ခေါင်းထဲမှာ လက်နက်ကြီးကျည်စနဲ့ အသက်ရှင်ဖို့ကြိုးစားနေတဲ့ ၆ နှစ်သမီးလေး

ဓာတ်ပုံ ရင်းမြစ်, cj
သနပ်ခါးအဖွေးသားနဲ့ မျက်နှာချိုချို စကားသွက်သွက်ကလေးနဲ့ အသက် ၆ နှစ်အရွယ် ကလေးမလေး ရတီမိုးမြင့်အောင် ကတော့ အသက် ၃ နှစ်ဝန်းကျင်အရွယ် သူ့ညီမလေးကို ဘီးတပ်ထားတဲ့ ခြေယက်တွန်းလှည်းထဲထည့်ပြီး ချော့မြှူ ကစားနေပါတယ်။ ညီမလေးကို ထိန်းကျောင်း၊ ကစားနေရတာ သူ့အတွက် ပျော်စရာနေ့ရက်လေးတွေပါ။
ဒါပေမဲ့ တစ်ခါတလေ ကစားနေရင်း အော့အန်ပြီး မူးလဲသွားတဲ့ရက်တွေရှိသလို မိဘနာမည်ကိုတော့ မေ့သွားတဲ့အထိ မှတ်ဉာဏ်ပျောက်သွားတာတွေ ရှိပါတယ်။ အကြောင်းကတော့ သူ့ခေါင်းထဲမှာရှိနေတဲ့ လက်နက်ကြီးကျည်စကြောင့်ပါ။
စစ်ခေါင်းဆောင်မွေးနေ့မှာ ရလိုက်တဲ့လက်နက်ကြီးစ

ဓာတ်ပုံ ရင်းမြစ်, CJ
မရတီမိုးမြင့်အောင်ဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ် ဇူလိုင် ၃ ရက်မှာ ကျရောက်တဲ့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မွေးနေ့မှာ နေအိမ်ထဲမှာ အိပ်နေရင်း လက်နက်ကြီးထိမှန်ခဲ့ပါတယ်။
မိသားစုဝင်တွေကတော့ အဲ့ဒီအချိန်မှာတိုက်ပွဲဖြစ်တာ မရှိဘဲ ပစ်ခတ်ခံရတာဖြစ်ပြီး စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်စလို့ ယူဆနေကြပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမတွေ့ရပါဘူး။
အဲဒီနေ့က ည ၁၀ နာရီဝန်းကျင်မှာ ကလေးမြို့ထဲက စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ လူနေရပ်ကွက်တွေထဲကို ပစ်ခတ်တာကြောင့် တပ်ဦးသီတာရပ်ကွက်က မရတီမိုးမြင့်အောင်တို့ နေအိမ်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ရပ်ကွက်ထဲကို လက်နက်ကြီးတွေ လေးငါးလုံးလောက် ဆက်တိုက်ကျနေခဲ့ပါတယ်။ နောက်ဆုံးအလုံးမှာ အိမ်နားလေးက တိုင်ကိုကျပြီး ယမ်းစတွေက အိမ်ထဲကို စင်လာပါတော့တယ်။ အဲ့ဒီအချိန်မှာ အသက် ၅ နှစ်သာရှိသေးတဲ့ မရတီမိုးမြင့်အောင်နဲ့အတူ မိသားစုတွေအကုန်လုံးဖျားပြီး အိပ်ပျော်နေကြချိန်ပါ။ ပေါက်ကွဲသံအကျယ်ကြီးကြားပြီးနောက်မှာ မရတီမိုးမြင့်အောင်ရဲ့ အော်ငိုသံနဲ့အတူ ခေါင်းမှာ သွေးတွေထွက်လာတာကို တွေ့လိုက်ကြရတယ်လို့ ဖခင်ဖြစ်သူက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မွေးနေ့ညမှာ ဖြစ်ပျက်ခဲ့တဲ့ သူတို့မိသားစုအခြေနေကို ရှင်းပြပါတယ်။
“ကလေးက အော်ငိုလိုက်ချိန်မှာ ခေါင်းမှာသွေးတွေ အများကြီးထွက်နေပြီ။ ကလေးက သွေးတွေထွက်ထားတာဆိုတော့ မေ့ချင်သလိုလို ဖြစ်နေတာပေါ့။ တညလုံးကျနော်တို့လည်း မအိပ်ဘဲစောင့်နေတာပေါ့။ ဘာများဖြစ်မလဲဆိုပြီးတော့။ ညဘက်ကြီးပစ်နေတော့ ထွက်ပြေးလည်းလွတ်မှာမဟုတ်ဘူး။ ပြေးရင်ပိုပြီးဆိုးမှာဆိုတော့ ဒီအတိုင်းငြိမ်နေရတာ။ အဲဒီနေ့ကိုလည်း မှတ်မိနေတာပေါ့။ သမီးအကြီးလေ၊ ကလေးကိုမှ လာထိတာဆိုတော့ မှတ်မိနေတာပေါ့. ”
မိုးလင်းချိန် မနက် ၅ နာရီလောက်ကနေ ဆေးခန်းတွေလိုက်ပြခဲ့တဲ့ မိဘတွေဟာ နေ့လယ်အချိန်အထိ ဆေးခန်း ၄ ခန်းလောက်ကို လိုက်ပြပေမဲ့ လက်နက်ကြီးကျည်ထိတဲ့ဒဏ်ရာမို့ မကုသပေးရဲကြပါဘူး။ နောက်ဆုံး ဆေးခန်းတစ်ခုရောက်မှသာ ကုပေးသူမဲ့နေတဲ့ ကလေးကိုသနားတဲ့ဆရာဝန်ကြောင့် ဒဏ်ရာကိုဆေးထည့်လိုက်နိုင်ပါတယ်။
“ကလေးက မထင်ဘူးနော်၊ အသက်ရှင်ပ့ါမလားမသိဘူးလို့ ဆရာဝန်ကပြောတော့ ကျနော်တို့လည်း စိတ်အားငယ်သွားတာပေါ့။ ကလေးက ညာဘက်နားထင်ကို မှန်ထားတာ၊ ဘယ်ဘက်က လုံးဝလှုပ်လို့မရတော့ဘူး။ လက်တွေ ခြေထောက်တွေဆို မလှုပ်နိုင်တော့ဘူး၊ ပိုလီယိုလို ကလေးတွေလို ဖြစ်သွားတော့တာ”
ဦးခေါင်းဒဏ်ရာနဲ့ မရတီမိုးမြင့်အောင်ကို ချက်ချင်းဆေးရုံပြဖို့ ဆရာဝန်က ပြောပေမဲ့ ငွေကြေးခက်ခဲနေတာကြောင့် ချက်ချင်းဆေးရုံမပို့နိုင်ခဲ့ပါဘူး။ ခေါင်းဒဏ်ရာရပြီး ၁၅ ရက်လောက်အကြာမှာ အလှူရှင်တချို့ရဲ့ အကူအညီရတာကြောင့် မန္တလေးကဆေးရုံမှာ ပြခွင့်ရခဲ့ပါတယ်။
ခေါင်းထဲအထိ ဝင်နေတဲ့ကျည်စကို ဘာ့ကြောင့် ခွဲမထုတ်နိုင်သေးသလဲ

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
“ဆရာဝန်တွေပြောတာက ယမ်းစက ဦးနှောက်ထဲအထိ ရောက်နေတယ်ပေ့ါ။ ကုသဖို့ကို မခွဲရဲဘူး၊ ဆရာဝန်လည်းအစုံမရှိဘူး၊ လက်နက်ကိရိယာလည်း အစုံမရှိဘူးပေါ့၊ ယမ်းက ဦးနှောက်ထဲ အလယ်တည့်တည်ထိရောက်နေတော့ ဦးနှောက်ကို မွှေရမှာပေါ့”
မန္တလေးကဆေးရုံမှာ စက်ပစ္စည်းနဲ့ ဦးခေါင်းခွဲစိတ်နိုင်တဲ့ဆရာဝန်ပညာရှင် လိုအပ်ချက်ကြောင့် ခွဲစိတ်မကုသပေးနိုင်တဲ့အတွက် ရန်ကုန်ဆေးရုံကြီး၊ နေပြည်တော်ဆေးရုံနဲ့ အိန္ဒိယနိုင်ငံက ဆေးရုံတွေကို သွားရောက်ပြသဖို့ လမ်းညွန်ခဲ့ပါတယ်။
မန္တလေးကဆေးရုံကို သွားပြနေတဲ့ကာလမှာလည်း ဆေးရုံတက်ကုသခွင့်ရတာမဟုတ်ဘဲ သုံးရက်ခြားတစ်ခါ လာပြဖို့ ချိန်းဆိုတာပါ။ မန္တလေးဆေးရုံ တစ်ခါသွားပြရင် လမ်းစရိတ်၊ ဦးခေါင်းဓာတ်မှန်ရိုက်ခ၊ ဆေးဝါးခအပါဝင် ငါးသိန်းဝန်းကျင်လောက် ကုန်ကျပါတယ်။
ကလေးမြို့ကနေ မန္တလေးကို သုံးခါလောက် ဆေးရုံပြအပြီးမှာ အလှူရှင်တွေ လှူထားတဲ့ငွေကြေးလည်း ကုန်သွားခဲ့ပါတယ်။ အဲ့ဒီအခါ ဖခင်ဖြစ်သူက ရေတွင်းတူးတဲ့အလုပ်မှာသုံးရတဲ့ စက်ပစ္စည်း၊ ကိရိယာတွေကို ရောင်းချပြီး နောက်တစ်ကြိမ်သွားပြခဲ့ပါတယ်။
အဲဒီနောက်ပိုင်း တစ်လတစ်ကြိမ် ဆေးရုံလာပြဖို့ ရက်ချိန်းပေးထားပေမဲ့ အခုဆိုရင် လမ်းစရိတ် ၊ ဆေးကုသစရိတ်တွေ မရှိတာကြောင့် ဆေးရုံမပြနိုင်တာ ၃ လရှိနေပါပြီ။
“၈ လပိုင်းတုန်းက ဆရာဝန်က ဖုန်းဆက်တယ်။ ကလေးအခြေအနေ ဘယ်လိုလဲတဲ့။ အဲ့တုန်းက သူ့အဖိုးဆုံးတော့ သူ့အဖိုးအိမ်ရောက်နေကြတာ၊ ကလေးက အစာလည်းမစားဘူး၊ နေ့လယ်ပိုင်းဆို အန်တာပေါ့။ အန်တော့လည်း ပုံမှန်လို့ ခေါင်းငိုက်စိုက်ပြီး အန်တာမဟုတ်ဘူး။ ပျို့ပြီးမှ အဝေးကို အန်ထွက်တာ တစ်ပေနှစ်ပေလောက်ဝေးတ။ အဲ့ဒါက ကြောက်ဖို့ကောင်းတယ်၊ ပြန်လာလို့ ဆရာဝန်ကပြောတော့ ကျနော်တို့မှာလာဖို့ ငွေကြေးမရှိဘူးလေဗျာ။ ဆရာဝန်တွေက သူ့ကို ဆေးတစ်လစာပေးတာ၊ ဆေးရုံမပြနိုင်တာ သုံးလဆိုတော့ ဆေးမသောက်ရတာလည်း အဲလောက်ပေါ့ဗျာ”
ကံကောင်းလို့ အသက်မဆုံးရှုံးရတဲ့သမီးကို အတတ်နိုင်ဆုံးပြုစုပေးနေတဲ့ မရတီမိုးမြင့်အောင်ရဲ့မိဘတွေ

ဓာတ်ပုံ ရင်းမြစ်, CJ
မရတီမိုးမြင့်အောင်ရဲ့ ဦးခေါင်းကို လက်နက်ကြီးယမ်းစ ဝင်ရောက်ချိန်က အသက် ၅ နှစ်သာရှိသေးတာပါ။ ခေါင်းမှာ ဒဏ်ရာရကာစက ဘယ်ဘက် ကိုယ်တစ်ခြမ်းက မလှုပ်နိုင်အောင် ဖြစ်ခဲ့ပေမဲ့ တဖြည်းဖြည်း ချင်း လမ်းလျှောက်နိုင်အောင် မိဘတွေက လေ့ကျင့်ပေးခဲ့ကြတာပါ။
“သူ့ကိုအားရှိအောင် လမ်းလျှောက်နိုင်ရင် စက်ဘီးဝယ်ပေးမယ် ဘာညာ လိမ်ပြောပြီး လေ့ကျင့်ခန်းလုပ်ခိုင်းရတာ”
စကားအတိုင်း မဖြည့်ဆည်းပေးနိုင်တဲ့ ဖခင်တစ်ယောက်ရဲ့ မုသားစကားသက်သက်သာဖြစ်လို့ မရတီမိုးမြင့်အောင် အခုထိ စက်ဘီးမရသေးပါဘူး။ ဒါပေမဲ့လည်း မေတ္တာနောက်ကွယ်က မုသားဖြစ်တာမို့လို့ သမီးဖြစ်သူ မရတီမိုးမြင့်အောင် နားလည်ပေးလိမ့်မယ်လို့ သူ့ဖခင်က ယူဆထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခံရပြီးနောက် ကလေးငယ် ၅ သန်းဟာ အကူညီတွေလိုအပ်နေပြီး မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေ၊ မြေမြုပ်မိုင်းတွေကြောင့် ကလေးငယ် အနည်းဆုံး ၁၁၄ ဦး သေဆုံးဒဏ်ရာရခဲ့တယ်လို့ ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က ဇွန်လမှာ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တွန်အန်ဒရူးကလည်း စစ်ကောင်စီက လက်နက်ကြီးတွေ ၊ လေကြောင်းကနေ ပစ်ခတ်တာတွေကြောင့် ကလေးငယ် ၃၈၂ ယောက်ဟာ ကိုယ်လက်အင်္ဂါပျက်စီးတာနဲ့ သေဆုံးတာတွေရှိနေတဲ့အကြောင်း ဇွန်လမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီကလေးအရေအတွက်တွေထဲမှာ မရတီမိုးမြင့်အောင်တစ်ယောက်လည်း ပါဝင်နေမလားဆိုတာ သူ့ရဲ့ ဖခင်က နားမလည်ပါဘူး၊ ဒါ သူ့သမီးရဲ့ အသက်မဆုံးရှုံးရအောင် သူတတ်နိုင်သလောက် ရုန်းကန်သွားမယ်လို့သာ ပြောပါတယ်။
မှတ်ဉာဏ်ထိခိုက်ပြီး မိုးသည်းတဲ့ရက်နဲ့ နေပြင်းတဲ့ရက်ကိုကြောက်နေတဲ့ မရတီမိုးမြင့်အောင်

ဓာတ်ပုံ ရင်းမြစ်, CJ
ဦးခေါင်းထဲက ကျည်စရောက်လာပြီးနောက် ပြောင်းလဲသွားတဲ့ မရတီမိုးမြင့်အောင်ရဲ့ကျန်းမာရေးကို ဖခင်ဖြစ်သူက ပြောပြပါတယ်။
အိမ်နားကို လက်နက်ကြီးကျည်မကျခင်က မရတီမိုးမြင့်အောင်ဟာ မှတ်ဉာဏ်ကောင်းတဲ့ ကလေးငယ်တစ်ယောက် ဖြစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ သူ့မှတ်ဉာဏ်က မိနစ်ပိုင်းပဲ ရှိပါတော့တယ်။ တခါတလေမိဘနာမည်ကိုတောင် မမှတ်မိတာတွေ ဖြစ်နေပါတယ်။ အခုလက်ရှိအသက်အရွယ် ၆ နှစ်ဆိုတာဟာ မူလတန်းကျောင်းကို စတက်ရတော့မှာဖြစ်ပေမဲ့ သူ့ရဲ့မှတ်ဉာဏ်ကြောင့် မူကြိုသာ ထားထားရပါတယ်။
ဘီဘီစီကို မရတီမိုးမြင့်အောင်အကြောင်း သူ့အဖေက ပြရင်း သူ့နောက်မှာရှိတဲ့ မြန်မာသင်ပုန်းကြီး အခြေခံ က ကြီး၊ ခခွေး ရုပ်ပုံချပ်လေးတွေကို ထောက်ပြပါတယ်။
“ကျနော်က အများကြီးမသင်ဘူး၊ အက္ခရာ ၃ လုံးပဲ သင်ပေးတာ၊ ဒီမှာဆိုလည်းအရောင်ဆိုလည်း သုံးမျိုးပဲပြတာ၊ အစိမ်းရယ်၊ အဝါရယ်၊ အဖြူရယ်၊ အဲ့ဒါကိုပဲ သူမမှတ်မိဘူး။ မူကြိုမှာကလည်း အသက် ၅ နှစ်လောက်ပဲ လက်ခံတာ၊ ကျနော်တို့က ကလေးအခြေအနေကို ရှင်းပြတော့ လက်ခံပါတယ်။ ဒါပေမဲ့ မူကြိုလခ မပေးနိုင်တာ ၃ လရှိပြီ”
သူ့မိသားစုကြားမှာ မှတ်ဉာဏ်မေ့လျော့တာတွေကိုလည်း ထပ်ပြောပြပါတယ်။
“သူ့ကိုပြောထားတာတွေ ခဏနေ မမှတ်မိတော့ဘူး။ သူထားတဲ့ပစ္စည်းတွေကို ဘယ်ထားမှန်းမသိတော့ဘူး။ သူအမေက အဲ့လိုမလုပ်နဲ့လို့ပြောထားရင်လည်း ပြောထားတာ မေ့သွားရော၊ ဘာပြောမှန်းမသိတော့ဘူး။ တစ်ခါတလေ ကျနော့နာမည်ကို အသိတွေကလာမေးရင် သူမဖြေတတ်ဘူး၊ ကျနော့နာမည်ကိုပြောပြီး ဒါနင့်အမေနာမည်မို့လားဆိုမှ ဟုတ်တယ်လို့ပြောတာ”
ခန္ဓာကိုယ်မှာ ထင်သာမြင်သာတဲ့ ထိခိုက်မှုတွေမှာတော့ ညာဘက်နားထင်နားက ကျည်စဝင်တဲ့နေရာက ဒဏ်ရာပျောက်သွားပေမဲ့ ခြေချောင်းတွေက ကုတ်နေတဲ့အတွက် ညှပ်ဖိနပ်လိုဖိနပ်တွေကို ဒီအတိုင်းချွတ်မရဘဲ အရှေ့ကို ဆောင့်ပြီးကန်ချွတ်ရပါတယ်။ ဒ့ါကြောင့် ကွင်းထိုးဖိနပ်မျိုးကိုသာ ဝယ်ပေးရတယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။
ဒါ့အပြင် မိုးရွာတဲ့အချိန်နဲ့ နေပူပြင်းတဲ့အချိန်တွေဟာ မရတီမိုးမြင့်အောင်ရဲ့ အပြင်းအထန် ခံစားရတဲ့အခြေအနေတွေလို့လည်း ဖခင်ဖြစ်သူက ရှင်းပြပါတယ်။
“မိုးအေးတဲ့အခါမှာဆိုရင် ခေါင်းတွေအရမ်းကိုက်လို့ ၊ ခြေထောက်တွေကိုက်လို့ သူ့အမေက နှိပ်ပေးရတယ်။ နွေတအားပူရင် သူ့အနားအကပ်မခံတော့ဘူး။ တစ်ယောက်တည်းနေချင်တယ်ဆိုပြီးပြောတယ်၊ တစ်ယောက်တည်းလည်း စကားတွေပြောပြီး ရူးသလိုလိုဖြစ်နေတာ”
ဒီအောက်တိုဘာလထဲမှာတင် မရတီမိုးမြင့်အောင် ခေါင်းတွေကိုက်တာကြောင့် ဆေးခန်းပြနေရပါတယ်။
ဆင်းရဲပေမဲ့ ချစ်တတ်ကြတဲ့ မရတီမိုးမြင့်တို့မိသားစု

ဓာတ်ပုံ ရင်းမြစ်, Cj
မရတီမိုးမြင့်အောင်ရဲ့ ဖခင်ဖြစ်သူက သူတတ်ကျွမ်းတဲ့ ရေတွင်းတူးတဲ့လုပ်ငန်းနဲ့ အရင်က ရှာဖွေကျွေးမွေးခဲ့တာကနေ မန္တလေးမှာဆေးရုံသွားပြဖို့အတွက် လမ်းစရိတ်လိုတာကြောင့် လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာတွေကို ရောင်းချခဲ့ရပါတယ်။
တူးတဲ့လုပ်ငန်း လုပ်လို့မရတော့ပေမဲ့ ရေပိုက်ပြင်တာ၊ ရေစက်ပြင်တာတို့လို ကျပန်းအလုပ် တွေလုပ်ပြီး စားဝတ်နေရေး ဖြေရှင်းနေကြရတာပါ။
ဝင်ငွေလုံးဝမရှိတဲ့ရက်တွေမှာဆို ထမင်းမစားရဘဲ အရွက်တွေနဲ့ဆန် ရောပြုတ်ထားတာကိုပဲ မိသားစုတွေ စားသောက်နေကြရပါတယ်။
အလုပ်အကိုင် မယ်မယ်ရရ မရှိပေမဲ့ ကလေးတွေနဲ့ မိသားစုအပေါ် ဖခင်တစ်ယောက်အနေနဲ့ ကြိုးစားပြီး ရှာဖွေကျွေးမွေးနေတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
သမီးကြီးဖြစ်သူ မရတီမိုးမြင့်အောင်ကလည်း သူ့ညီမလေးအပေါ် အရမ်းချစ်တတ်တယ်လို့လည်း ဖခင်ဖြစ်သူက ပြောပြပါတယ်။
“အိမ်မှာဆိုရင် သူ့ညီမလေးနဲ့ကစားတယ်၊ စတယ်၊ သူ့ညီမကို သူ့အမေကရိုက်ရင် မကြိုက်ဘူး။ သူ့ညီမကို သူ့ဘေးမှာခေါ်ထားတာ၊ သူ့ညီမကလည်း သူ့အစ်မကိုဆူရင် သူ့အစ်မဘေးမှာ သွားထိုင်နေတာ။ ညီအစ်မတွေ ချစ်ကြတယ်” လို့ သူ့သမီးတွေ အချင်းချင်းထားတဲ့ ချစ်စိတ်လေးတွေအပေါ် ဖခင်ဖြစ်သူက ကြည်ကြည်နူးနူးပြောပြပါတယ်။
ဒီလိုဆင်းရဲနွမ်းပါးပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်စိတ်ကြောင့် စိတ်ချမ်းသာရပေမဲ့ တစ်ဖက်မှာလည်း ကလေးကို ဆေးမကုဘဲ ဒီအတိုင်းထားမယ်ဆိုရင် အသက်အန္တရာယ်စိုးရိမ်ရတယ်ဆိုတဲ့ ဆရာဝန်တွေရဲ့ သတိပေးချက်ကြောင့် သမီးကြီးဖြစ်သူအတွက် စိတ်ပူနေကြရပြန်ပါတယ်။
“ဆရာဝန်ပြောပြထားတာက သူပျို့အန်တာတွေက အခန့်မသင့်ရင် ဦးနှောက်သွေးကြောပြတ်သွားနိုင်တယ်တဲ့။ သူ့ဦးနှောက်ထဲက ယမ်းဆန်က တအားလှုပ်နေတော့ ပျို့အန်ထွက်တဲ့သဘောလို့ ပြောတယ်။ ဦးနှောက်ကနေ မထုတ်ရသေးရင် အသက်အန္တရာယ်စိုးရိမ်ရတယ်ပြောတယ်။”
မရတီမိုးမြင့်အောင်ကတော့ မိဘတွေရဲ့သောက သူ့ရဲ့ ဦးခေါင်းထဲက ကျည်စကိုမေ့လျော့နေတတ်ပြီး သူချစ်ရတဲ့ညီမလေးနဲ့ အပူအပင်ကင်းစွာ ပြုံးရွယ်ဆော့ကစားနေပါတယ်။
မိဘတွေကတော့ သမီးငယ်ရဲ့ဦးခေါင်းထဲက ကျည်စကို ထုတ်ဖို့ သောကပူပင်မှုတွေ တပွေ့တပိုက်နဲ့ ရှိနေပါတယ်။








