာစျေးအပါအဝင် ကုန်စျေးနှုန်းတွေကလည်း အကုန်တက်၊ ကောက်ပဲသီးနှံစျေးကျတော့မတက်၊ ဒီတော့ ကျွန်တော်တို့စိုက်သမျှဟာ အလကားဖြစ်ရတော့တာပဲ” လို့သူကဆိုပါတယ်။
ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာက သူ့ကိုယ်သူစိုက်ပျိုးရေးဝန်ကြီးခန့်ပြီး တိုင်းပြည်တိုးတက်အောင် စွမ်းဆောင်ပါ့မယ်လို့ ကတိပေးထားပေမဲ့ ငွေကြေးဖောင်းပွမှုနဲ့ ကုန်စျေးနှုန်းဟာ ထိန်းမနိုင်သိမ်းမရဖြစ်နေပြီလို့ ဝန်ခံထားရပါတယ်။
ပြီးခဲ့တဲ့လမှာ ငွေကြေးဖောင်းပွမှုနှုန်းက ၈ ရာခိုင်နှုန်းပါ။ ဒါဟာ ၂၀၀၈ ခုနှစ်နိုဝင်ဘာလနောက်ပိုင်းမှာ အဆိုးဆုံးစံချိန်ဖြစ်ပါတယ်။ ဒီငွေကြေးဖောင်းပွမှုဟာ အဆင်းရဲဆုံး သာမန်မိသားစုတွေကို ပြင်းပြင်းထန်ထန်ထိုးနှက်နေပါတယ်။
အသက် ၅၁ နှစ်ရှိတဲ့ မေရီအန်းအက်စ်ကာဒါ မနက်တိုင်း အရုဏ်မတက်ခင်မှောင်ကြီးမည်းမည်းထဲမှာ လက်တွန်းလှည်းလေးနဲ့ လမ်းကြားတွေထဲဝင်ပြီး ပေါင်မုန့်ရောင်းပါတယ်။ တနေ့မှာ သူ့ဝင်ငွေ ၄ ဒေါ်လာ (ကျပ်တသောင်းလောက်) ရပါတယ်။ ဒါဟာ ဖိလစ်ပိုင်ရဲ့ တနေ့တာ အနိမ့်ဆုံးလစာသတ်မှတ်ချက်ထက်တောင် နည်းပါသေးတယ်။ သူ့ခင်ပွန်းကလည်း အလုပ်လုပ်ပါတယ်။ ဒါပေမဲ့ နှစ်ယောက်ဝင်ငွေပေါင်းတာတောင် ကလေး ၄ ယောက်ကို ကျွေးမွေးဖို့အတွက် မဖူလုံပါဘူး။
“အစားအသောက်ချွေတာဖို့အတွက် ကလေးတွေကို အစာလျှော့စားခိုင်းရပါတယ်။ အရင်က တနေ့ကို ၃ နပ်စားပါတယ်။ အခု မနက်စာနဲ့ညစာ ၂ နပ်ပဲကျွေးနိုင်ပါတယ်။”
ကလေးတယောက်ကို နောက်ဆုံးကျန်တဲ့ နို့မှုန့်တဇွန်းတိုက်ကျွေးရင်သူကပြောပြခဲ့တာပါ။
ကုန်ကျစရိတ်လျှော့ချနိုင်ဖို့အတွက် သူဟာ မိသားစု၀င် ၁၇ ယောက်နဲ့အတူ အိမ်သေးသေးလေးမှာ နေထိုင်ကြပါတယ်။ အခုလောလောဆယ်မှာလည်း သူ့မှာအခက်ကြုံနေပါတယ်။ ပေါင်မုန့်လုပ်ဖို့ ကုန်ကြမ်းတွေကစျေးတက်ကုန်ပါပြီ။ ဒါပေမဲ့ပေါင်မုန့်စျေးကိုတက်ရောင်းရင် ဆင်းရဲသားတွေက ဝယ်စားနိုင်ကြမှာ မဟုတ်ပါဘူး။
“ဘာတွေဆက်ဖြစ်မလဲဆိုတာ မသိတော့ဘူး။ နောက်လဆက်ပြီး ကုန်စျေးနှုန်းတက်ရင်တော့ စားစရာရှိတော့မှာမဟုတ်ဘူး။ ဘယ်လောက်ပင်ပင်ပန်းပန်းအလုပ်လုပ်ပစေ၊ ကုန်စျေးနှုန်းက တက်ပြီးရင်တက်နေရင်တော့ စားစရာရှိမှာ မဟုတ်ဘူး။”
ဒီလိုဖြစ်နေတာဟာ မေရီရဲ့မိသားစု တခုတည်းမဟုတ်ပါဘူး။ ဖိလစ်ပိုင်တနိုင်ငံလုံးမှာ အစားအသောက် ကောင်းကောင်းမစားနိုင်လို့ အာဟာရချို့တဲ့မှုဟာ နေရာအနှံ့ဖြစ်နေပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့စားသောက်ကုန်နဲ့အဟာရအစီရင်ခံစာက ဖော်ပြထားပါတယ်။ အသက် ၅ နှစ်အောက် ဖိလစ်ပိုင်ကလေးငယ်တွေရဲ့ လေးပုံတပုံဟာ ဖွံ့ဖြိုးမှုနှေးကွေးနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကဆိုပါတယ်။
ဒါတောင်မှ ဖိလစ်ပိုင်နိုင်ငံသူနိုင်ငံသားတွေဟာ ဒေါင်ကျကျပြားကျကျရပ်တည်နိုင်ကြပြီး ဘယ်လိုရှင်သန်အောင်နေထိုင်ရမယ်ဆိုတာကို သိနားလည်တဲ့သူတွေဖြစ်ပါတယ်။ ဒါပေမဲ့ ကုန်စျေးနှုန်းဆက်တက်ရင်တော့ သန်းပေါင်းများစွာသောလူတွေဟာ အငတ်ဘေးနဲ့အာဟာရ ပြတ်လပ်မှုကို မလွဲမသွေကြုံတွေ့ရတော့မယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ယူဆကြပါတယ်။
ဖိလစ်ပိုင်တွေဟာ သိပ်သည်းခံတတ်တဲ့လူမျိုးပါ။ ဖြေရှင်းစရာနည်းလမ်းကို စိတ်ရှည်ရှည်နဲ့ ရှာဖွေနိုင်ပါတယ်။ ဒါပေမဲ့ ဆန်အလုံအလောက်မရှိရင် အဲဒီစိတ်ထားဟာ ပြောင်းလဲသွားနိုင်ပါတယ်။ လို့ စိုက်ပျိုးရေးဌာနရဲ့ မူဝါဒအကြံပေးဟောင်း ဖာမင်အက်ဒရီယာနိုကပြောပါတယ်။
“သာမန်လူတွေရဲ့စိတ်ထဲမှာ ဆန်မရှိရင် ငတ်မယ်လို့ နားလည်ထားပါတယ်။ ကျွန်တော်တို့ဟာ သကြားမရှိ၊ ဝက်သားမရှိ၊ ကြက်သွန်နီမရှိဘဲ ရပ်တည်နိုင်ပါတယ်။ ဆန်မရှိရင်တော့ မဖြစ်ပါဘူး။ ဆန်မရှိရင်တော့ ဒုက္ခအကြီးအကျယ်ရောက်ပါလိမ့်မယ်။ ဆင်းရဲသားတွေအတွက် စားနပ်ရိက္ခာပြဿနာဟာ ပလိပ်ရောဂါလိုပါပဲ။”
ကပ်ဘေးဆိုတာဟာ မနီလာမြေအောက်ဘူတာရုံမှာ ချိတ်ဆွဲထားတဲ့ မှိတ်တုတ်မှိတ်တုတ် ခရစ္စမတ်မီးသီးတွေလိုပဲ အစရှာဖို့ခက်ပါတယ်။
သမ္မတမားကို့စ်ဂျူနီယာက အရေးကြီးသွင်းကုန်စားကုန်တွေအတွက် နောက်နှစ်ကုန်အထိ အခွန်လျှော့ချပေးဖို့ အတည်ပြုထားပါတယ်။ တနေ့မှာ ဆန် ၃ ကီလိုကို ၁ ဒေါ်လာစျေးနဲ့ ဝယ်နိုင်အောင် သူစိတ်ကူးအိပ်မက်ထားတယ်လို့ဆိုပါတယ်။
အမတော်ကြေးပေးတဲ့နည်းဟာ ရေတိုသာဖြေရှင်းလို့ရပါလိမ့်မယ်။ ဖိလစ်ပိုင်မှာ ကိုယ့်ပြည်သူစားဖို့ အတွက် အလုံအလောက်စိုက်နိုင်အောင် လယ်သမားတွေ များများရှိဖို့လိုပါတယ်။ နောက်လူငယ်တွေကို စိုက်ပျိုးရေးလုပ်အောင် ဆွဲဆောင်ဖို့ဆိုတာကလည်း အခုလိုစိုက်ပျိုးရေးသမားတွေ အရှုံးပေါ်နေရင် မလွယ်ပါဘူး။
“အခုလို စိုက်ပျိုးရေးသမားတွေ လုပ်သမျှအရာမထင်တဲ့ခေတ်ကြီးမှာ ကျွန်တော်တို့သားသမီးတွေကို လယ်ထဲမှာ အလုပ်လုပ်စေချင်ပါ့မလား” လို့ဖိလစ်ကပြောပါတယ်။
အပြောင်းအလဲကြီးကြီးမားမား လုပ်ဖို့လိုပါတယ်။
“နိုင်ငံရေးသမားတိုင်းကတော့ လယ်ယာလုပ်ငန်းကိုချစ်တယ်လို့ ပါးစပ်ကပြောကြတာပါပဲ။ ဒါပေမဲ့သူတို့ချစ်တာကျွန်တော်တို့ မခံစားရပါဘူး။”