ဇူလိုင် ၁၂ နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ် - စစ်ကောင်စီအပေါ် အမေရိကန်မူဝါဒ မပြောင်း

အမေရိကန်က မြန်မာနိုင်ငံအပေါ် ကုန်သွယ်ခွန်ကောက်ခံမှုကိုအကြောင်းပြုပြီး နေပြည်တော်နဲ့ အိမ်ဖြူတော်ကြား စာအပြန်အလှန်ပေးပို့မှုတွေလုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်က မြန်မာနိုင်ငံအပေါ် ကုန်သွယ်ခွန်ကောက်ခံမှုကိုအကြောင်းပြုပြီး နေပြည်တော်နဲ့ အိမ်ဖြူတော်ကြား စာအပြန်အလှန်ပေးပို့မှုတွေလုပ်

စစ်ကောင်စီအပေါ်ထားတဲ့မူဝါဒမပြောင်းဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတစ်ဦးက ဘီဘီစီကို သီးသန့်ဖြေကြားပါတယ်။

အမေရိကန်က မြန်မာနိုင်ငံအပေါ် ကုန်သွယ်ခွန်ကောက်ခံမှုကိုအကြောင်းပြုပြီး နေပြည်တော်နဲ့ အိမ်ဖြူတော်ကြား စာအပြန်အလှန်ပေးပို့မှုတွေလုပ်နေချိန်မှာပဲ အခုလိုဖြေကြားလာတာပါ။

"စစ်အစိုးရဟာ အကြမ်းဖက်မှုတွေကိုရပ်ပြီး မတရားဖမ်းဆီးထားတဲ့ အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ အတားအဆီးမရှိ ခွင့်ပြုဖို့နဲ့ အတိုက်အခံအုပ်စုတွေနဲ့ စစ်မှန်တဲ့စေ့စပ်ဆွေးနွေးမှုတွေစတင်ဖို့ဆိုတဲ့ တောင်းဆိုချက်တွေအတိုင်းပဲ" လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောပါတယ်။

ဒီမူဝါဒဟာ အရင် ရပ်တည်ချက်အတိုင်းပဲလို့ ဘီဘီစီကို ဖြေကြားပါတယ်။

အမေရိကန်က မြန်မာနိုင်ငံအပေါ် ကုန်သွယ်ခွန်ကောက်ခံတဲ့စာပို့လာတာကို အကြောင်းပြုပြီး အဆင့်မြင့်ကိုယ်စားလှယ်တစ်ဖွဲ့တစ်ခု အမေရိကန်ကို စေလွှတ်ဖို့အထိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတ ဒေါ်နယ်ထရမ့်ကို တောင်းဆိုထားတာပါ။

လာမယ့် သြဂုတ် ၁ ရက်ကစပြီး မြန်မာက တင်ပို့လာတဲ့ ကုန်တွေကို အခွန် ၄၀ ရာခိုင်နှုန်းကောက်ခံ မယ်လို့ အမေရိကန်က အကြောင်းကြားထားတာပါ။

ဒါကို စစ်ခေါင်းဆောင်က မြန်မာက ပို့ကုန်တွေအတွက် အခွန် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း ကောက်ခံဖို့နဲ့ အမေရိကန်က မြန်မာကိုသွင်းလာတာတွေကို အခွန်ကင်းလွတ်ခွင့်ကနေ အခွန် ၁၀ ရာခိုင်နှုန်းထက်ပိုမကောက်ခံဖို့ ညှိနှိုင်းချင်နေတာပါ။

အခွန်ကိစ္စအပြင် မြန်မာအပေါ် စီးပွားရေးပိတ်ဆို့တာတွေကိုလည်း ဖြေလျော့ရုပ်သိမ်းပေးဖို့ စစ်ခေါင်းဆောင်က မေတ္တာရပ်ခံထားပါတယ်။

စစ်‌ခေါင်းဆောင်ရဲ့စာထဲ အခွန်ကိစ္စအကြောင်းပြုပြီး အမေရိကန်နဲ့ ဆက်ဆံရေးကောင်းရအောင်ပြန်တည်ဆောက်နေတာ တွေ့ရပါတယ်။

အားလုံးပါဝင်တဲ့ရွေးကောက်ပွဲမဟုတ်ရင် လုပ်လည်းမထူးဘူး လို့ မလေးရှားပြော

နိုင်ငံရေးသဘောတူညီချက်မရှိဘဲ ရွေးကောက်ပွဲကျင်းပရင် ပဋိပက္ခတွေပိုဆိုးသွားဖို့ပဲရှိတယ် လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကပြော

ဓာတ်ပုံ ရင်းမြစ်, ASEAN

ဓာတ်ပုံ ပုံစာ, နိုင်ငံရေးသဘောတူညီချက်မရှိဘဲ ရွေးကောက်ပွဲကျင်းပရင် ပဋိပက္ခတွေပိုဆိုးသွားဖို့ပဲရှိတယ် လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကပြော
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးမပါဝင်ဘူးဆိုရင် ရွေးကောက်ပွဲကျင်းပနေလည်း မထူးဘူးလို့ (၅၈) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားက ထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲဟာ နိုင်ငံရေးပါတီတိုင်းနဲ့ သက်ဆိုင်သူတိုင်း ပါဝင်ယှဉ်ပြိုင်ခွင့်ရရမယ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ပြောခဲ့တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ပြောပါတယ်။

နိုင်ငံရေးသဘောတူညီချက်မရှိဘဲ ရွေးကောက်ပွဲကျင်းပရင် ပဋိပက္ခတွေပိုဆိုးသွားဖို့ပဲရှိတယ် လို့ သူကပြောပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်မှာ ငြိမ်းချမ်းရေးနဲ့ ရန်လိုမှုအားလုံး ချုပ်ငြိမ်းရေးဟာ ဦးစားပေးဖြစ်တယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီက လာမယ့် နှစ်ကုန်ပိုင်းမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လူထုထောက်ခံမှုများတဲ့ တိုင်းရင်းသားပါတီတွေမပါဝင်နိုင်မယ့် အခြေအနေမှာ အာဆီယံဘက်က အခုလိုပြောလာတာ ဖြစ်ပါတယ်။

မြန်မာမှာရှိတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးဟာ အပစ်အခတ်ရပ်စဲပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကို မတားဆီးဖို့ အာဆီယံဝန်ကြီးများအစည်းအဝေးကာလအတွင်း မြန်မာ့အရေးဆွေးနွေးမှုမှာ တိုက်တွန်းပါတယ်။

အထူးသဖြင့် စစ်ကောင်စီက ဒါကို လိုက်နာဖို့ တိုက်တွန်းကြပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မြေပြင်မှာ အကောင်အထည်မဖော်သေးတဲ့အတွက်လည်း မလေးရှားက စိုးရိမ်ကြောင်း ပြောခဲ့ပါတယ်။

မိုးဗြဲ- လွိုင်ကော်လမ်းကို စစ်တပ်တွေ ထိန်းချုပ်

မိုးဗြဲမြို့ကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထိန်းချုပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရမ်

ဓာတ်ပုံ ပုံစာ, မိုးဗြဲမြို့ကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထိန်းချုပ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နဲ့ ကယား(ကရင်နီပြည်နယ်) လွိုင်ကော်မြို့ ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းကို စစ်ကောင်စီတပ်တွေ ထိန်းချုပ်လိုက်ပြီလို့ စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။

ဒါ့ကြောင့် ဖယ်ခုံမြို့ အရှေ့ဘက်ကမ်း ကျေးရွာက ဒေသခံတွေဟာ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ကင်းလွတ်တဲ့နေရာကို တိမ်းရှောင်ဖို့ လမ်းကြောင်းပိတ်သွားပြီလို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်(KNDF) သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

"စစ်ကောင်စီ တပ်တွေက မိုးဗြဲကနေတဆင့် ရှမ်း-ကယား နယ်စပ်ကျေးရွာတွေကို တောက်လျှောက် စစ်ကြောင်းထိုးနေတယ်။ စစ်ရှောင်တွေက တောင်ယာတို့ တောထဲတောင်ထဲမှာ ဘဲ ရှောင်နေကြရပါတယ်" လို့ တာအယ်စိုးက ဘီဘီစီကို ပြောပါတယ်။

သာလွန်တဲ့လူအင်အားနဲ့ နည်းပညာမြင့် ဒရုန်းတွေ သုံးပြီး ၆ လကြာအောင် ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်တွေဟာ ဇူလိုင် ဒုတိယပတ်ထဲမှာ မိုးဗြဲမြို့ကို ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

မိုးဗြဲမြို့ကို သိမ်းပိုက်ပြီးနောက် မြေမြှုပ်မိုင်း ရှင်းလင်းဖို့ ၊ လျှပ်စစ်မီး ပြန်ရဖို့၊ အုပ်ချုပ်မှု ယန္တရား ပြန်စဖို့တွေ လုပ်ဆောင်နေပြီး ပြည်သူတွေကို ပြန်နေထိုင်ဖို့ စီစဉ်နေတယ်လို့လည်း တယ်လီဂရမ်တွေမှာ ရေးသားထားကြပါတယ်။

စစ်ကောင်စီတပ်တွေဟာ လွိုင်ကော်- ပင်လောင်း- အောင်ပန်းလမ်းကိုလည်း ပြန်ထိန်းချုပ်နိုင်ပြီလို့ သိရပါတယ်။

မောင်တောမှာ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းနှစ်ဦးကို AA ပြန်ဖမ်းမိ

မောင်တော မြို့သိမ်းတိုက်ပွဲမျာ အေအေ ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, AA

ဓာတ်ပုံ ပုံစာ, မောင်တော မြို့သိမ်းတိုက်ပွဲမျာ အေအေ ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေထဲက နှစ်ဦးဟာ သေနတ်တစ်လက်နဲ့အတူ ဇူလိုင် ၈ ရက်က ထွက်ပြေးသွားပြီး နှစ်ရက်အကြာမှာ ပြန်ဖမ်းမိတယ်လို့ အာရက္ခတပ်တော်- အေအေ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေထဲက အရပ်သားတွေအပေါ် ပြစ်မှုကျူးလွန်တာမရှိသူတချို့ကို ဧရိယာတစ်ခု သတ်မှတ်ပြီး လွတ်လွတ်လပ်လပ် နေထိုင်ခွင့် ပြုထားတာကနေ အခုလို ထွက်ပြေးတာလို့ သိရပါတယ်။

စစ်သုံ့ပန်းနှစ်ယောက်က အေအေ ကင်းသမား နှစ်ယောက်ကို ရိုက်နှက်ပြီး ထွက်ပြေးတာလို့ သိရပါတယ်။

"ဒီနှစ်ယောက်ကို အသံမထွက်အောင် လုပ်မှ သူတို့ထွက်ပြေးလို့ရမှာဆိုတော့ ကင်းသမားတွေရဲ့ ခေါင်းတွေကို သေနတ်ဒင်နဲ့ အသံမထွက်နိုင်အောင် ရိုက်ထားတာမျိုးပဲ။ အခု အဲဒီကင်းသမား နှစ်ယောက်လည်း စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်"လို့ အေအေ စစ်ရေးအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။

စစ်သုံ့ပန်းနှစ်ယောက်ဟာ စစ်ကောင်စီတပ်မှာ နှစ်နဲ့ချီ တာဝန်ထမ်းနေခဲ့ကြသူတွေဖြစ်ပြီး စစ်မှုထမ်း သင်တန်းဆင်းတွေ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ပြန်ဖမ်းမိတဲ့ စစ်သုံ့ပန်းနှစ်ယောက်ကို အရေးယူမှာ ဖြစ်ပေမဲ့ ဘယ်လိုအရေးယူမယ်ဆိုတာကိုတော့ မသိရသေးဘူးလို့လည်း သူက ပြောပါတယ်။

အခုလို ထွက်ပြေးတာဟာ အေအေအဖွဲ့ရဲ့ ယုံကြည်မှုကို ချိုးဖောက်တာဖြစ်တဲ့အတွက် ကျန်တဲ့ စစ်သုံ့ပန်းတွေအတွက်ပါ ထိခိုက်စေနိုင်တယ်လို့လည်း သူက မှတ်ချက်ပေးပါတယ်။

ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ မြို့နယ် ၁၇ ခုမှာ အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြို့နယ် ၁၄ ခုရှိပြီး စစ်သုံ့ပန်း တပ်ဖွဲ့ဝင် ထောင်နဲ့ချီရှိတယ်လို့ အာရက္ခတပ်တော်-အေအေ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဘီဘီစီကို ဖြေထားပါတယ်။

နောင်ချိုမြို့အနီးအထိ တိုက်ပွဲရောက်လာ

နောင်ချို မြို့နားရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရမ်

ဓာတ်ပုံ ပုံစာ, နောင်ချို မြို့နားရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို ဝင်ရောက်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေဟာ တောင်ခမ်း- နောင်ချို လမ်းပေါ်က မြို့အဝင်ဆိုင်းဘုတ်နားကို ရောက်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

"တိုက်ပွဲကတော့ တော်တော်ပြင်းထန်နေတယ်။ မြို့နားလေးတော့ ကပ်လာတာ သေချာတယ်" လို့ ဒေသခံက ပြောပါတယ်။

မြို့အဝင်နဲ့ နောင်ချိုမြို့ထဲက သုံးမိုင်ဝန်းကျင်လောက် အကွာအဝေးမှာရှိနေတာပါ။

စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ နောင်ချိုမြို့နဲ့ သုံးမိုင်အကွာမှာရှိတဲ့ နမ့်ဆောင်ဟူးရွာကို စစ်ကောင်စီက ထိန်းချုပ်လိုက်တယ်ဆိုပြီး ဓာတ်ပုံတွေနဲ့ ထုတ်ပြန်လာပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၂ ရက် မနက်ပိုင်းမှာ နောင်ချိုမြို့ထဲကို ဝင်ရောက်ရှင်းလင်းနေပြီဆိုပြီး ထုတ်ပြန်ပေမဲ့ နောင်ချို ဒေသခံကတော့ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

နောင်ချိုမြို့နယ်ထဲက ကျောက်ကြမ်း၊ ကျောက်တော၊ နမ့်ပါတက်၊ ကျောက်ပြုတ်၊ နားမုံနဲ့ ရေမောင်းတန် ကျေးရွာတွေကြားမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတယ်လို့ TNLA က ဇူလိုင် ၁၁ မှာ ထုတ်ပြန်ထားပါတယ်။

စာရေးဆရာ မောင်သာချို နာရေးကျင်းပ

စာ‌ရေးဆရာ မောင်သာချိုရဲ့ နာရေး
ဓာတ်ပုံ ပုံစာ, စာ‌ရေးဆရာ မောင်သာချိုရဲ့ နာရေး

သရော်စာရေးသားမှုနဲ့ ထင်ရှားလူသိများတဲ့ စာရေးဆရာ မောင်သာချို - အမည်ရင်း ဦးညွန့်သောင်းရဲ့ နာရေးကို ဒီနေ့ညနေပိုင်း ရန်ကုန်မြို့ ရေဝေးသုဿာန်မှာ ပြုလုပ်ခဲ့ပါတတယ်။

မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် (၈) ရပ်ကွက် ဥက္ကာ (၈) လမ်းက နေအိမ်မှာရှိတဲ့ ဆရာ့နေအိမ်မှာတော့ ဆရာရှိခဲ့ချိန်ကတည်းကအတိုင်း လက်ရာမပျက် ထားရှိထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဆရာနေထိုင်ခဲ့တဲ့ နေအိမ်ပထမထပ်မှာ စာအုပ်တွေကစပြီး ဆရာရှိချိန်ကရေးသားခဲ့တဲ့ စာမူတွေအဆုံး လက်ရာမပျက် အရင်အတိုင်းထားရှိထားတာကို ဘီဘီစီက တွေ့ခဲ့ရပါတယ်။

ဆရာမောင်သာချိုဟာ ၂၀၂၅ ဇူလိုင် ၁၀ ရက် မနက်ပိုင်းက ပင်လုံဆေးရုံမှာ ဆီးကျိတ်ကင်ဆာ ရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။

ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ်အရွယ်ရှိပြီး သားသမီးနှစ်ဦးနဲ့ ဇနီးဖြစ်သူကျန်ရစ်ခဲ့ပါတယ်။

ကြံ့ခိုင်ရေးအမတ်ဟောင်း သေနတ်ပစ်ခံရပြီးသေဆုံး

သေဆုံးသွားတဲ့ ကြံ့ခိုင်ရေး အမတ်ဟောင်း

ဓာတ်ပုံ ရင်းမြစ်, တောင်ကြီး USDP

ဓာတ်ပုံ ပုံစာ, သေဆုံးသွားတဲ့ ကြံ့ခိုင်ရေး အမတ်ဟောင်း

ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ လျာထားတဲ့ မောက်မယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ဟောင်း ဦးစိုင်းငေါင်းဆိုင် ဇူလိုင် ၁၁ ရက်မှာ ပစ်သတ်ခံရပြီးသေဆုံးသွားတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တစ်‌ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့ အထွက်နားမှာရှိတဲ့ သူ့ရဲ့ တောင်ယာခြံထဲမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်သွားတာဖြစ်ပြီး ဘယ်အဖွဲ့လက်ချက်လဲဆိုတာ မသိရသေးပါဘူး။

ဦးစိုင်းငေါင်းဆိုင်ဟာ မောက်မယ်မြို့ နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ၊ ၂၀၁၅နဲ့ ၂၀၂၀ ရွေး‌ကောက်ပွဲတွေမှာလည်း သုံးကြိမ်ဆက်တိုက် အနိုင်ရရှိထားသူဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ကြံ့ခိုင်ရေးပါတီဝင်အမြောက်အများအသတ်ခံခဲ့ရပြီး ဦးစိုင်းငေါင်းဆိုင်ကတော့ ရွေးကောက်ပွဲအကြိုကာလမှာ ပထမဆုံးပစ်သတ်ခံရတဲ့ အမတ်ဟောင်းတစ်ဦးဖြစ်လာပါတယ်။

ချင်းတွင်းနဲ့ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်ရောက်

ရေတာရှည်မြို့နယ်မှာ ဇူလိုင် ၁၂ ရက်မနက်အစောပိုင်းက ရေတက်လာလို့ ကူညီကယ်ဆယ်‌ရေးတွေ လုပ်နေရ

ဓာတ်ပုံ ရင်းမြစ်, U Wa Gyi

ဓာတ်ပုံ ပုံစာ, ရေတာရှည်မြို့နယ်မှာ ဇူလိုင် ၁၂ ရက်မနက်အစောပိုင်းက ရေတက်လာလို့ ကူညီကယ်ဆယ်‌ရေးတွေ လုပ်နေရ

သိုင်းချောင်းရေ လျှပ်တစ်ပြက်ကြီးလို့ အိမ်ခြေ ၂၀ လောက်ရွှေ့ပြောင်းရ

ချင်းတွင်းမြစ်ရေဟာ မြို့နယ် ၄ ခု၊ စစ်တောင်းမြစ်ရေက မြို့နယ် ၁ ခုတို့မှာ စိုးရိမ်ရေမှတ်ကို ရောက်နေတယ်လို့ မိုးဇလက ထုတ်ပြန်သလို သိုင်းချောင်းရေကလည်း လျှပ်တပြက် ရေကြီးလို့ ကူညီကယ်ဆယ်ရေးတွေ လုပ်နေကြပါတယ်။

ချင်းတွင်းမြစ်‌ရေဟာ မော်လိုက်၊ ကလေးဝမြို့နယ်တွေမှာစိုးရိမ်ရေမှတ် ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်းမှာ စိုးရိမ်ရေမှတ်အောက် ပြန်ရောက်နိုင်ပေမဲ့ မင်းကင်း၊ မုံရွာမြို့တွေမှာတော့ နောက်ထပ် ၂ လက်မ လောက် ထပ်မြင့်လာနိုင်တယ်လို့ မိုးဇလက သတိပေးပါတယ်။

စစ်တောင်းမြစ်‌ရေကလည်း မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီး နောက်ထပ် ၂ လက်မ ထပ်တက်နိုင်တယ်လို့ သိရပါတယ်။

စစ်တောင်းမြစ်ဘေးမှာရှိတဲ့ ရေတာရှည်မြို့နယ်ထဲက ကျေးရွာတချို့မှာ သိုင်းချောင်းရေ တက်လာတာကြောင့် အိမ်ခြေ ၂၀ ဝန်းကျင်လောက် ရွှေ့ပြောင်းပေးနေရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

ရေကြီးနေတဲ့ နေရာဟာ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးရဲ့ အနောက်ဘက်ခြမ်း၊ မိုင် ၁၆၉ ကနေ ၁၇၆ မိုင်ကြားမှာ ဖြစ်ပြီး အမြန်လမ်းပေါ်တော့ ရေမတက်သေးဘူးလို့ သိရပါတယ်။

"မနေ့ညနေကတည်းက ရွာလိုက်တဲ့မိုးက တညလုံးပဲ။ သိုင်းချောင်းက တောင်ကျချောင်းလေ၊ ရုတ်တရက် ရေကြီးလာလို့ ချောင်းတလျှောက်က အိမ်တွေ ရွှေ့ပေးရတယ်။ ကူညီပေးနေချိန်မှာ ရေက ခါးလောက်ရှိနေပေမဲ့ တောင်ကျချောင်းရေဖြစ်နေလို့ ကောင်းကောင်းရပ်လို့မရဘူး"လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူက ပြောပါတယ်။

ရေနီ၊ မြို့လှ၊ သာဂရ စတဲ့မြို့နယ်တွေမှာလည်း သိုင်းချောင်းရေ ဝင်လာလာလို့ လမ်းတွေထဲ ရေဝင်သလို ရန်ကုန်-မန္တလေး လမ်းဟောင်းမှာလည်း ရေတက်နေတယ်လို့ ဒေသခံက ပြောပါတယ်။

သိုင်းချောင်းရေဟာ ဆွာချောင်းထဲစီးဝင်ပြီး တဆင့် စစ်တောင်းမြစ်ထဲ ရောက်တာ ဖြစ်ပါတယ်။ လက်ရှိ စိုးရိမ်ရေမှတ် ရောက်နေတဲ့ စစ်တောင်းမြစ်ရေက ပိုမြင့်တက်လာနိုင်တာကြောင့် စစ်တောင်းမြစ်အောက်ပိုင်းက မြို့နယ်တွေအနေနဲ့လည်း သတိထားသင့်တယ်လို့ သူက ပြောပါတယ်။

ကုလကို စစ်ကောင်စီဆက်တိုက်ဝေဖန်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

မြန်မာနိုင်ငံအနေနဲ့ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်တွေ ဆောင်ရွက်နေပေမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ခွဲခြားဆက်ဆံနေတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နေ့စဉ်ထုတ် သတင်းစာမှာ ဇူလိုင် ၁၁ နဲ့ ၁၂ မှာ နှစ်ရက်ဆက်တိုက် ထုတ်ပြန်လာပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၉ နှစ်မြောက် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေ မပါဝင်ဘဲ အစီရင်ခံစာတွေ၊ ဆွေးနွေးတာတွေဟာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ကိုက်ညီမှု မရှိဘဲ တဖက်သတ် ဆွေးနွေးအတည်ပြုတယ်လို့ နှစ်ရက်ဆက်တိုက် တုန့်ပြန်ပါတယ်။

စစ်ကိုင်းပြတ်ရွေ့ငလျင် နောက်ဆက်တွဲ ကူညီကယ်ဆယ်ရေးတွေအပြင် နိုင်ငံရဲ့ တည်ငြိမ်အေးချမ်း၊ လုံခြုံရေးနဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက တုန့်ပြန်ထားတာပါ။

ဒီမိုကရေစီ လုပ်ငန်းစဉ်အနေနဲ့ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပဖို့ ကတိပေးထားသလို လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း နိုင်ငံရေးအရ ကမ်းလှမ်းထားပြီး ငြိမ်းချမ်းရေး ဖိုရမ်တွေကိုလည်း ကျင်းပနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါတွေကို အသိအမှတ်မပြုတဲ့ ကုလသမဂ္ဂကို အထူးစိတ်ပျက်တယ်လို့လည်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောထားပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ် တက်ရောက်ခွင့်မရှိတာကြောင့် အကျိုးအကြောင်းသင့် ရှင်းပြခွင့်၊ တုန့်ပြန်ခွင့်မရအောင် ဖယ်ရှားခံထားရတယ်လို့လည်း ဆိုပါတယ်။

ဇူလိုင် ၁၀ ရက် ထုတ်ပြန်ချက်မှာဆိုရင် ကုလသမဂ္ဂက စစ်ကောင်စီကို ပစ်ပယ်ထားပေမဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံနေတာကိုလည်း အပြင်းအထန် ဝေဖန် ရေးသားထားတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ခန့်မှန်းလူဦးရေထက် လူ ၅ သန်းလျော့ကျခဲ့

ကလေးမွေးဖွားမှုနုန်းတွေ လျော့ကျလာတယ်လို့ ဒုစစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကလေးမွေးဖွားမှုနုန်းတွေ လျော့ကျလာတယ်လို့ ဒုစစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်

မြန်မာနိုင်ငံဟာ လူဦးရေးတိုးလာရမှာ ဖြစ်ပေမဲ့ တိုးပွားလာတာ မရှိတာကြောင့် ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်း၊ ပြည်ပရွှေ့ပြောင်းနှုန်းတွေကို ဆန်းစစ်လေ့လာဖို့လိုတယ်လို့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ ၂၀၂၅ ခုနှစ် ကမ္ဘာ့ လူဦးရေနေ့ အခမ်းအနားကို ဗဟိုသန်းခေါင်းစာရင်း ကော်မရှင် နာယကလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တက်ရောက် ပြောကြားတာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကပ်ရောဂါ၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခဖြစ်စဉ်တွေ၊ သဘာဝဘေးတွေကြောင့်လည်း ကလေးမွေးဖွားနှုန်းနဲ့ သေဆုံးနှုန်းတွေပေါ် သက်ရောက်မှုတွေ ရှိလာတယ်လို့ ဒုစစ်ခေါင်းဆောင်က ထုတ်ပြောလာပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၁၄ ခုနှစ် လူဦးရေ သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ ဒသမ ၄ သန်းကျော်ရှိခဲ့ပြီး ဆယ်နှစ်ပြည့်ချိန် ၂၀၂၄ ခုနှစ်မှာ လူဦးရေ ၅၆ ဒသမ ၂ သန်းရှိမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါ

ပေမဲ့ ၂၀၂၄ ခုနှစ် သန်းခေါင်းစာရင်း ရှေ့ပြေးစာရင်းမှာ ၅၁ ဒသမ ၃ သန်းကျော်သာ ရှိနေတယ်လို့ သူက ပြောပါတယ်။

၁၉၈၃ သန်းခေါင်စာရင်းအရ အမျိုးသမီး တစ်ဦးကို ကလေးမွေးဖွားနှုန်း ၄ ဒသမ ၇ ယောက်ရှိပြီး ၂၀၁၄ ခုနှစ်မှာ ၂ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်လာပြီး မွေးဖွားနှုန်းတွေဟာ လက်ရှိအချိန်ထိ ဆက်တိုက် ကျဆင်းနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အလုပ်အကိုင် အခွင့်အလမ်းတွေ လျော့ကျလာပြီး လူငယ်တွေ ပြည်ပထွက်တာ ပိုများလာတာကိုလည်း ဒုစစ်ခေါင်းဆောင်က ထည့်သွင်းပြောလာပါတယ်။

ပြည်တွင်း လူဦးရေ လျော့နည်းလာတဲ့အပြင် ပြည်တွင်း ကုန်ထုတ်လုပ်မှုတွေ မထိခိုက်အောင် ရွှေ့ပြောင်းနေထိုင်တာတွေကို သတိထားကိုင်တွယ်ရမယ်လို့လည်း ဒုစစ်ခေါင်းဆောင်က ပြောလာပါတယ်။

ကမ္ဘာ့လူဦးရေနေ့ ကျင်းပတဲ့ ဇူလိုင် ၁၂ ရက်မှာပဲ စစ်ကိုင်းမြို့နယ်၊ လင်းတလူးနဲ့ ကျောက်မဲမြို့က စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ကလေးတွေ အပါအဝင် အယောက် ၃၀ ကျော် သေဆုံးပါတယ်။

၂၀၂၅ ခုနှစ် ဇွန် တစ်လထဲမှာတင် စစ်တပ်က လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူ ဦးရေ ၉၀ ဝန်းကျင် ရှိခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ၇ ဦးပါဝင်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဇွန် ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။