ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဩဂုတ် ၁၈ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - ဒီပဲယင်းမြို့ပြန်လည်ရရှိဖို့ စစ်ကောင်စီကြိုးစား
တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို ပြန်လည်ရရှိဖို့ စစ်ကောင်စီ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သလို လေကြောင်းနဲ့ပဲ လူအင်အားထပ်တိုးချလာတယ်လို့ မြေပြင်စစ်ရေးသိရှိသူတွေဆီက သိရပါတယ်။
ညနေ ၃ နာရီဝန်းကျင်မှာတော့ ဒီပဲယင်းတောင်ပြင်ရပ်ကွက်မှာရှိတဲ့ မြသိန်းတန်ဘုရားအနီးကို စစ်ကောင်စီ တပ်တွေပြန်လည်ဝင်ရောက်နေပြီလို့ ဆိုပါတယ်။
“၁၂ နာရီမှာ နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ကလာတဲ့ Mi 35 နဲ့ ဗုံးကြဲတယ်။ ရွှေဘိုမှာ လူထပ်ချတယ်” လို့ စစ်ရေးသိရှိသူက ပြောပါတယ်။
ဒီနေ့ သြဂုတ် ၁၈ ရက် မနက်အစောပိုင်း ဒီပဲယင်းမြို့ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ပြီးနောက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဒီပဲယင်းနဲ့ထိစပ်နေတဲ့ ရွှေဘိုမြို့နယ်ထဲကိုလည်း လေကြောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထပ်မံရောက်ရှိ လာတာပါ။
မြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက တစုံတရာ မထုတ်ပြန်သေးသလို စစ်ကောင်စီကလည်း တစုံတရာထုတ်ပြောလာတာမရှိသေးပါဘူး။
တရားမဝင်တင်သွင်းလာတဲ့ မြန်မာသားငါးထုတ်ကုန်တွေကို အမေရိကန် စုံစမ်းမယ်
မြန်မာနိုင်ငံကနေ တရားမဝင်တင်သွင်းလာတဲ့ အသားငါး ထုတ်ကုန်တွေဟာ ပြည်သူ့ကျန်းမာရေးနဲ့ မညီညွတ်တာကြောင့် အမေရိကန်နိုင်ငံထဲ ဒီထုတ်ကုန်တွေ ဘယ်လိုရောက်ရှိလာတာလဲဆိုတာကို စုံစမ်းစစ်ဆေးမယ်လို့ အမေရိကန်စိုက်ပျိုးရေးဌာနရဲ့ အစားအစာဘေးကင်းလုံခြုံရေး နဲ့ စစ်ဆေးရေးဝန်ဆောင်မှု (FSIS) က ထုတ်ပြန်လာပါတယ်။
မြန်မာဟာ အမေရိကန်နိုင်ငံထဲကို အသားငါးတရားဝင်တင်သွင်းခွင့်ရထားတဲ့နိုင်ငံမဟုတ်ပါဘူး။
FSIS ရဲ့ သြဂုတ် ၁၆ ရက် ထုတ်ပြန်ချက်မှာတော့ မြန်မာပြည်ကတင်သွင်းလာတဲ့ အသင့်စား အသားငါးဟင်းလျာနဲ့ အသင့်စားမုန့်ဟင်းခါ အမျိုးအစား ၁၈ ခုကို ပြည်သူ့ကျန်းမာရေးအတွက် စားသုံးရန်မသင့်လို့ ဖော်ပြထားပါတယ်။
ပြည်သူ့ကျန်းမာရေးသတိပေးချက်အမှတ်အသားမပါဝင်တဲ့ ဒီမြန်မာထုတ်ကုန်တွေကို အမေရိကန်နိုင်ငံ တဝန်းက လက်လီရောင်းချတဲ့နေရာတွေမှာ တွေ့ရှိခဲ့ပြီး FSIS ကနေ လက်လီဆိုင် ၂ ခုကို စောင့်ကြည့်ခဲ့ ရာမှ အခုလိုအရည်အသွေးမပြည့်မီတဲ့ မြန်မာပြည်က အသားငါးထုတ်ကုန်တွေကို တွေ့ခဲ့တာပါ။
ဒီထုတ်ကုန်တွေစားသုံးလို့ ဓာတ်မတည့်တာမျိုးလို တုံ့ပြန်မှုတွေဖြစ်ပွားတာမျိုး လောလောဆယ်တော့ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
အရည်အသွေးမပြည့်မီတဲ့မြန်မာထုတ်ကုန်တွေကို လက်လီရောင်းချတဲ့ဆိုင်တွေမှာ တင်သွင်း ရောင်းချတာ မပြုလုပ်ဖို့နဲ့ မစားသုံးကြဖို့ FSIS က ထုတ်ပြန်ထားပါတယ်။
FSIS ရဲ့ စာရင်းမှာ ဖော်ပြခံရတဲ့ကုန်အမှတ်တံဆိပ်တစ်ခုကတော့ USDA သတိပေးအကြောင်းကြားမှုကို အပြည့်အဝ တာဝန်ယူပြီး နစ်နာမှုတွေကို တာဝန်ယူမှာဖြစ်သလို မြန်မာက အသားငါးထုတ်ကုန်ပစ္စည်းတွေ ရောင်းချခွင့်မပေးတာကို မသိဘဲ ရောင်းမိတဲ့အကြောင်းနဲ့ ကြိုတင် အကြောင်းကြား ဖြေရှင်းပြီးပြီလို့ ပြောထားပါတယ်။
အင်းတော်မှာ တိုက်ပွဲဆက်ပြင်းထန်နေ
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ် နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား ဒီနေ့ သြဂုတ် ၁၈ ရက်အထိ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ စစ်ရေးအရင်းအမြစ်တွေဆီက သိရပါတယ်။
၁၅ ရက်နေ့က စတင်ဖြစ်ပွားတဲ့ သုံးရက်ကြာ တိုက်ပွဲအတွင်း အင်းတော်မြို့နယ်ထဲက နဘားလမ်းဆုံကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်နိုင်ပြီလို့ ပြောပါတယ်။
“ဖုန်းလိုင်းတွေအကုန်အဖြတ်ခံထားရတော့ အသေးစိတ်မပြောနိုင်သေးဘူး။ နဘားလမ်းဆုံတော့ရပြီဗျ” လို့ ကသာခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ရွှေဘို-မြစ်ကြီးနားအဝေးပြေးလမ်းပေါ်က နဘားရွာလမ်းဆုံမှာ စစ်ကောင်စီက ဂိတ်စခန်း ဖွင့်လှစ်ထားပြီး ဒီနေရာကို တော်လှန်ရေးအင်အားစုတွေက မကြာခဏဝင်ရောက်တိုက်ခိုက်လေ့ရှိပါတယ်။
ဒီလမ်းဆုံကနေဆိုရင် အင်းတော်မြို့ထဲကို ရောက်ဖို့ ၄ မိုင်နီးပါးပဲ ဝေးတော့တာဖြစ်ပါတယ်။
စစ်ကောင်စီသတင်းတွေဖော်ပြနေတဲ့ တယ်လီဂရန် ချန်နယ်တွေကတော့ တော်လှန်ရေးအင်အားစုတွေ မြို့ထဲမဝင်လာအောင် စစ်တပ်က တားဖို့လိုတယ်ဆိုပြီး ဒီနေ့ မနက်ပိုင်းမှာ ရေးသားဖော်ပြနေကြပါတယ်။
အင်းတော်မြို့ပေါ်မှာ မြို့ခံတချို့ပိတ်မိနေဆဲလို့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်ရေးသားနေကြပေမဲ့ ဖုန်းလိုင်း ဖြတ်တောက်ခံထားရတာကြောင့် အရပ်သားတွေအခြေအနေထပ်မံသိရှိနိုင်ဖို့ ဘီဘီစီက ကြိုးစားနေပါတယ်။
မြေပြင်စစ်ရေးသတင်းတွေကို ဖော်ပြနေတဲ့ အင်းတော်ရီဗော်လူးရှင်း (IR) လူမှုကွန်ရက် စာမျက်နှာမှာတော့ အင်းတော်မြို့ထဲကို စစ်ကောင်စီတပ်က မနေ့ညနေ ပိုင်းလာ လာရောက်ဗုံးကြဲသွားတယ်လို့ ရေးသားဖော်ပြထားတာတွေ့ရပါတယ်။
မြန်မာစစ်တပ်ကို ဆက်ပြီးဖိအားပေးဖို့ အမေရိကန်နဲ့ တော်လှန်ရေးအင်အားစုတွေ သဘောတူဆွေးနွေး
မြန်မာစစ်တပ်ရဲ့ လမ်းကြောင်းပြောင်းလဲလာဖို့အတွက် အရေးပါတဲ့ဖိအားပေးရေးကို ဆက်ပြီးဆောင်ရွက် သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့နဲ့ တွေ့ဆုံချိန်မှာ သဘောတူဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်ဘက်က ထုတ်ပြန်လာပါတယ်။
လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးတွေကို ထပ်တိုးချဲ့ပြီး တိုက်ရိုက်ပေးနိုင်အောင် အမေရိကန်က ဆောင်ရွက်မယ့်အပြင် တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးနယ်မြေတွေမှာ ပြည်သူ့အုပ်ချုပ်ရေးကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်အောင် ကူညီဖို့ရှိနေပါတယ်။
သြဂုတ် ၁၅ ရက် အွန်လိုင်းက တွေ့ဆုံပွဲကို အမေရိကန်ဘက်က နိုင်ငံခြားရေးအတိုင်ပင်ခံ တွမ်ဆူလီဗန် ၊ အမေရိကန်နိုင်ငံရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ အကူညီပေးရေးအဖွဲ့ (USAID) ဒုတိယအကြီးအကဲ မီရှဲလ် ရှီဖ်ဖာတို့ တက်ရောက်ခဲ့တာပါ။
မြန်မာဘက်ကတော့ NUG ယာယီသမ္မတ ဦးဒူဝါလရှီးလ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတောနီး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က တာဝန်ရှိသူတွေက တက်ရောက်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံကတော့ ဘယ်အဖွဲ့အစည်းမဆိုရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို လက်မခံကြောင်း အလေးပေးပြောခဲ့ပြီး အာဆီယံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှာ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။
ဒါဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်အပြီး အချိန်ကိုက်အခုလို တွေ့ဆုံမှုတွေထွက်ပေါ်လာတာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားပါတယ်။
ဒီပဲယင်းမြို့ကို တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သုံးရက်ကြာတိုက်ခိုက်ပြီးနောက် ဒီနေ့ သြဂုတ် ၁၈ရက်မနက်အစောပိုင်းမှာ မြို့ကိုသိမ်းပိုက်နိုင်ပြီလို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
“မနေ့ည ၁၁ နာရီခွဲမှာ နောက်ဆုံးခံတပ်ကို သိမ်းလိုက်တာ၊ ၁ နာရီမှာ အောင်မြင်စွာ မြို့ကိုသိမ်းလိုက်နိုင်ပြီ” လို့ မြေပြင်စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒီပဲယင်းမြို့လယ်က စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်ကတည်းက စတင်ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီတပ်ဖွဲ့တွေရှိရာ အချုပ်ခန်း၊ ရဲစခန်း၊ ရွှေဇာလီဘုရားကုန်းနဲ့ ဇွဲစားသောက်ဆိုင် စတဲ့နေရာတွေမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်တပ်က လေကြောင်းနဲ့လည်း အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသိရှိသူတွေက ဆိုပါတယ်။
မနေ့တစ်ရက်တည်းမှာတင် Y – 12 သယ်ယူပို့ဆောင်ရေးလေယာဉ်ရော၊ Mi 35 ရဟတ်ယာဉ်တွေပါ အသုံးပြုပြီး စစ်ကောင်စီတပ်က အကြိမ် ၂၀ နီးပါး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒါကြောင့် ဒီပဲယင်းမြို့ဟာ စစ်ကိုင်းတိုင်းအောက်ပိုင်း အညာမြေပြန့်လွင်ပြင်မှာ တော်လှန်ရေးအင်အားစုတွေ ပထမဆုံး ထိန်းချုပ်နိုင်တဲ့မြို့လည်းဖြစ်လာပါတယ်။
အခုလိုသိမ်းပိုက်နိုင်တာနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနဘက်ကရော စစ်ကောင်စီဘက်ကပါ တစုံတရာထုတ်ပြန် လာတာမရှိသေးပါဘူး။