TNLA ထိန်းချုပ် နောင်ချိုမြို့ကို ပြန်ရဖို့ စစ်တပ်က အလုံးအရင်းနဲ့ ထိုးစစ်ဆင်

TNLA တပ်ဖွဲ့ဝင်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ ကိုပြန်ရဖို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပါတယ်။

ရှမ်းတောင်နဲ့ ရှမ်းမြောက်အစပ် နောင်ချိုမြို့နယ်ထဲက တောင်ခမ်း စစ်ရေးခွင်မှာ အသာစီးရလာတဲ့ စစ်ကောင်စီဟာ သူလက်လွှတ်ထားရတဲ့ နောင်ချိုမြို့ကိုပါ ပြန်ရဖို့ ဇွန်လ ပထမပတ်ကစလို့ ခြေလှမ်းတိုးထိုးစစ်ဆင်လာတာပါ။

မြောက်ပိုင်းဒေသ စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေတဲ့ မြေပြင်ရင်းမြစ် ၂ ဦးကတော့ နောင်ချိုကို သိမ်းပိုက်ထားတဲ့ TNLA ဟာ လက်ရှိအချိန်မှာ ခံစစ်အသွင် တုံ့ပြန်နေရတယ်လို့ မှတ်ချက်ပေးပါတယ်။

ရှမ်းတောင်ပိုင်း၊ မန္တလေးတိုင်း ပြင်ဦးလွင်တို့နဲ့ ဆက်နေသလို လားရှိုးမြို့ကို ပေါက်တဲ့ ပြည်ထောင်စုလမ်းမကြီးနဲ့ ဆက်နေတဲ့ နောင်ချိုမြို့ က နှစ်ဖက်လုံးအတွက်ဘယ်လောက်အရေးကြီးလဲ။

အပစ်ရပ်ကာလမှာ နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာတွေ ရှိခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, အပစ်ရပ်ကာလမှာ နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာတွေ ရှိခဲ့ပါတယ်

နှစ်ဖက်လုံးအတွက် နောင်ချိုမြို့ က အရေးကြီး

အပစ်ရပ်ကာလထဲမှာပဲ စစ်ကောင်စီက နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်တာတွေ ရှိပါတယ်

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, အပစ်ရပ်ကာလထဲမှာပဲ စစ်ကောင်စီက နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်တာတွေ ရှိပါတယ်

စစ်ကောင်စီတပ်ဟာ နောင်ချိုကို ပြန်ရဖို့ တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ တောင်ခမ်းရွာကြားက ကံကြီးကျေးရွာကနေ ချဥ်းကပ်လာတာဖြစ်ပါတယ်။ အဲဒီမှာ ဇွန်လဆန်းပိုင်းကစလို့ တိုက်ပွဲပြင်းထန်နေတာ ဇွန် ၉ ရက် အထိ ဖြစ်ပါတယ်။

TNLA ကလည်း အဲဒီရွာကနေ နောင်ချိုမြို့ပေါ် အထိ စစ်ကောင်စီတပ်တွေ ထိုးဖောက်မလာနိုင်ဖို့ ပြင်းပြင်းထန်ထန် ခုခံနေတယ်လို့ ဒေသသတင်းရင်းမြစ်က ဘီဘီစီကိုပြောပါတယ်။

'' TNLA က ခံစစ်အသွင်ကို ပြောင်းလဲသွားတယ်''လို့ မြောက်ပိုင်းဒေသစစ်ရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

နောင်ချိုမြို့ကို TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ နောင်ချိုမြို့နယ်ထဲပါတဲ့ စစ်ကောင်စီတပ်စခန်းတွေအခြေချထားတဲ့ တောင်ခမ်းရွာကိုတော့ မသိမ်းပိုက်နိုင်ခဲ့ပါဘူး။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တောင်ခမ်းရွာမှာရှိတဲ့ အမှတ် ၉၀၂ အ‌မြောက်စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၊ အမှတ် ၃၅၄၊ ၂၀၆၊ ၄၀၆ စတဲ့ အမြောက်တပ်တွေကို ၂၀၂၄ ခုနှစ် ဩဂုတ်က စပြီး TNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ပြီး သိမ်းပိုက်ဖို့ ကြိုးစားခဲ့တာပါ။

နောင်ချိုမြို့နဲ့ တောင်ခမ်းရွာက မိုင် ၂၀ ဝန်းကျင် ကွာဝေးပြီး တောင်ခမ်းကိုသာ TNLAနဲ့ ပူးပေါင်းတပ်တွေ ရခဲ့ရင် ရှမ်းမြောက်ဘက်ခြမ်းသာမက တပ်မြို့လို့ ခေါ်ကြတဲ့ ပြင်ဦးလွင်မြို့ နဲ့ မန္တလေးဘက်ခြမ်းအထိ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နိုင်ဖို့ ရည်ရွည်ခဲ့တယ်လို့ မြေပြင်စစ်ရေးရင်းမြစ်က ပြောပါတယ်။

ဒါပေမဲ့ ၂၀၂၅ ဖေဖော်ဝါရီကစလို့ တောင်ခမ်းကို ထိုးစစ်ဆင်နေတဲ့ TNLA နဲ့ ပူးပေါင်းအဖွဲ့တွေကို စစ်ကောင်စီက အလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်ခဲ့တာကြောင့် စစ်ရေးအသားစီးရခဲ့သလို တပ်နေရာတချို့ ပြန်ရတဲ့အထိရှိခဲ့တယ်လို့ စစ်တပ်ထောက်ခံသူတွေက ဓာတ်ပုံမှတ်တမ်းတွေနဲ့ ဖော်ပြကြပါတယ်။

အဲဒီအခြေအနေကနေ အင်အားပြန်စုဖွဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ အင်အားအလုံးအရင်းနဲ့ နောင်ချိုမြို့ဘက်ကို ဦးတည်လာခဲ့တာလို့ ဆိုပါတယ်။

"အပစ်ခတ်ရပ်စဲတယ်လို့ စစ်ကောင်စီက ကြေညာထားပေမဲ့ အခု နောင်ချိုဘက်ကို ဦးတည်ပြီး ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ဖြစ်နေပါတယ်"လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။

တရုတ်အကူအညီနဲ့ စစ်ကောင်စီက လားရှိုးမြို့ကို ပြန်ရပြီးတဲ့နောက် မြန်မာ - တရုတ် ကုန်သွယ်ရေးလမ်းကြောင်းအတွက် အဓိကကျတဲ့ ပြည်ထောင်စုလမ်းမကြီး ပြန်ပွင့်ဖို့အရေး နောင်ချိုမြို့က အဓိက ဖြစ်နေပါတယ်။

ဒါကြောင့် ဒီမြို့ကို ပြန်ရဖို့ စစ်ကောင်စီက ကြိုးစားလာတာလို့ စစ်ရေးရင်းမြစ်က သုံးသပ်ပါတယ်။

TNLA အတွက်လည်း နောင်ချိုမြို့က ရှမ်းတောင်ပိုင်းနဲ့ မန္တလေးတိုင်းဘက်ခြမ်းကို ဝင်ရောက်နိုင်ဖို့ အချက်အချာမြို့ဖြစ်သလို နောင်ချိုနဲ့ ဆက်နေတဲ့ သီပေါနဲ့ ကျောက်မဲကို ကာကွယ်နိုင်ဖို့လည်း ဒီမြို့က အရေးပါနေပါတယ်။

'' နောင်ချိုကနေတဆင့် ကျောက်မဲ၊ သီပေါကို စစ်ကောင်စီက စစ်မျက်နှာ ပြန်ဖော်နိုင်တာဖြစ်လို့ နှစ်ဖက် စလုံးအတွက် အသက်သမျှအရေးကြီးတယ်လို့ ပြောရမှာပေါ့" လို့ စစ်ရေးသုံးသပ်သူ စီဒီအမ် ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပေးပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ နောင်ချိုမြို့တွင်း အခြေအနေတွေကိုသိရှိသူ နောင်ချိုမြို့ခံတစ်ဦးကလည်း စစ်ကောင်စီရဲ့ ခြေလှမ်းက ရှမ်းပြည်နယ်မြောက်ပိုင်းကို ပြန်လည်ထိုးစစ်ဆင်ဖို့ အကဲစမ်းလာတာလို့ ကောက်ချက်ချပါတယ်။

TNLA ဟာ ၁၀၂၇ စစ်ဆင်ရေးကာလ နှစ်ခုအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်တွေဖြစ်တဲ့ မိုးမတ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ နမ့်ဆန်၊ သီပေါ၊ ကွတ်ခိုင်နဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့တို့ကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

စစ်ကြောင်းခွဲပြီး ထိုးစစ်ဆင်လာ

၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေ

စစ်တပ်က နောင်ချိုမြို့ ဘက်ကို စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာပြီး အဲဒီမှာ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းထားတဲ့ တပ်ဖွဲ့ဝင်တွေပါတယ်လို့ တော်လှန်ရေးတပ်တချို့က ပြောထားပါတယ်။

တောင်ခမ်း- နောင်ချို လမ်းရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ တောင်းခမ်းက တဆင့် ယာပြင်ကျေးရွာဘက်က လာတဲ့စစ်ကြောင်းနဲ့ မြောက်ဘက်ခြမ်း နောင်လင်ရွာနဲ့ မဲပုတ်ရွာဘက်က လာတဲ့ စစ်ကြောင်းဆိုပြီး စစ်ကြောင်း ၂ ကြောင်းခွဲ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

ဇွန် ၅ ရက်ကပြုလုပ်တဲ့ TNLA ရဲ့ သတင်းစာရှင်းလင်းပွဲမှာ နောင်ချိုမြို့နယ်ထဲက ရေဖြူ၊ ကျောက်ကြမ်း၊ ရွှေမုဌော၊ ကုလား၊ သရက်ချို၊ နောင်လင်၊ ယာပြင်၊ အုမ္မတီး၊ အိုမူခါး၊ မက်မန်းတော၊ နောင်လိတ်၊ နောင်ချိုကြီး၊ တောင်လှ စတဲ့ ကျေးရွာတွေမှာ တိုက်ပွဲတွေ ရက်ခြားဖြစ်နေတယ်လို့ TNLA ပြန်ကြားရေး တာဝန်ရှိသူ လွေးယေဦးက ပြောခဲ့ပါတယ်။

အဲဒီကျေးရွာတွေဟာ တောင်ခမ်း- နောင်ချို လမ်းတလျှောက် တစ်ဖက်တချက်မှာ ရှိနေတဲ့ ကျေးရွာတွေဖြစ်ပါတယ်။ အဲဒီရွာတွေထဲက သရက်ချိုရွာနဲ့ တိမ်ပင်လယ်ရှိတဲ့ မဲဘုတ်ရွာတွေကိုတော့ စစ်ကောင်စီက ထိန်းချုပ်သွားနိုင်ပြီလို့ ‌ဒေသတွင်းအခြေအနေ သိရှိသူတွေက ပြောပါတယ်။

လက်ရှိမှာဆိုရင် နောင်ချိုမြို့နဲ့ဆို ၁၀ မိုင်ဝန်းကျင်သာ ဝေးတဲ့ ကံကြီးရွာမှာ တိုက်ပွဲပြင်းထန်နေပါတယ်။

"လမ်းတစ်လျှောက်က တောင်ကုန်းတိုင်းမှာ စခန်းရှိတယ်။ ဒါကလည်း စစ်ကောင်စီက သာလွန်အင်အားတွေရယ်၊ ဒရုန်းတွေ၊ ဗုံးတွေ အဓိကထားသုံးပြီး စစ်ကြောင်းထိုးလာတာကြောင့်ပါ"လို့ ဒေသတွင်း အခြေအနေကို သိရှိသူက ပြောပါတယ်။

အဲဒီတောင်ကုန်းစခန်းတွေမှာ ရှိနေတဲ့ တအာင်းတပ်နဲ့ ပူးပေါင်းတပ်တွေရဲ့အရေအတွက်ထက် စစ်သင်တန်းဆင်းတွေပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားတွေက ပိုများတယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ဒရုန်းသုံးတာတွေကလည်း ပိုများတယ်လို့ ရှမ်းမြောက်ပိုင်းအရေး ကျွမ်းကျင်သူ သတင်းသမားတစ်ဦးကလည်း ပြောပါတယ်။

"စစ်ကောင်စီဘက်က သင်တန်းဆင်းတွေကို အလုံးအရင်းနဲ့ ဝင်လုံးခိုင်းတယ်။ လက်နက်နဲ့ အင်အားတွေပိုသာသွားတယ်။ လေကြောင်းကနေလည်း တိုက်တယ်"လို့ သူက ပြောပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်တဲ့ ကျေးရွာတွေသာမက တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကိုပါ မေလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ပေါင်း ၄၀ နီးပါးလုပ်ခဲ့ပြီး ဒရုန်းနဲ့ တိုက်ခိုက်တာ အကြိမ်ရေ ၃၀၀ ကျော် ရှီတယ်လို့လည်း TNLA ပြောခွင့်ရ လွေးယေဦးက ပြောထားပါတယ်။

သေဆုံးသူ အရပ်သား ၅ ယောက်ရှိပြီး ဒဏ်ရာရသူ ၁၃ ယောက် ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဇွန် ၉ ရက်အထိ ရှမ်းမြောက် နောင်ချိုမြို့အနီးက တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ်ဘက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၇၀၀ နီးပါး အကူအညီ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတချို့က ဒေသတွင်း မီဒီယာတွေမှာဖြေဆိုထားကြပါတယ်။

တိုက်ပွဲတွေ ဆက်ပြင်းထန်နိုင်

၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ တအာင်းတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ တအာင်းတပ်ဖွဲ့ဝင်တွေ

တအာင်းတပ် TNLA နဲ့ စစ်ကောင်စီတို့ ကြား မှာ ၂၀၂၅ ဖေဖော်ဝါရီနဲ့ ဧပြီလကုန်ပိုင်းက တရုတ်နိုင်ငံ ကူမင်းမြို့မှာ တရုတ်ကြားဝင်မှုနဲ့ တွေ့ဆုံခဲ့ပေမဲ့ ဆွေးနွေးပွဲ ၂ ကြိမ်စလုံး မအောင်မြင်ခဲ့ပါဘူး။

ကူမင်းဆွေးနွေးပွဲမှာ မြန်မာစစ်တပ်ဘက်က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့နယ်တွေကနေ နမ့်ဆန်နဲ့ မန်တုံမြို့နယ်ထဲအထိ ပြန်ဆုတ်ခွာဖို့ TNLA ကို တောင်းဆိုခဲ့တာကြောင့် သဘောမတူနိုင်တဲ့အတွက် နှစ်ဖက်အပြန်အလှန် ဆွေးနွေးမှု တဆင့် မတိုးနိုင်ခဲ့ဘူးလို့ TNLA က မေလဆန်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာ၊ ထိုးစစ်ဆင်တာ စတာတွေကို ရပ်တန့်ဖို့၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ဖို့၊ ကိုးကန့်တပ်ဖွဲ့(MNDAA) လို တဆင့်တိုး အပစ်ခတ်ရပ်စဲရေး လုပ်နိုင်ဖို့ တရုတ်နိုင်ငံအထူးကိုယ်စားလှယ်က ကြားဝင်ဆောင်ရွက်တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲ ထည့်ပြောခဲ့ပါတယ်။

နောက်တစ်ကြိမ် ဆွေးနွေးပွဲကို သြဂုတ်မှာဆွေးနွေးမယ်လို့ပြောထားပါတယ်။

ဆွေးနွေးပွဲကာလတွေနဲ့ နောက်ပိုင်းမှာ စစ်ကောင်စီက TNLA ထိန်းချုပ်နယ်မြေတွေကို လေကြောင်းကနေ ဗုံကြဲတိုက်ခိုက်တာတွေ ဆက်တိုက် ရှိခဲ့ပါတယ်။

ဒါ့အပြင် ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရတဲ့ ဒေသတွေ ပြန်လည်ထူထောင်ဖို့အတွက် အပစ်အခတ် ရပ်စဲဖို့တွေကို နှစ်ဖက်စလုံးက အသီးသီး ကြေညာခဲ့ပေမဲ့ စစ်ကောင်စီဘက်က ထိုးစစ်တွေ မရပ်တန့်ခဲ့ဘူးလို့ TNLA တာဝန်ရှိသူတွေက ပြောပါတယ်။

"တောင်ခမ်းမှာ တောက်လျှောက်ကြည့်ရင် ခံစစ်ကနေ တိုက်စစ်ပြန်ဖွင့်လာနိုင်တာက ငလျင်ကာလ အပစ်ရပ်ကြေညာပြီး တိုက်လာတာ၊ အပစ်ရပ်ကို အသုံးချပြီး စစ်ကြောင်းထိုးတိုက်ခိုက်နေတယ်" လို့ CDM ဗိုလ်ကြီး ဇင်ယော်က သူ့အမြင်ကို ပြောပါတယ်။

စစ်ကောင်စီက ဇွန် ၁ ရက်မှာ အပစ်ရပ်ကာလ တစ်လ ထပ်တိုးတယ်လို့ ကြေညာထားသလို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တဖက်သတ် အပစ်ရပ်ကာလကို ဇွန် ၂ ကနေ ဇွန် ၃၀ အထိ သက်တမ်းထပ်ထိုးထားပြီး ခုခံကာကွယ် တုန့်ပြန်တာကလွဲရင် ထိုးစစ်တွေ စတင်မှာ မဟုတ်ဘူးလို့ တအာင်းတပ်အပါအဝင် မဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

TNLA အနေနဲ့ ထိုးစစ်ရပ်ဆိုင်းထားပေမဲ့ စစ်ကောင်စီဘက်က ထိုးစစ်ကို ပြန်ခုခံရင်း တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့လည်း TNLA ပြောခွင့်ရ လွေးယေဦးက ဇွန် ၅ ရက်သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ဒါ့ကြောင့် လူထုကို စစ်ရေးသတိ အမြဲရှိနေဖို့ကိုလည်း သတိပေးထားပါတယ်။

"နောင်ချိုမြို့ဘက်ကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာရှိတယ်။ ဒါ့ကြောင့် တိုက်ပွဲနဲ့ အနီးဆုံးမှာရှိနေတဲ့ ဘုန်းကြီးကျောင်းထဲက စစ်ဘေးရှောင်တွေကို နေရာ‌ရွှေ့ပြောင်းပေးထားရတယ်။ အုမ္မတီးရွာကို စစ်ကြောင်းဝင် မီးရှို့လို့ ‌ပြည်သူတွေကို ပြောင်းရွှေ့ပေးထားရတာတွေ ရှိတယ်"လို့ လွေးယေဦးက ပြောပါတယ်။

ဇွန် ၉ ရက်အထိ နောင်ချိုမြို့ကို TNLA က ထိန်းချုပ်ထားပြီး လက်မလွှတ်ရဖို့အတွက် စစ်ကောင်စီကို အပြင်းအထန် ကာကွယ်နေသလို တိုက်ပွဲတွေကြောင့် လူထုထိခိုက်မှုနည်းအောင် နည်းလမ်းရှာနေတယ်လို့ လွေးယေဦးက ပြောပါတယ်။